Tuesday, September 23, 2008

“ မြတ်ဗုဒ္ဓသို့ ရှာဖွေခြင်း ”




ကျနော်ကလည်း ရိုက်သလောက် မမှတ်ပါဘူး...။ ငိုရတာကလည်း ခဏခဏပါ...။ ကျနော် ငိုနေပြီဆိုရင် ဘေးအိမ်က အဘိုး ကျော်ဒင်က လာခေါ်သွားတာပါဘဲ...။ အဘိုးကျော်ဒင်ဆိုတာ နာဂ အဘိုးကြီး တယောက်ပါ...သူ့ သမီးက သားဖွားဆရာမ ၊ သူတို့  နေတာက မိခင်နှင့် ကလေး စောင့်ရှောက်ရေးဌာန အိမ်လေးမှာပါ..။ကျနော်တို့ အိမ် နဲ့  လမ်းတခုဘဲ ခြားတာ။။
အဘိုးတို့ က ခရစ်ယာန် ဘာသာ ဗျ..။ ကျနော်ငိုနေရင် သူ့ အိမ်ကို ခေါ်သွားပါတယ်..ပြီးတော့ ရှိုက်ငိုနေတဲ့ ကျနော့်ကို မုန့် တစ်ခုခု ကျွေးပြီး....ခရစ်ယာန် ကျမ်းစာအုပ်ကို ဖတ်ပြတော့တာပါဘဲ..။ ကျနော်ကလည်း နားထောင်ပါတယ်..။
ယေရှုကိုတော့ ကျနော် ချစ်ပါတယ်..သူလည်းတော်တော် သီးခံနိုင်တာဘဲလေ..။ ဒီလိုပါရမီက ရှားပါတယ်..။
အဘိုးကလည်း သီးခံခြင်း တရားကို အထူး ဖတ်ပြ ၊ ပြောပြပါတယ်...
ကိုယ့်ရဲ့ ညာဘက်ပါးကို ရိုက်ရင် ၊ ဘယ်ဘက်ပါးကိုပါ ထိုးခံပေးဘို့ ...ဒါတွေလည်း ကျနော်သင်ရပါတယ်...။ ဒါပေမယ့် သူတို့ ခရစ်ယာန် ကျမ်းထဲက နာမည် တော်တော်များများက ၊အစ္စလာမ် ကျမ်းတွေထဲက နာမည်တူတွေ တော်တော်များတာ...။( သခင် ညိုသောင်းရဲ့ ဘာသာကြီး၎ရပ်ထဲမှာတော့ အစ္စလာမ်ဘာသာက ခရစ်ယာန် ဘာသာထက် နောက်ကျပြီးမှ ပေါ်လာတာ လို့ ဖတ်ရပါတယ်)..။
ဒါပေမယ့် ကျနော် သီးခံတာကို စတင် လေ့ကျင့်ပါတယ်...။
အကိုကြီးတွေက တခါတခါ တစ်ခြားသော ကိစ္စတွေနဲ့ စကားများလို့ ရိုက်ရင်လဲ၊ ကျနော်ဘာမှ ပြန်မလုပ်တော့ဘူး..။ ဒီအတိုင်းငြိမ်ခံနေတာ( အရင်က ပြန်ချတယ်ဗျ...အကိုကြီးက ကရာတေး သမား၊ အကိုလတ်က ဗန်ဒို..သူတို့ လေ့ကျင့်တာကို ကျနော်က လိုက်ကျင့်တာ...သူတို့ ကျနော့်ကို ဆော်ရင် သူတို့ အကွက်နဲ့ ဘဲ ၂ခုပေါင်းပြီး ချတာ...ဘာကွက်မှန်းတော့ ကိုယ့်ဟာကို မသိပါဘူး...သူတို့ လဲထိတာပါဘဲ)...။ အဲဒိလိုငြိမ်ခံနေပြန်တော့လဲဗျာ “ ဘာလည်း မင်းက မမှုတဲ့ သဘောလား....မင်းအတွင်းအားက တော်တော်အဆင့်မြင့်နေပြီလားဆိုပြီး” ထပ်ချပြန်ရော...။သူတို့ စိတ်ထဲမှာ ကိုယ့်ကိုများ ရှောင်လင်ဘုန်းကြီးထင်နေလားမသိ..။
နာတာပေါ့ဗျ...လူရိုးရိုးဘဲဟာ..။
ဒါနဲ့ ကျနော်လည်း အဘိုးကို ပြောရတာပေါ့ “ အဘိုး သူတို့ ဟာကလည်း သီးခံလေ ပိုဆော်လေပါလား” ဆိုတော့...
အဘိုးကလည်း အားပေးပါတယ်...
“ ခံနိုင်သလောက်သာ ဆက် ခံ၊ မခံ နိုင်တော့ရင် အဘိုးဆီ ပြေးလာခဲ့ ” တဲ့..။
ဘာဘဲ ပြောပြောပါ..အဘိုး ဖတ်ပြတဲ့  ခရစ်ယာန် ကျမ်းစာလေးတွေက ရင်ကိုတော့ အမော ပြေစေတာ အမှန်ပါ...ဒါပေမယ့်
ကျနော် ကျမ်းဟောင်းတော့ မကြိုက်ဘူး...ကျမ်းသစ်ကိုဘဲ ကြိုက်တာ..။
နောက်ပိုင်း အဘိုးတို့ မိသားစု ရန်ကုန်ကို ပြောင်းသွားကြပါတယ်..သူ့ သမီး ရာထူးတက်လို့  ပြောင်းရတာပါ...ဆရာမကြီး နာမည်တောင် မှတ်မိပါသေးတယ်...ဒေါ်ခင်မြဒင်..တဲ့ .။
ကျနော်လည်း အဘိုး မရှိတော့ ပိုအားငယ်မိပါတယ်...။ ပြသနာတွေကလည်း ပိုများပါတယ်..။
၇ တန်း ကျောင်းသားဖြစ်လာတော့ စာတွေ ပို ဖတ်ဖြစ်လာပါတယ်...( စကားမစပ် ပြောပါရစေ..မမိုး( မမိုးချိုသင်း) ကွန်မန့် တခု ထဲမှာ
အဖေရောသားရော အစွန်းရောက်တွေပါလားတဲ့....မမိုး တွေးတာ တော်တော်မှန်ပါတယ်..) စာကြည့်တိုက်တွေမှာ ဘာသာရေးနဲ့ပါတ်သက်တာတွေ ရှာဖွေရင်းကနေ“ သခင်သန်းထွန်း ပ+ဒု” ကို ဖတ်မိပြီးတော့ စိတ်တွေ ရိုင်းလာပါတယ်...ဖိနှိမ်ခံများတော့.....
ပေါက်ကွဲလာတဲ့ သဘောပါ...။ ကြောက်တတ်တာတွေ နည်းလာပါတယ်...။
အိမ်မှာ အဖေ စကားပြောရင် ဘယ်သူမှ မျက်လုံးလှန် မကြည့်ရဲပါဘူး...ကြည့်ရင် အဖေ ကလည်း အာခံတာလား ခြေရာတိုင်းတာလားဆိုပြီး ရိုက်ပါတယ်...။
ကျနော် အဖေ နဲ့ စကားပြောရင် ပြန်စိုက်ကြည့်ပါတယ်...အဖေက မင်းက ဘာကောင်မို့ ကြည့်တာလဲ ဆိုရင်...
“ ကိုယ့် အဖေကို သားတစ်ယောက် က ပြန် ကြည့်ပိုင်ခွင့် မရှိဘူးလား” လို့ ပြန်မေးရဲ လာပါပြီ။
ဘေးက အမ ကတော့ အဖေ မမြင်အောင် ဆွဲဆိတ်ပါတယ်..။
အဖေက အဲဒီကြမှ “ ကြည့်ရင်ရိုးရိုးကြည့်...မိုက်ကြည့်တော့ မကြည့်နဲ့ လို့ ပြောပြီး ထွက်သွားပါတယ်..။
အမက တော့ ပြုံးစိပြုံးစိနဲ့ ...ကျနော်ကို သဘောတွေကျပြီး...မုန့် ဘိုးတွေ ဘာတွေ ပေးပါတယ်..။
ဒီလိုနဲ့ ဘဲ ကျနော့်ဘ၀ အကြီးအကျယ် ပြောင်းလဲ စေဘို့  အချိန်ကျလာခဲ့ ပါတယ်...။
ပြသနာက ကျနော့် အထက်က အကို( ယခု အင်ဂျင်နီယာ) နဲ့ ပါ..။ ကျနော်တို့  ဘော်လုံးကန်ကြပါတယ်...ဘော်လုံးကွင်းက အိမ်ရှေ့ မျက်နှာစာမှာပါ...အိမ်ရှေ့ ဝရန်တာက ကြည့်ရင် အတိုင်းသား တွေ့ ရပါတယ်...။ မာမီ က အိမ်ရှေ့ ဝရန်တာ မှာ ၀တ္တုဖတ်နေတာပါ...။
ဘော်လုံးကန်တော့ ကျနော်က တစ်ဖက်သင်း..အကိုက တစ်ဖက်သင်းပါ... လူငယ်တွေ အပျော် ကစားတာဘဲဗျာ..ဒိုင်တွေ ဘာတွေ ဘယ်ပါမှာလည်း...။
အဲဒီမှာ အကို ကညစ်တော့ စကားများကြတာပေါ့...သူ့ လက်ထိတာကို ကျနော်တို့ ဂိုးသမားက တွေ့ တော့ ပြောတာပါ ၊ သူကလက်မခံတော့ ကျနော်နဲ့ ဆက်ဖြစ်တာပါ...အဲဒီမှာ အမေက လှမ်းကြည့်နေတာ ဖြစ်မှာပါ...။
အကိုက မဆဲသင့်တဲ့ စကားလုံးနဲ့ “ ငါ............သား” ဆိုပြီး ဆဲပါတယ်... ကျနော်က ညီအကိုချင်းဒီလို မဆဲသင့်တဲ့ အကြောင်းပြောတော့ သူက လဲ ဆဲတော့ ဘာလုပ်ချင်လည်း ဆိုပြီး နောက်တစ်ခွန်း ထပ်ဆဲပါတယ်...ကျနော်လည်း ဒီအမေကဘဲ မွေးထားတာပါ ..အမေကိုထိတော့ ကျနော် မွှန်သွားပါတယ်... ဒေါသဖြစ်ပြီး ဘယ်ခြေထောက်နဲ့ ကစ်ပစ်လိုက်တာ.. အရှိုက်ထိပြီး..
မြက်ခင်းပေါ်မှာ ဆန့် နေတာဘဲ ၊ ခေါ်လို့ တောင်မရတော့ဘူး...။
ကံဆိုးချင်တော့ အမေက ကျနော် ကန်တာကို ဘဲ မြင်လိုက်တာပါ...ဝေးနေတော့ ဆဲတာကို မကြားပါဘူး....။
အကို့ ကို ကစားဖော်တွေက ၀ိုင်းထမ်းပြီး အိမ်ကို သယ်လာကြတာပေါ့...။ ကျနော့် အမေဗျာ...ဘာဖြစ်လို့ နင်ရိုင်းစိုင်းတာလဲဆိုပြီး ..ရိုက်လိုက်တာ...။ ကျနော် သူဆဲတဲ့ အကြောင်း ပြောပြလဲ မရပါဘူး...ကျနော်လွန်တယ်တဲ့ ...။
သူငယ်ချင်းတွေ ၀ိုင်းပြောလဲ လက်မခံပါဘူး...။ ရိုက်တာဗျာ ရက်ရက်စက်စက်ဘဲ...။
ကိုယ်ကလည်း ဘော်လုံးကန်နေတာ ဆိုတော့ အကျီ င်္ ၀တ်ထားတာမဟုတ်။ အားကစားဘောင်းဘီတိုလေးနဲ့ ..။
တုတ် ဘယ်နှစ်ချောင်းကြိုးလဲဆိုတာ ကျနော်မသိဘူး....အမေပြောတယ်.....။
“ နင်မျက်ရည်ကျမှ ၊နာတယ်ပြောမှ ငါရပ်မယ်” တဲ့ ..။ သြော် ..မာမီရယ်...ကိုယ့်အမေကို ထိပါးပြောလို့ လုပ်မိတာကို...
နာတယ်ပြောမှ ၊မျက်ရည်ကျမှ ရပ်မယ်ဆိုတော့....မာမီရိုက်တာထက်...အမေနဲ့ ကိုင်ဆဲခံရတာက ပိုနာတာပါ...
ကျနော် အမေ့သားပါ..။
အမေကဲပာလဲပြော ရိုက်လည်းရိုက်ပါ....ကျနော် မျက်ရည် မကျပါဘူး...ခန္ဒာ ကိုယ်ကတော့ တော်တော်နာနေပါပြီ...။
ဘေးက အမ ဆွဲတာလည်း မရပါဘူး....ကျနော့် ကျောပြင်လဲ စုတ်ပြတ်နေလောက်ပါပြီ...။
ငယ်သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်...ဘေးကနေ အော်ပေးကြတာလေ...
“ ဟေ့...ညီညီ နာပါပြီ လို့ မင်းပြောလိုက် လေ...ငို ချလိုက်ကွာ” နဲ့  ခြံစည်းရိုးကြားက အော်နေကြတာ..။
နောက်ဆုံး မာမီ မောသွားမှ ..အမကို ဆေးလိမ်းခိုင်းပါတယ်...အမကလည်း ငိုတာပေါ့...ကျောက အထိတောင် မခံနိုင်တဲ့ ဟာ..။
ပရုပ်ဆီတွေ လိမ်းတော့ စပ်တာပေါ့...။
ပြီးတာနဲ့ အဖေ အပြင်က ရောက်လာတော့ ဘာဖြစ်နေတာလဲမေးပြီး ...အမိန့် ချပါတယ်..သူတို့ အချစ်တော်သားလေးကိုမှ ထိသွားတာကိုး..။ ခြံပြင်ထုတ်ပြီး သော့ခတ်ထားလိုက်တဲ့ ။
ကျနော် ခြံ ရှေ့ က တမာတုံးကြီးပေါ်မှာ ငိုနေမိပါတယ်...စကားသံတောင် မထွက်နိုင်တော့ပါဘူး...ချမ်းကလည်းချမ်းတာပေါ့...
အရမ်းမောပြီး ပင်ပန်းလွန်းနေတော့ လှဲချချင်တာနဲ့ ....တမာတုံးပေါ်မှာဘဲ အသာလေး လှဲချ မိပါတယ်....။
နောက်ဆိုးဝါးလွန်းတဲ့  ကံ ကို တွေး နေရင်းကနေ ......ဟိုးအဝေးက အသံ တစ်ခုကို ကြားမိပါတယ်...။
ဟိုး မြို့ လယ်ခေါင် သက်တော်ရှည်၊ သက်တော်ရ ဘုရားဘက်ကအသံပါ..။ တခြား မဟုတ်ပါဘူး....ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး တရားဟောနေတာပါ...အသံချဲ့ စက်နဲ့ ဆိုတော့ လေ အဝှေ့ နဲ့ ကြားရတာပါ...။
အယင်က ဘာသာခြား ဘုန်းကြီးရဲ့  တရားတွေကို လုံးဝ နားမထောင်ဘူးပါဘူး....။
သာယာ အေးမြလိုက်တာဗျာ...နားထဲမှာ ဖော်မပြတတ်အောင်ပါဘဲ...။ ဘုန်းကြီးဟောနေတာက လောဘ၊ ဒေါသ၊ မောဟ တရားတွေရယ်... သံသရာမှာ အဖန်ဖန် ကျင်လည် ကျက်စားနေရတဲ့ သတ္တ၀ါတွေရဲ့ ဘ၀ အမျိုးမျိုး...အတိတ်ဘ၀ ပြုဘူးသောကံ ကြောင့် လက်ရှိရနေသော ဘ၀မှာ အကြွေးပြန်ဆပ်ရတဲ့ အကြောင်း......ဟာဗျာ...ရင်ထဲကို စိမ့် နေအောင် ၀င်သွားတာ...
ပြီးတော့ ကျနော် နားထောင်ရင်း အိပ်ပျော်သွားရာကနေ...ထူးဆန်းတဲ့ အိပ်မက်ကို မြင်မက်ရတော့ တာပါဘဲ...( အိပ်မက်ကိုတော့
ရေးမပြတော့ပါ...ရင်းနှီးစွာဖြင့် မေးလာလျှင်.. မေးလ်မှ တစ်ဆင့် ပြောပြနိုင်ပါသည်...ပြောပြလည်း ယုံနိုင်ရန် မလွယ်ပါ)..။
အိပ်မက်ကနေ လန့် နို့ လာပြီးတော့ ကျနော် ကြက်သီးတွေ ထပြီး.....ကျနော် ဘာကို လုပ်ကို လုပ်ရတော့မယ်ဆိုတာ သိခဲ့ ရပါတော့တယ်..။ အဲဒီနောက်တော့ ၉တန်းစာမေးပွဲ နောက်ဆုံးနေ့ မှာဘဲ အိမ်မှ အပြီးထွက်ခွာလာခဲ့ပြီး...ကိုယ်ယုံကြည် ချက်အတိုင်း...ရှာဖွေ ဆည်းကပ်လေ့လာခဲ့ ပါတော့တယ်...။
လေ့လာလေ တွေ့ ရှိလေ...သိမြင်လာလေ နူးညံ့လေ...ဖြင့်...
မိမိ သိရှိ ရရှိထားသော တရားအလုံးစုံအား ကြိုက်သလို မေးခွင့်ရှိသော.......
ငါပြောတိုင်း မယုံနဲ့ လက်တွေ့ လုပ်ကြည့်ပြီးမှ ယုံဟု....ရင်ကိုဖွင့်ကာ သတ္တ၀ါတို့ အား မေတ္တာ ဖြန့်ကျက်တော်မူသော...
လက်တွေ့  စမ်းသပ်ခံနိုင်သော.....တံခါး ပိတ်မထားသော...ကျနော် လေးစား မြတ်နိုးလှသော.....
“ မြတ်ဗုဒ္ဓ” အား ရှာဖွေ တွေ့ ရှိခဲ့ ရပါတော့သည်...။ ဆည်းကပ် ကိုးကွယ်ခဲ့ ပါသည်...။
တရားတော်ကိုလည်း နိုင်သမျှ ကျင့်ကြံ အားထုတ် နေခဲ့ ပါတော့သည်....။

(စာကြွင်း) လူတစ်ယောက်သည်...မိမိ ယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိကြပါသည်....မည်သည့် ဘာသာမဆို သူ့ အတိုင်းအတာ သူ့ ယုံကြည် ချက်နှင့်တော့ ကောင်းကြမှာအမှန်ပင် ဖြစ်ပါသည်...ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ ဘူးပါသည်၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ ဘူးပါသည်)
ကျနော် ငယ်ဘ၀ အမြင်နှင့် ခံစားချက်များကိုသာ ရေးသားခြင်းဖြစ်သည့်အတွက် မည်သူနှင့်မျှ မငြင်းခုန်ချင်ပါ...။အားလုံးတော့
ကိုယ်ယုံကြည်ရာ ကောင်းမှာပင်..။ ကျနော့်ဘ၀ အကျိုးပေးရှေးရေစက်၊နှင့် ဆုတောင်းမှုကြောင့် သာ ဒီလို အဖြစ်မျိုးတွေ ကြုံခဲ့ ရခြင်း
ပင်ဖြစ်ပါသည်..။
ကြက်ဟင်းခါးစေ့ကို ဗူးပင်ကြားမှာ စိုက်သော်လည်း ခါးသော ကြက်ဟင်းခါး အသီးသာ သီးပါလိမ့်မည်...။
မျိုးစေ့မှန်မှ အပင်သန်ပါလိမ့်မည်....။


အားလုံးသော ဘာသာဝင်အပေါင်းအားလေးစားလျှက်
သစ်နက်ဆူး

9 comments:

Moe Cho Thinn said...

မဆိုးဘူး။ နူးညံ့လာပြီဟေ့။
အဘိုးဦးကျော်ဒင်ပြောတဲ့ ခံနိုင်သလောက် ဆက်ခံ၊ မခံနိုင်ရင် ငါ့ဆီ ပြေးလာခဲ့ ဆိုတာတော့ ကြိုက်သွားပြီ။ မခံနိုင်ရင် ပြန်ချပေါ့ကွ လို့ ပြောမလား မှတ်တယ်။ အင်း..ရန်ရှောင်တဲ့ သဘောပေါ့လေ။
အခုလို အရင်က မှတ်တေးထားတာတွေ ဒီလို စာရေးပြီး ရင်ဖွင့်လိုက်တော့ စိတ်ပေါ့ပါးသွားတာပေါ့။ အဲဒါ ဘလော့ဂ်လုပ်ခြင်း အကျိုးပဲ။
သိရ ခင်မင်ရတာ ၀မ်းသာပါတယ် မောင်လေးရေ။

... said...

ကိုသစ်ရေ...
မမိုးချိုပြောတာမှန်တယ်..တော်တော်လေးပျော့ပြောင်းလာတယ်...နူးညံမှူတွေကိုတွေ့လာရတယ်... ဆရာဦးဆန်းလွင်လိုဖောက်ထွက်တဲ့လူတစ်ယောက်
ကိုတွေ့ရသလိုပါပဲ..
အိမ်မက်ကလေးကိုရေးသင့်တယ်လို့ထင်ပါတယ်..အိမ်မက်ကလေးကအကို့်ကိုတွန်းအားပေးလိုက်တဲ့အရာတခုဖြစ်စေမယ်လို့ထင်ပါတယ်....
ဖတ်သမျှထဲမှာဒီposts လေးကအရမ်းချမ်းပြီး၊မေတ္တာတရားတွေကိုမြင်ရတယ်..
ဆက်ရေးပါအုံး....မျှော်နေမယ်...
ရှင်းရှင်း

Heartmuseum said...

ကောင်းတယ်ဗျာ....အဆုံးထိ ဆွဲခေါ်သွားတယ်။

ပုံရိပ် / Pon Yate said...

ကိုသစ်နက်ဆူးရေ ဖတ်ရတာ မချိုသင်း ပြောသလို တထိတ်ထိတ်နဲ့။ တခါတလေ တကယ့် အဖြစ်အပျက်တွေက ၀တ္ထုဇာတ်လမ်း လိုပဲ။ ကိုသစ်နက်ဆူးရဲ့ သတ္တိနဲ့ သတိကို ချီးကျူးပါတယ်။

ပုံရိပ် တွေးမိတာကတော့ ဘာသာရေးဆိုတာ ကျင့်တတ်မှပဲ။ အစွန်းရောက်လွန်းရင် ဘာဟာပဲ ဖြစ်ဖြစ်မကောင်းဘူး ပေါ့နော်။ တခါတလေ လူတွေက ပြင်ဆင်ရင်းနဲ့ ဘာသာတစ်ခုဟာ နဂိုမူလ ကနေ လွဲချော်သွားတတ်တယ်။ (ဒီခေါင်းစဉ်က နည်းနည်း ထိလွယ်ရှလွယ်တယ်။ မှတ်ချက် ရေးရတာ နည်းနည်း လန့်လို့။ ဘယ်သူနဲ့မှ မငြင်းလို ပါဘူး။ အားလုံးမေတ္တာ ထားနိုင်ရင် ကောင်းတာပါပဲ။)

Taungoo said...

ကိုဆူး
သားအရင်းတော့ သေချာပါတယ်နော့။
အိပ်မက်?

TNS said...

အားလုံးကို ကျေူဇူးအထူးတင်ပါတယ်ဗျာ...။

g said...

U r good writer but not good thinker.
try best!
tat tar tway a kone htote write par byar.. maw lar yin lae pyaw Pepsi tot sprite tot ma tite naing bu. but yee sa yar tot taw taw kg tayy...
khin byar tat ti tot nae tay naw..
ae lo pyaw ya mhar taung kya naw win lay tay :P
ဆူး so tar traditional language a nay nae. so yin tot - pussy pop byar so tot (ဆူးပြတိုက်) so yin bar gye lae ?
name tot change lite par byar
yee sa yar gyi phyit nay lo. par

g said...

ကိုယ်ထင်တိုင်း ပုံသေကြီး မစွပ်စွဲပါနဲ့ဗျာ.. ပြန်မေးခွင့်မရှိတဲ့ ဘာသာဆိုပြီး ပြောမယ်ဆို.. အိန္ဒိယနိုင်ငံက နာမည်ကျော် ဒေါက်တာ ဇကရ် နိုင်ငံတကာလှည့်ပြီး ဘာသာခြားပညာရှင်တွေရဲ့ စိန်ခေါ် မေးမြန်းမှု မှန်သမျှကို ဖြေပေးနေမှာ မဟုတ်ပါဘူး.. ဒီတော့ တစ်ဖက်တည်း အမြင်နဲ့ မရေးနဲ့ဗျာ... မျက်မမြင် ၆ ယောက် ဆင်စမ်းသလို ဖြစ်နေတယ်... သိပံနည်းအရ မှားနေတယ် ဆိုရင်လည်း သေးသေးမွှားမွှားလေး ရေသောက်တာကအစ၊ (နားနဲ့မနာ ဖ၀ါးနဲ့နာပါ) ရှင်ပြုတာကအဆုံး အစ္စလာမ်တရားတော်အရ လမ်းညွှန်ချက်တွေကို ကမ္ဘာက ဒေါက်တာတွေ၊ သိပံပညာရှင်တွေ ဘယ်လို စမ်းသပ်ပြီး ဘယ်လို မှန်ကန်ကြောင်း လက်ခံထားတယ်ဆိုတာ ခင်ဗျား မကြားဖူးလို့ ဖြစ်ပါလိမ့်မယ်... ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ကိုးကွယ်တဲ့ ဘာသာ ဖြစ်တဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်နေသူတွေက ခင်ဗျားပြောသလိုဆို ဘာမှ မသိဘဲ မျက်ကန်း ကိုးကွယ်နေသူတွေပေါ့... အဟက်.. ငယ်ဘ၀ ဆိုပေမယ့်လည်း ကြည့်ကျက်လည်း ရေးပါဗျာ... ၂၀၁၀ ရွေးကောက်ပွဲကလည်း နီးလာပီဆိုတော့ ထင်ယောင်ထင်မှားတောင် ဖြစ်မိတယ်... :) :)

မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ်
(p.s- change your blog name . :P "SU" ???)

Than Htun said...

ဘယ်သူတွေ ဘယ်လိုဝေဖန် ဝေဖန်ပါစေ အခုခေတ်မှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ရေးပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိတယ် ဘာသာတရားတစ်ခုကို မျက်စိမှိတ်ယုံမှ လူရာဝင်မဲ့ခေတ်လဲမဟုတ်ဘူး။ ဒီတော့ကိုယ်ရေးတာ ကိုယ့်ယုံကြည်ချက်ပဲ။ ဆက်ရေးဗျာ အားပေးတယ်။ ကျုပ်ကိုယ်လဲ မှန်တာကိုပဲ မြတ်နိုးတယ်
အမှန်တရားမြတ်နိုးရာမှာ အဲဒီအမှန်တရားကို ထုတ်ဖေါ်ခွင့်လဲရှိရမယ်။ အားပေးတယ် ဗျာ ဆက်ရေးပါ။