Saturday, June 15, 2013

                                          ဆေးတံ သောက်သူများ






Thursday, February 7, 2013

ချစ်သူရဲ့ ပုဝါပါး

နွမ်းကြေတဲ့ ခြေလှမ်းများစွာနဲ့ ငေးမောခြင်းကို အဖော်ပြုရင်း အိမ်အပြန်တောင်ကုန်းလေးကို
တက်လာခဲ့၇င်း ကိုယ့်ကိုကို သတိပြုမိတော့ ဒီလောက်အေးတဲ့ ရာသီမှာတောင် လက်၂ဖက်လုံး ချွေးစေးတွေ ။ ဘာဖြစ်တာလဲ...
ပန်းချီကျောင်းမှာ ခင်မင်ရင်းနှီးခဲ့ တဲ့ ပန်းချီကိုနေမျိုး( စာရေးဆရာ နေမျိုး မန္တလေးကို သတိ၇နေတယ်..။ ချိုင်းထောက်၂ဖက်နဲ့ သီချင်းဆိုနေတဲ့ ချင်းအဆိုတော်မလေး မီလာနျန်းကို မျက်စေ့ထဲ မြင်လာတယ်...
အရောင်တွေ ..ဆေးရောင်စုံတွေ.. ရောင်စုံပ၀ါပါးတွေလို တစ်လွှာချင်း တစ်လွှာချင်း ကိုယ့်ရှေ့ မှာ
လွှမ်းခြုံလာတယ်... မောလိုက်တာ..ရင်ဘတ်ထဲမှာ နင့်နေအောင်မောလိုက်တာ...
အရောင်တွေကို ခင်တွယ် ကစားနေတဲ့  ပန်းချီသမားတယောက်က အရောင်တွေရဲ့ အတ္တကို
ကိုယ်နားလည်သလောက် ခွဲခြမ်းမိတယ်..
အတ္တ...
ဖြူစင်လွန်းပါတယ်ဆိုတဲ့ အဖြူရောင်မှာတောင်..အဖြူ ဆိုတဲ့ အရောင်အတ္တစွဲနဲ့ ပါလား..
နီ ...၀ါ ...ပြာ......စိမ်း.... ခရမ်း...နက်ပြာ...........
အို...ရှိသမျှ အရောင်တွေ..
အားပြိုင်နေတဲ့ အရောင်တွေ...
ကိုယ့်ရပ်တည်မှုအတွက် ကိုယ်က ဘာအရောင်ပါဆိုတာ သက်သေထူဘို့  အမြဲ ကြိုးစားနေတဲ့  အရောင်တွေ...
ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ ဆရာမင်းကျော်ရဲ့ ( အဖြူကို မည်သူ အနက်ဆိုးသနည်း ) ဆိုတဲ့
အမျိုးသား စာပေ ဗိမာန်ဆူရ စာအုပ်လေးကို သတိရတယ်...
တကယ်တမ်း ပန်းချီဆွဲသက်ရ လာတဲ့ အခါ ဖြူစင်တဲ့ အရာ တခုကို တခြားအရောင်တွေက
ဖျက်ဆီးလို့ ရသလို တချို့ အရောင်တွေကိုလဲ အဖြူက ဖုံးအုပ်နိုင်စွမ်း ရှိတာကို သိလာရတယ်...
တကယ်တန်းဆိုတော့လဲလေ.....
အရောင်တွေတိုင်းမှာ အတ္တစွဲ ရှိတယ်လို့ ပြောနေတဲ့ ပန်းချီဆရာ ကိုယ်တိုင်ကဘဲ....
ဒီအတ္တရောင်တွေကို ကင်းဗတ်စပေါ်မှာ အကွက်တကျ နေရာတကျ ဖြစ်အောင် အတ္တဆန်ဆန်
ချယ်မှုန်းနေတာဘဲ။
ရောင်စုံ အတ္တတွေနဲ့ ချယ်မှုန်း အားပြိုင်နေတဲ့ ဒီကမ္ဘာလောကမှာ...
ဘာအရောင်ကိုမှ မချစ်ချင်တော့ဘူး.. ဘယ်အရောင်ကိုမှ အတ္တကင်းတယ်လို့  မထင်တော့ဘူး...
မောလိုက်တာ...ကိုနေမျိုးရေ..
အကို့ ကို ကွယ်ရာမှာ ဂေါက်ကြောင်နေတယ်လို့ ပြောတာကို ကြားတုန်းက ကျနော် အကို့ အတွက် နာကျင်ခဲ့ဘူးပါတယ်..
အကို နဲ့ ဒီအကြောင်းကို ပြောဖြစ်တော့ ကိုနေမျိုး ကျနော့်ကို ပြုံးပြီး ကြည့်နေခဲ့ဘူးတယ်..
ဟုတ်တာပေါ့...ဒီတုန်းက ကျနော်က ခလေးသာသာဘဲ ရှိသေးတာကို...
မီလာနျန်းရေ.. မင်းကို ဘုရးသခင် လက်ဆောင်ပေးထားတဲ့ ချိုင်းထောက်တစ်စုံလောက် ....
ငါလိုချင်မိတယ် ...
ဘာဘဲပြောပြော နှင်းလေတွေ တိုက်နေတဲ့ တောင်ကုန်းလေးမှာ...
တစုံတယောက်က ငါ့ကို ချိုင်းထောက်တွေ ပေးလာရင် ငါယူမိမှာပါ...
ငါ့ခြေတွေ မခိုင်တော့ဘူး ချင်းမလေးရေ...
ငါ အမောပြေစားရအောင် တောင်ကုန်းထိပ်ကများ အမ္ဗပ္ပါလီကများ သူပိုင်တဲ့ခြံထဲက သရက်သီး တလုံးကျွေးလာရင်လဲ ငါစားမှာပါ...
ငါက အတ္တကင်းတဲ့ သူတော်စင် မဟုတ်ပေမယ့်....
အမ္ဗပ္ပါလီကို ဘယ်တုန်းကမှ မကောင်းတဲ့ မိန်းမလို့  မတွေးခဲ့ဘူး...
တကယ်တော့လဲ.. တစ်ကမ္ဘာလုံး အတ္တရောင်တွေ ချယ်မှုန်းခံထားရတဲ့....
အရောင်ပျက်တွေဘဲမို့ လား...
ပန်းချီသမားဘဲလေ...
ဘာဘဲပြောပြော... အရောင်တွေနဲ့ လိုက်တမ်းပြေးတမ်းကစားနေရဦးမှာပေါ့...
.......
.......
ခဏ ခဏ သေရဖန်များတော့လဲ ဈေးကြီးမှန်းသိတာတောင် တန်ဘိုးကြီးတဲ့ သစ်နဲ့ ဘဲ
နောက်ဆုံးအကြိမ် သေချင်မိတော့တယ်..

သစ်နက်ဆူး

Sunday, February 3, 2013

မှီတွယ်ခွင့်


ပင်ဖျားကိုင်းဖျားမှာ..
ပွင့်ခွင့်ရတဲ့ပန်းလောက်
ရင်တဖိုဖိုနဲ့ လန်းဆန်းခွင့်ရတာ
ဘယ်သူနားလည်နိုင်ပါ့မလဲလေ....
ဘယ်အချိန်မှာ ...
ကိုင်းဖျား တချက်အခါ..
မြေမှာ ခ ရမလဲပေါ့...။ ။


သစ်နက်ဆူး 

Saturday, January 26, 2013

ဖန်ဆင်းခြင်း

             ဖန်ဆင်းခြင်း

အရာရာ ကြွေကျနေတဲ့ စကြ၀ဠာ
မြေကမ္ဘာ ရင်ကွဲနာကျနေပေမယ့်
လျှို့ ဝှက်အပ်သော နေရာမှာ
စပယ်ဖြူတွေ ပွင့်ခဲ့တယ် ... ။
...........
...........
ပိန်းနက် အက်ရှတဲ့ ညဥ့်တွေထဲ
မျက်ရည်နဲ့  အိပ်စက်
ပင့်သက်တွေ အလီတွက်ရင်း ...
ခံစားခြင်း  မဲ့တဲ့ ဘ၀ ...
.................
ညဥ့်တညရဲ့ တစ်ခဏ
စပယ်ရနံ့ တွေ သင်းခဲ့တဲ့နောက် ...
.............
မာယာတို့ ရေ....
မင်းတို့ ပြောသလို
ကမ္ဘာပျက်ချင်လဲ ပျက်ပါစေတော့ ...
ငါကတော့ ..........
စပယ်ရနံ့ တွေ ရှူရှိုက်ရင်း.....
ဘ၀ ခန္ဓာအသစ်နဲ့ 
အသက်ရှင်ခြင်းကို ထပ်မံပိုင်ဆိုင်။      ။

သစ်နက်ဆူး

Thursday, May 3, 2012

ရာစုမြစ်ရဲ့ သမိုင်း


ဟောဒီသွေးမြစ်ပေါ့.....
အဆင်းမလှတဲ့ သမိုင်းကို
မိုက်မိုက်ရိုင်းရိုင်း ကူးခိုင်းနေတာ...
ဝိဥာဉ်စီးချက် တိုင်ပင်ပျက်တွေနဲ့
နေ့ရော ညဥ့်ပါ။

ပြဿနာက.....
သမိုင်းကဘဲ သွေးဆာလို့လား....
သွေးကဘဲ သမိုင်းကိုရှာနေတာလား..
တစ်ရံ တစ်ခါ....
ကမ်းနားသစ်ပင်တွေကတောင်
လှောင်ရယ်ကြတယ်...
ရင်ဘတ်ဟောင်းလောင်းတွေနဲ့...။

ကြည့်ပါဦး......
မာန်ဖီရင်း ကူးခတ်....
အံကြိတ်ယင်း ၀ါးမျို...
မြင်ကွင်းအို တစ်ခုဆိုပေမယ့်
သမိုင်းကလည်း ပျောက်မှာမဟုတ်သလို
သွေးတွေကလည်း ခြောက်မှာမဟုတ်ဘူး..
အဲဒီလို..........
အရှိန်ပြင်းပြင်း စီးဆင်း
အားတင်းရင်း ကူးခတ်နေတာကိုက
သွေးနဲ့ရေးတဲ့သမိုင်းဖြစ်နေတာလေ...။

မယုံမရှိနဲ့မိတ်ဆွေ...
ကြည့်ချင်ရင် ဆက်ကြည့်နေလေ...
ပတ်မကြီးတော့ ထိုးမဖောက်နဲ့ပေါ့..
သမိုင်းကလည်း...
ကူးနေယင်း သစ်´လာလိမ့်မယ်
သွေးကလည်း.....
စီးနေရင်း နီရဲလာလိမ့်မယ်..
အဲဒါ ....
မြန်မာပြည်က မြစ်ရဲ့သမိုင်း..။ ။


သစ်နက်ဆူး

Monday, March 19, 2012

အသက်ဝင်လာတဲ့.....ကဗျာ.

 ကျနော် ဘလော့ဂ်ရေးစက...ဒုတိယမြောက် ပို့ စ် လေးပါ

Thursday, September 4, 2008

သွေးရောင်ရင့်တဲ့ ပန်းတစ်ပွင့်

အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။

မန္တလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အန္တတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။

သစ်နက်ဆူး

Sunday, February 20, 2011

ဒေါင်းဝိဥာဉ်

ကျနော်က အနုပညာလောကဘက်မှာ ကျင်လည်ခဲ့ တာဆိုတော့ ကိုယ်တွေ့ကြုံတာလေးနဲ့တစ်ခြားသူတွေဖန်တီးတဲ့ အနုပညာကို ယှဉ်တွေးကြည့်ရင်း အတွေးတခုပေါ်လာလို့  ဒီပို့ စ်လေးကို ရေးလိုက်ပါတယ်. 
ကျနော်တို့ မြန်မာ့ဇာတ်သဘင်လောကမှာ ဇော်က၊ ကိန္နရီ ကိန္နရာအက၊ဒေါင်းအကဆိုတာတွေ ရှိပါတယ်။
    ဇော်အက ကတော့ လူတွေနဲ့ ထူးခြားဆန်းပြားတဲ့ ဘုံဘ၀တခုက လူသားရဲ့ ခုန်ပျံကျော်လွှား၊ မြေလျှိုး
မိုးပျံတာတွေကို ဇာတ်စင်ထက်ကနေ ခန္ဒာကိုယ်ကို စတီးလ်ကြိုးနဲ့ ဆွဲပြီး ခုန်ပျံဝဲပျံ ကပြခြင်းပါ..။
     ကိန္နရီ ကိန္နရာအက၊ဒေါင်းအကဆိုတာတွေ ကတော့ ကျေးဌက်တရိစ္ဆာန်လေးတွေရဲ့ လှုပ်ရှားမှု၊
နေထိုင်ပျံသန်းမှု ဖိုမ ကျီစယ်ကြည်နူးမှုလေးတွေကို ဖော်ကြူးခြင်းပါ..။
   ဒီနေရာမှာ ပြောချင်တာက ဥပမာ ဒေါင်းအကဆိုပါစို့ ...
ဒေါင်းအကလို့ ဆိုလိုက်တာနဲ့  ၀တ်စုံက အတောင်ပံတွေပါမယ်..အမြီးတွေပါမယ်..ပြီးရင် ကိုယ်မှာ ကြိုးသွယ်ပြီး လေထဲမှာ ၀ဲပျံမယ်..ဒါထုံးစံဖြစ်နေတယ်..
     ဒါပေမယ့်ကျနော်တွေးမိတာက ဒေါင်းတကောင်ရဲ့ ဝိဥာဉ်ပါ..။
အမြီးတုမတတ်ဘူး၊ အတောင်တုမတတ်ဘူး၊ ကြိုးမဆွဲဘူး..ဒေါင်းအက ကပြပါလို့ ပြောရင် မင်းသားမင်းသမီးတွေက ပြောပါလိမ့်မယ်..ဘယ်လိုလုပ်ကရမှာလဲ...လို့ ..။ ကျနော်အပါအ၀င် အနုပညာ
လောကက အကသမားတော်တော်များများက အမြီး၊အတောင်၊ စတီးလ်ကြိုး၊ ဒေါင်းခေါင်းစွပ်.ပါမှ
ဒေါင်းတစ်ကောင်နဲ့ တူမယ်ထင်ထားတာကိုး...။
   တစ်ကယ်လိုအပ်တာက ဒေါင်းတစ်ကောင်ရဲ့ ဝိဥာဉ်ဘဲလို့ ထင်ပါတယ်..
ကတဲ့ ဒေါင်းဘဲ ဖြစ်ဖြစ်၊ခွပ်တဲ့ ဒေါင်းဘဲဖြစ်ဖြစ်( ဒေါင်းမကြီး မွေးတုန်းကတော့ ကဘို့ တစ်ကောင်၊ခွပ်ဘို့ တစ်ကောင်ဆိုပြီးမွေးတာမဟုတ်ပါဘူး....နှုတ်သီးပါလာတဲ့ အကောင်မှန်သမျှကတော့ အရေးကြုံလာရင် ဆိတ်ကြခွပ်တတ်ကြတာပါဘဲ)  ဒေါင်းတစ်ကောင်ရဲ့ မာနနဲ့ ဒေါင်းတစ်ကောင်ရဲ့ ဝိဥာဉ် ပျောက်မသွားဘို့ ဘဲ အဓိကပါ..။
      ကျနော်တို့ မြန်မာပြည်မှာလဲ ဒေါင်းတွေ အများကြီးပါ..ဒေါင်းကမွေးလာတဲ့ဒေါင်းမျိုးဆက်တွေလဲ အများကြီးပါ...အခြေအနေအရ..ဒေါင်းမြီးအတု..ဒေါင်းခေါင်းစွပ်တခုနဲ့ အတောင်ပံတွေ စတီးလ်ကြိုးတွေ
မပါဘဲ အသွင်ပြောင်းပြီး ဒေါင်းတစ်ကောင်ရဲ့ ဝိဥာဉ်ကိုဖော်ကြူးနိုင်ရင် ပိုပြီးကောင်းလာမယ်လို့ ယူဆမိပါတယ်..
   ဒါကလဲ တစ်ကယ့်ဒေါင်းမျိုးဆက်မှ ရမှာနော်..
ဒေါင်းလိုလို ဠင်းတလိုလိုဆိုရင်တော့  မလွယ်ရေးချမလွယ်ဘူး...
အောက်မှာ ဗီဒီယိုလင့်ခ်လေးတခုပါတယ်ဗျာ..ကြည့်ကြည့်ပါ...
အတောင်တု..ခေါင်းစွပ်တု..အမြီးတု.နဲ့ .ကြိုးမဆွဲတဲ့ ဒေါင်းတစ်ကောင်...။
    ကျနော်တို့ တစ်ကယ်လိုအပ်နေတာ...ညင်သာစွာနဲ့ ပြင်းထန်နေတဲ့ ဒေါင်းဝိဥာဉ်ပါ...။   ။

သစ်နက်ဆူး
ဗီဒီယိုကြည့်လို့ အဆင်မပြေရင် ဒီလင့်ခ်လေးကတဆင့်ကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=LvhBwwuEGS4&feature=related 

Tuesday, February 15, 2011

တစ်ကြောင်းဆွဲမျဉ်းရဲ့ ဒိုင်ယာရီ..၆

   
 
..ဖျားတာလဲ အကြာကြီးဘဲ..။
ထမင်းမာမာလဲ စား၇တာမဟုတ်တော့ ကြက်စွတ်ပြုတ်နဲ့ ဆန်ပြုတ်နဲ့ ဘဲ စားရတာ..။ အသည်းရောင်
အသားဝါဆိုတော့ ဆီလဲ မစားရဘူးတဲ့..။
   မစားနဲ့ ဆိုလဲ မစားဘူးပေါ့လေ.။
အဲဒီအချိန်တွေကစပြီး အဖော်မဲ့ သွားသလိုတော့ ဖြစ်လာပါတယ်..ဒါပေမယ့် မောင်နှမ၀မ်းကွဲတွေက ပိုချစ်လာကြသလိုဘဲ..ပိုပြီးဂရုစိုက်လာတာက  ဟိုကွန်မြူနစ် ဦးလေးလေ..ဗိုလ်ရောင်နီ..။
ဦးလေးကတော့ ပြောပြပါတယ်..မြိုင်တို့ ပြောင်းသွားရတာ ချို့ တဲ့ လို့  သူများစေရာ ပြောင်း၇တာ....
ငြင်းလို့ မရဘူးတဲ့ ..
ဒါကြောင့်ငါ့တူလဲ ဘူဇွာလူတန်းစားတွေကို မုန်းရမယ်..ပစ္စည်းမဲ့ တွေကို ညှာတာ၇မယ်တဲ့ ...
ကိုယ်ကလဲနည်းနည်းငယ်သေးတော့ အကုန်လုံးတော့ နားမလည်ဘူး..နည်းနည်းဘဲ သိတယ်..
“ ပစ္စည်းမဲ့ တော်လှန်ရေး”ဆိုတဲ့ စကားလုံး..အင်အားတွေပါနေသလို ထင်မိတယ်..။
စိတ်လဲ ၀င်စားမိတယ်.
ဦးလေးပြောသလိုဆို ကျနော်တို့ ပါတ်ဝန်းကျင်မှာတင်..ဆင်းရဲသားတွေ အများကြီးဘဲ..။
ကျနော့်သူငယ်ချင်းမ သေးလီတို့ တောင် ရေခပ်ပြီး အိမ်တကာထည့်ပေးမှ ထမင်းနပ်မှန်တာ..။
သူတို့ နဲ့ ကတော့ ကစားဖော်တွေပေါ့..။
   ခုနင်က ပြောသလိုဘဲ ဦးလေးကားမောင်းပြန်လာချိန်တွေမှာ ဦးလေးကို လမ်းမက ထိုင်စောင့်ရင်စောင့်
ဒါမှမဟုတ် အိမ်ရှေ့ က ခုံတန်းလေးမှာ စောင့်ချင်စောင့်ပေါ့..။ ဦးလေးလာရင်ဦးလေးတို့အိမ်လိုက်သွားတာ..
အဘွားတို့ အိမ်နဲ့ က လှမ်းခေါ်ရင်တောင် ကြားတယ် ..ဟိုမှာလဲ မောင်နှမတွေ ရှိတာဘဲလေ..
ဦးလေးမှာ သား၃ယောက် သမီး ၃ယောက်ရှိတာ..အငယ်ဆုံးသမီးတောင် ကျနော့်ထက် ကြီးတယ်..။
ကျနော်က သူ့ ကို ညီမလေးလို့ ခေါ်တာ..အမှန်က သူ့ အိမ်က အကိုအမတွေက အငယ်ဆုံးမို့ ညီမလေးလို့ ခေါ်တာလေ။အဲဒါ ကိုယ်ကပါ ညီမလေးခေါ်နေတာဘဲ..။
     ဒီလိုနေယင်းကနေ ကျနော် ၄တန်းကျောင်းသားဖြစ်လာတယ်..။
မိဘတွေနဲ့ ခပ်စိမ်းစိမ်းနေပေမယ့် ဦးလေးတွေ အဒေါ်တွေနဲ့ ကတော့ ပိုရင်းနှီးလာတယ်..။
ဦးလေးရဲ့ ကွန်မြူနစ်တွေကလဲ ပိုပြီး ဟောတာတွေ လက်ကွက်စိပ်လာတယ်..။ ဦးလေးကတမျိုး သူ့ သားသမီးတွေဆို မုန့် ဘိုးတွေဘာတွေ သိပ်ပေးလေးပေးထမရှိဘူး.. ညီမလေးက မုန့် တွေဘာတွေ ညနေဘက် ရုပ်ရှင်ဈေးတန်းမှာ စားချင်ရင် ကျနော့်ကို လာပြီး မုန့် ဘိးု တောင်းဘိုတိုးတိုးတိတ်တိတ်လာပြောထားတတ်တယ်..။
   ဦးလေးပြန်လာရင်တော့...ကျနော်
“ မာမူကြီး.. ညီိညီတော့ ပစ္စည်းမဲ့ လူတန်းစားဖြစ်နေပြီနော်” လို့ ပြောလိုက်တာနဲ့ ..
“ သိပ်ရတာပေါ့..ရဲဘော်ရယ်၊ ရော့ကွာ ၅ကျပ်ယူထား..ကြိုက်တာဝယ်စား” ဆိုပြီးပေးလိုက်တာဘဲ..။
အဲလိုဆို ညီမလေးက အံ့တွေ သြနေလိုက်တာလေ..။ ဟုတ်တယ် ကျနော်တို့ ကျောင်းမုန့် ဘိုး၇တာ တနေ့ မှ တစ်မတ် ပြား၂၀လောက်ဘဲရတာလေ..။
မုန့် တွေ ၀ယ်စားနေရင်းက ညီိမလေးက ချော့မေးတတ်တယ်..
“ညီညီ ခုနက အဖေ့ကို ဘယ်လိုပြောလိုက်တာလဲ..ပိုက်ဆံ အများကြီးပေးတယ်”
“ ညီိမလေးကလဲ..ဒါ ကွန်မြူနစ်တွေချင်းဘဲ နားလည်တာဟ..ညီမလေးမသိသေးပါဘူး၊
ညီညီပြောလိုက်တာ ပစ္စည်းမဲ့ လူတန်းစားဖြစ်နေပြီလို့ ပြောလိုက်တာ”
“ အဲလိုပြောရင် မုန့် ဘိုးရတယ်ပေါ့လေ..”
“ဟုတ်”
“ငါ..ပြော၇င်ရောပေးမှာလားမသိ”
“ မနက်ဖြန်ကျ ပြောကြည့်လေ”
“ အေး”
.....
.....
ကျနော်ကွန်မြူနစ်ဆရာအလုပ်ကောင်းလို့ နောက်ရက်ကျ ညီိမလေး တုတ်နဲ့ဆော်ခံထိတာဘဲ..
ခါလာကြီးနဲ့ မာမူကြီးလဲ စကားတွေများ ရန်တွေ ဖြစ်ကုန်ရော..
ညီမလေးက ကျနော့်လိုပြောပြီးတောင်းတာကို မာမူကြီးက ရိုက်တာ..ခါလာကြီးကိုလဲ ခလေးကို မုန့် တွေ
အ၀တ်အစားတွေ ၀ယ်မကျွေးလား ၀ယ်မပေးလားဆို ပြီး မိခင်တာဝန်မကျေတာတွေရော ဘာတွေရော
ရှုပ်နေတာဘဲ..။  ဖြစ်တာက နေ့ လည်ဘက်ကြီး..သတိထားမိတာက မာမူကြီး ကားနားတဲ့ နေ့ ....။
    ခါလာကြီးက ကျနော့်ကို ညီိမလေးနဲ့ အခေါ်ခိုင်းတယ်.. ဒီစကားပြောတာချင်းအတူတူ
ညီမလေးကိုကျဘာလို့ ဆူ၇၇ိုက်ရတာလဲ သိချင်လို့ တဲ့ ..။
  ကျနော်က ညနေလောက်မှ လာမယ်..အခု အထွန်း( ဗိုလ်လင်္ကျာ)နဲ့ အရေးကြီးလို့ သွားမလို့ လို့ ပြော
လိုက်တယ်..။
    ညနေစောင်းလောက်ကျမျ မာမူကြီးဆီ ကျနော်သွားတာ..ကျနော်သိတယ်..ဒီအချိန်ဆို မာမူကြီးက
“ ဒီအချိန်ရောက်လာရင်ကွယ်..ကျနော့်စိတ်တွေ ဖောက်ဖောက်လာတယ်” သီချင်းလေးညည်းရင်း
အရက်သောက်နေပြီ။ နည်းနည်းလဲ မြူးနေလောက်ပြီ..။
   “ ခါလာကြီးးးးး  မာမူကြီး..ညီညီ လာပြီ..”
“ အံ့မလေး....လာပါတော် လာပါ..အကို့ ကိုဘဲစောင့်နေတာပါ..ထမင်းရောစားပြီးပြီလား..စားမှာလား၊
မျှစ်နဲ့ အမဲသားချက်ထားတယ်”
“ ဟန့်အန်း.. မဆာသေးဘူးခါလာကြီး”
ကျနော့်အဒေါ်က ပြုံးပြုံးရွှင်ရွှင်ပါဘဲ..
ကျနော်က မာမူကြီးပေါင်ပေါ်တက်ထိုင်ရင်း...
“ညီမလေးနဲ့ ခေါ်ခိုင်းတယ်ဆို”
“ အေး”
“ ညီညီ..ပြောရင် မုန့် ဘိုးရတယ်ဆိုလို့ နင့် တို့ ညီမလေးပြောတာ နင့်မာမူက ရိုက်တယ်..ညီညီပြောတာနဲ့ ဘာကွာလို့ လဲ”
“ ညီမလေးက ဘယ်လိုပြောလဲ”
“ ငါလဲ နင်မှာထားသလိုဘဲ ပြောတာပေါ့ဟာ..အဖေက ရိုက်တယ်”
“ ညီမလေးက ဘယ်တုန်းက ပြောတာလဲ”
“ နေ့ လည်ကလေ...”
ကျနော်ပြုံးနေတော့ ခါလာကြီးရော ကျန်တဲ့ မောင်နှမတွေရော ကျနော် ဘာပြောမလဲလို့  စောင့်နေကြတာ။
 မာမူကြီးကတော့ အရက်ကလေးမော့လိုက် ပဲလှော်လေးဝါးလိုက်နဲ့  ကျနော့်ကို မှေးကြည့်နေတာ..
 ကျနော်ပြောရခက်တာပေါ့... မာမူကြီး ရှေ့ မှာဆိုတော့..။
အကိုတွေအမတွေကလည်း ပြောပြဘို့ ဝိုင်းပြောနေကြတာ...ညီမလေးကြည့်၇တာလဲ...ပြောတာချင်းက
စကားချင်းတူပြီး ဘာများကွာလို့ ရိုက်ခံရတာလဲ တွေးနေပုံဘဲ..
  ကျနော်ကလဲ ပေနေတယ်..ပြောရခက်တာကိုး...
ခါလာကြီးက ချွေးခံအိပ်ထဲ လက်နှိုက်ပြီး..ပြန်ထုတ်လိုက်တော့ ၅ကျပ်တန်တစ်ရွက်။
“ ကဲ..ရော့..ခါလာမုန့် ဘိုးပေးမယ်..အကုန်မုန့် ဝယ်စား”
ကျနော်က ခါလာကြီးလက်ထဲက ပိုက်ဆံကို တစ်လှည့် ၊နေ့ တိုင်းရွှေဥတစ်လုံးကျ ဥပေးနေတဲ့ 
ကွန်မြူနစ်ရွှေငန်းကြီးကို တစ်လှည့်ကြည့်ရင်းခေါင်းကုတ်နေတာ..။
  ကျနော့်အခက်အခဲကို မာမူကြီးက သိနေပုံရတယ်..မျက်ရိပ်ပြလိုက်တယ်..ယူလိုက်ပေါ့..။
အားနာပေမယ့် ပိုက်ဆံ ၅ကျပ်ကို ကျနော် ယူလိုက်တယ်..ပြီးတော့ မာမူကြီးပေါင်ပေါ်က ဆင်းပြီး
ညီမလေး လက်ကို ဆွဲကိုင်ထားလိုက်တယ်..လက်ကို ညီိမလေးသိအောင်ဆုပ်ပြီး ညှစ်လိုက်တယ်။
သဘောကတော့ အသင့်ပြင်ပေါ့..။
“ အဲဒီအချိန်မှာ မပြောရဘူး”
“ အောင်မယ်လေးတော်..ဘယ်အချိန်မှာ ပြောရမလဲ ”
“ခါလာကြီးကလဲ...နောက်မှပြောမယ်”
“ ညီညီ..ခါလာပိုက်ဆံလဲ ပေးထားပြီးပြီနော်”
......
.....
“ အင်းးးမ် .. ပစ္စည်းမဲ့ လူတန်းစားတို့ ၊ကွန်မြူနစ်စကားတို့ ပြောချင်ရင်..အမ်းးး”
“ ပြောပါတော့ဟဲ့..တကတည်း”
..
“မာမူကြီးမူးနေတုန်းပြောရတယ်..အဲဒါမုန့် ဘိုး၇တယ်..”
“ဟမ်....”
 ကျနော့်စကားလဲ ဆုံးရော မာမူကြီး အံ့အားသင့်သွားတဲ့ ဟမ်  ကတော်တော်ကျယ်တယ်..
“ ညီညီ..ရဲဘော်  မင်းသစ္စာဖောက်...မင်း ဖောက်ပြန်တဲ့ လူတန်းစား...မင်းကို
 ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ ဆုံးမမယ်ဟေ့” ဆိုပြီး အတင်းလိုက်ဖမ်းတော့တာဘဲ..။
မာမူကြီး ထလိုက်တာနဲ့ ကျနော်က ညီိမလေးလက်ဆွဲပြီးပြေးတာ ခြံဝတောင် ရောက်နေပြီ..
ကျနော်ပြေးမှာ ရုပ်ရှင်ဈေးတန်းပေါ့..ညီမလေးကို မုန့် ဝယ်ကျွေးရမှာလေ..
သူရိုက်ခံထိထားတာ မဟုတ်လား.း)

ဆက်ပါဦးမယ်
သစ်နက်ဆူး
( တောင်းပန်စကား။  ။ဒီပို့ စ်လေးဟာ မည်သည့်နိုင်ငံရေးသမားကိုမျှစော်ကားလိုစိတ်မရှိပါ..အထူးသဖြင့်
ကွန်မြူနစ်ရဲဘော်များကို စော်ကားခြင်းမဟုတ်ပါ..ကျနော်တို့ တူဝရီးရဲ့ ချစ်ခင်စရာကျီစယ်မှုကိုသာ သတိတယ လွမ်းဆွတ်ဖော်ကြူးခြင်းဖြစ်ပါသည်)

Friday, January 7, 2011

ရင်တွင်းကြေ...(တစ်ကြောင်းဆွဲမျဉ်း ၊ ၃ ၊)



သံယောဇဉ်တွယ်ခြင်းသည်..ဘယ်အရာပေါ်မှာ မှီတွယ်ခဲ့ လေသလဲ မေး၇င် ကြင်နာသောရင်ခွင်ကို
ငြိတွယ်ခြင်းလို့ ဘဲ ကိုယ် အဖြေပေးမိပါမည်။ ကိုယ့်အပေါ်ကြင်နာတတ်သောအဘွားတို့ ရင်ခွင်မှာ ကိုယ်ပျော်ခဲ
့ရတယ်..။ ပီဘိ ကလေးတစ်ယောက်ရဲ့ စိတ်တွေနဲ့ ကိုယ်နေနေရခြင်းဟာ ကိုယ့်အတွက် အေးချမ်းမှုပါဘဲ..။
မမအိမ်ထောင်ကျပြီးတဲ့ နောက် မမအမျိုးသား ကိုဆွေကလည်း ကျနော့်ကို ချစ်တယ်..။ သားတစ်ယောက်
လိုကို ချစ်တာပါ.။ ကိုဆွေက အခွန်ဦးစီးဌာနကဆိုတော့ မမအတွက်က ဘာအလုပ်မှ မလုပ်ရဘဲ အေးအေးဆေး
ဆေး နေရတာပါ..။ ကိုဆွေ ရုံးတာဝန်နဲ့ သဘယင်း( ဒီပဲရင်း)မှာ ပြောင်းရတော့ မမနဲ့ အတူ ကျနော်ပါသွားတယ်..။
အိမ်ကလည်း ညီညီပါမှ ရမယ်.မမနဲ့ အဖော်နေပေးဆိုတော့ ကျနော်လည်းပါသွားတာပေါ့..။
နေ့ လည်တိုင် ကိုဆွေ ရုံးသွားရင် မောင်နှမ နှစ်ယောက် အိမ်သေးသေးလေးမှာ နေရင် နေ ဒါမှမဟုတ်.......
ကိုဆွေတို့ ရုံးက အသိအိမ်ကို သွားလည်ကြတာဘဲ..။
အဲဒီသွားနေကြ အိမ်မှာ မောင်စိုးရှိတယ်..ရွယ်တူဘဲ..။ ဒါပေမယ့် မောင်စိုးက စကားမပြောတတ်ဘူး..
မွေးကတည်းက ချွတ်ယွင်းတာပေါ့..။ သူက ဆိုးမှဆိုး..သူ့ အမေပေါ်မှာ ဆိုးတာ..။
ကျနော်နဲ့ က ဆော့ဖော် ဆော့ဘက်.. ခင်မှခင်..။
စတွေ့ ကာစ အတူ ကစားတုန်းက စိတ်ညစ်မှညစ်..သူပြောတဲ့ ဘာသာဗေဒကို ကိုယ်မှ နားမလည်တာ..။
သူ့ အမေကို မေးရ၊ မမကို မေးရနဲ့ ။ နောက်တော့ တစ်ဖြည်းဖြည်း သဘောပေါက်လာတယ်..။
တခါတခါ ကိုယ်က သူ့ ကို ပြောလို့  သူနားမလည်ရင် ကိုယ်ကလဲ သူနားလည်မယ့် ဘာသာနဲ့ အီးအီး အားးးး
အမ်းအမ်း နဲ့ လက်ဟန်ခြေဟန်သုံးပြီး ပြောရင် မောင်စိုးက တခါတည်းနားလည်သွားတာ..။
ကျနော် မောင်စိုးလို လုပ်ပြောရင် မမက တခစ်ခစ်နဲ့ ရယ်နေတာဘဲ..။ မောင်စိုးအမေက ပြုံးနေတာဘဲ..။
ကျနော် တခါတလေ မောင်စိုးနဲ့ ကစားနေရင်းက အတွေးဝင်သွားရင် မျက်ရည်ကျမိတယ်.. မောင်စိုးက
စကားမတတ်ဘဲ ဆွံ့ အ ဝေဒနာရှင် ဖြစ်ပေမယ့် မိဘတွေနဲ့ အတူနေရတယ်..မိဘတွေကလည်း ချစ်တယ်..။
ကျနော်ကတော့ စကားတတ်ပေမယ့် မိဘနဲ့ အတူ မနေရခြင်း၊ မိဘရဲ့ ချစ်ခင်ခြင်းကို မရတာတွေးပြီး ငိုမိတယ်။
ကျနော်ငိုရင် မောင်စိုး မနေတတ်တော့ဘူး..၀ူးဝူးဝါးဝါးပြောပြီး ချော့တယ်..။ ပြီးရင် သူ့ မေနဲ့ မမကို
ပြေးခေါ်တယ်.. ကျနော်ငိုတာကို ညီအကိုမဟုတ်တဲ့ သူက စိတ်ပူနေတာ့ ကျနော် ပိုငိုမိတယ်..။
အဲဒီအခါ မောင်စိုးက သူ့ အမေကို ထုရိုက်ပြီး သူပါငို တာ..။
ကျနော်ငိုတော့ မမ မျက်နှာမကောင်းဘူး.. ကျနော့်ကို ရင်ခွင်ထဲ ပွေ့ ပြီး...
“ ဘာဖြစ်လို့ ငိုတာလဲ ညီညီရယ်” လို့ မေးရင်..
“ ဟို လေ..ကစားရင်းမျက်စိထဲ အမှိုက်စ ၀င်သွားလို့ ပါ” လို့ ဘဲ ကျနော် ပြောတတ်တယ်..။
ကျနော်မမကို ချစ်တယ်..မမကို စိတ်မကောင်းအောင် ကျနော် မလုပ်ချင်ဘူးလေ..။
.......
.......
ကျန်တဲ့ အချိန်တွေမှာ ပျော်ပါတယ်..နေ့ လည်တိုင်ဆိုလေ.ဌက်ပျောသီး ကောက်ညှင်းထုပ် ၀ယ်စားကြတယ်..
သဘရင်းက ကောက်ညှင်းထုပ်ကို ကျနော် ဘယ်တော့မှ မမေ့ နိုင်ဘူး..တထုပ်ကို လူကြီးတစ်ယောက်တောင်
မနည်းကုန်အောင် စားရတယ်..တစ်ထုပ်ကို ၅မူး ပေးရတယ်..။မောင်နှမ နှစ်ယောက်တစ်ထုပ်ဝယ်ပြီးအတူစား
တယ်..အထဲက ဌက်ပျောသီးကို ကျနော် မစားဘူး..ကျနော်က ဌက်ပျောသီိးတို့ သင်္ဘောသီးတို့ မှည့်ရင် မစား
တတ်ဘူး..မကြိုက်ဘူး။
ညတိုင်ဆို ကိုဆွေ ပြန်မလာသေးရင် အိမ်သေးသေးလေးမှာ မီးခွက်သေးသေးလေးနဲ့ မောင်နှမ၂ယောက်
ထိုင်စောင့်ကြတယ်..။ ကိုဆွေလာမှ ထမင်းအတူစားကြတယ်..။ ကိုဆွေ မလာသေး၇င် ကျနော်လည်း မစားဘူး။
ထမင်းစားရင် ကျနော်က မမပေါင်ပေါ်မှာထိုင်တာ..။ မမက ထမင်းခွံ့ ပေါ့..။
ပြော၇မယ်ဆို မမနဲ့ ပါတ်သက်ပြီး ကိုဆွေကလည်း ကျနော် သံယောဇဉ်တွယ်ခဲ့ရတဲ့ သူပါဘဲ...။
ဒီလို နဲ့ တစ်နှစ်လောက်နေတော့ ကိုဆွေ ရာထူးတိုးပြီး ကျနော်တို့ မြို့ ကို ပြန်နေရတာပါဘဲ..။
အဘွားတို့ အိမ်မှာဘဲ နေတာပါ..။....................
.....................
.....................
ဘယ်သူမှမသိနိုင်တဲ့ တိတ်တခိုးဝေဒနာလေးနဲ့ ဘဲ ကြီးပြင်းလာရင်း ကျနော် ဒုတိယတန်းကို တောင် ရောက်ခဲ့ 
ရတယ်..။ ကျောင်းအပ်တိုင်း ကျနော့်အဒေါ်ဖြစ်ဖြစ် အဘွားဖြစ်ဖြစ် လိုက်အပ်ပေးတာပါ..။ သူများတွေက အဖေ၊
အမေတွေနဲ့ အတူ ကျောင်းအပ်တာ ၊ ပျော်နေကြတာ ကျနော် ကြည့်မိပါတယ်..။
ဒါပေမယ့် ကျနော် အဘွားတို့ ကိုတော့ ဘာမှမပြောပါဘူး..။ အိမ်ပြန်ရောက်ရင် ကျောက်သင်ပုန်းမှာဖြစ်ဖြစ်၊
စာရွက်ပေါ်မှာဖြစ်ဖြစ် အဖေနဲ့ အမေ တဖက်ဆီလက်ဆွဲပြီး ကျောင်းလွယ်အိပ်လေးနဲ့ ကောင်လေးတစ်ယောက်ပုံကို
ကျနော် ဆွဲဖြစ်တာပါဘဲ..။ ကျောက်သင်ပုန်းမှာ ဆွဲပြီးရင် အထွေအထူး..တံထွေးဆွတ်ပြီးတောင် မဖျက်ရပါဘူး.။
ကျနော် မျက်၇ည်တွေကဘဲ တဖြည်းဖြည်း ဖျက်ပြီးသား ဖြစ်သွားတာပါ..။
.....
.....
ကျနော် အဘွားတို့ အိမ်မှာနေပေမယ့် ကျနော့်မိဘတွေ မောင်နှမတွေက အဘွားတို့ အိမ်ကို လာလည်ကြပါတယ်..
ညဘက်တွေမှာပေါ့.. ကျနော့်ကို တော့ သိပ်လှိုက်လှိုက်လှဲလှဲမရှိပါဘူး..။
မောင်နှမတွေကလည်း မခေါ်ကြပါဘူး။ အဘွားတို့ အိမ်က ၄ပေမီးချောင်းက လင်းထိန်နေပေမယ့် ကျနော်ကတော့
၈ပါတ်လည်တိုင်လုံးကြီးရဲ့ နောက်ကွယ် အမှောင်၇ိပ်လေးကနေ ချောင်းဘဲ ကြည့်ရဲတယ်..။
ကျနော့်အဒေါ်တွေက “ဟဲ့ ..ညီညီိလေး ဒီမှာလာထိုင်လေ”လို့ ခေါ်ရင်...
“ဒီိကောင် ဘာလုပ်နေလဲ..ဟေ့ကောင်လာဦးး မင်း စာမကျက်ဘူးလား” ဘာညာ ဆူတာပါဘဲ..။
အဲဒီကျရင် မမရဲ့ အမေ ဒေါ်ရီက..
“ နင် လာလည်တာ ညီညီ့ ကို ရန်ရှာဘို့ လား..သွားကောင်လေး..မီးဖိုထဲကို ”လို့ ဝင်ပြောတတ်တယ်..။
ဒါဆို ကျနော့်ဒုတိယအမေက ကျနော့်ကို မီးဖိုဆောင်ဆီ ခေါ်သွားပြီး မုန့် တွေ ဘာတွေ ကျွေးပါတယ်..။
ကျနော် ငို ရင် “ မင်းငိုစရာမလို ဘူး..ငါတစ်ယောက်လုံးရှိတယ်၊ မင်း ယောင်္ကျားလေး” လို့ ပြောတတ်တယ်..။
ဘာကြောင့်များ ကျနော့်ကို ကြည့်မ၇တာလဲ ကျနော် မတွေးတတ်တော့ပါဘူး..။
နောက်ဆို သူတို့ လာလည်ရင် ခြံဝက အသံကြားတာနဲ့ ကျနော် မီးဖိုဆောင်ထဲမှာ တိတ်တိတ်လေး ထိုင်နေတော့
တာပါဘဲ.။
ဘယ်လောက်ဘဲ လွတ်အောင်ရှောင်ရှောင် ကျနော့်အတွက်တော့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ ပါဘူး။
ဆောင်းတွင်းကာလမှာ ကျနော့်အဒေါ် ဒေါ်ဘူး ခြေအိပ်လှလှလေးဝယ်ပေးတယ်..။ ကျနော့်အဒေါ်ကို ကျနော်က
အဘူ လို့ ခေါ်ပါတယ်..။ အဘူဝယ်ပေးတဲ့ ခြေအိပ်လေးကို ကျနော် ကြိုက်ပါတယ်.....။ ခြေအိပ်လေးက
တော်တော် လှပါတယ်..။
အနီရောင်လေးတွေနဲ့ ပန်းရောင်လေးတွေ အ၀ါလေးတွေ အရစ်ရစ်နဲ့ စပ်ထားတာပါ..။
တနေ့  ခြေအိပ်လေးလျှော်ပြီး လှမ်ထားရင်း ပျောက်သွားပါတယ်.။
ဘယ်က ဘယ်လို ပျောက်သွားမှန်းကျနော် မသိပါဘူး..တစ်ခြားခြေအိပ်တွေ ရှိနေတော့ ရှာမနေတော့ပါဘူး.။
ဒါပေမယ့် ကျောင်းတက်တဲ့ အခါ ကျနော့်အထက်က အကို ဒီခြေအိပ်လေးဝတ်ထားတာတွေ့ပါတယ်။
အဘူက စက်လဲ ချုပ်တတ်တော့ ကျနော့်အကျီလေးတွေ ၊ဘောင်းဘီလေးတွေ ခြေအိပ်လေးတွေကအစ
ချည်အရောင်လေးနဲ့ အမှတ်အသားလုပ်ပေးထားပါတယ်။ ကျနော် ခြေအိပ်လေးကို တစ်ချက်ကြည့်မိပါတယ်..။
ကျနော့်အကို ကလဲ ခြေအိပ်ကို ကျနော် ကြည့်မှန်းသိပါတယ်..။ ကျနော် တခွန်းမှ မပြောပါဘူ..။ ပြောလို့ လဲမရဲပါ။
သူက အဖေ့ အချစ်တော်ပါ..။ သူလိုချင်လို့ ဖြစ်မှာပါလေ လို့ ဘဲ တွေးမိပါတယ်..။
ကျနော်ဘာမှ မပြောမိပေမယ့် ပြသနာက မပြီးပါဘူး..ကျနော့် အဘူကိုတောင်ပြန်မပြောပါဘူး..။ အဘူသိရင်
ကျနော်အကို ဆီက ပြန်တောင်းနေမှာစိုးလို့ပါ။
၂ရက်လောက်နေတော့ ကျနော် ညစာ ထမင်းစားနေတုန်း.
“ ဘယ်မလဲ ဟို ရှိုက်တာန်( မကောင်းဆိုးဝါး) ဆို တဲ့ ကြောက်လန့် ဖွယ် အဖေ့အသံကို ကြားရပါတယ်..။
ဘာလုပ်မလို့ လဲ ညီညီထမင်းစားနေတယ်လို့ အဘူပြောသံကြားတာနဲ့  ကျနော့်ကို ရည်ရွယ်တာ သေချာသိလိုက်
်ပြီး ထမင်းစားရင်း တစ်ကိုယ်လုံးတုန်ထွက်သွားတာပါဘဲ။
“ နင်ဘာမှ ၀င်မပြောနဲ့ မဘူ...ခေါ်ထုတ်စမ်း အဲဒီိကောင်ကို ”
ကျနော့် အဘွားနဲ့ အဒေါ်တွေ ၀င်တားနေတာကို တောင် မ၇ပါဘူး...။
“ ဟေ့ကောင် ညီညီိ မင်းထွက်လာစမ်း” တဲ့ ။ ကျနော်မနေရဲပါဘူး ထမင်းစားလက်စ လက်တောင် မဆေးရဘဲ
အပြင်ကို ထွက်လာတော့ အဖေနဲ့ ကျနော့်အကို ကို တွေ့ ပါတယ်..
ကျနော့်ကို တွေ့ တာနဲ့ လည်ဂုတ်ကို ဆောင့်ဆွဲပြီး..
“ မင်းကလား ငါ့သားကို ခြေအိပ်သူခိုးလို့ ပြောတာ” ဆို တဲ့ စကားနဲ့ အတူ
ကျနော့်လက်နှစ်ဘက်ကို ကနောက်ကနေလိမ်ချုပ်လိုက်တယ်..။
ကျနော် မပြောပါဘူးလို့ ပြောလဲ မ၇ပါဘူး..။
ကျနော့်အဖေ ပြောတဲ့ စကားသံကို ကြားလိုက်တဲ့ ခဏ ကျနော် အံ့သြသွားမိပါတယ်..
“ ကဲ..ဗေတာ(သား) မင်းကို သူခိုးလို့ ပြောတဲ့ ကောင်ကို မင်းစိတ်တိုင်းကျထိုးစမ်း”တဲ့ ..။
..... ဒါ..ကျနော်အဖေပြောလိုက်တဲ့ စကားလား....
ဒါ..ကျနော်အဖေပြောလိုက်တဲ့ စကားလား
ဒါ..ကျနော်အဖေပြောလိုက်တဲ့ စကားလား.................။
ဘယ်နှစ်ချက်မှန်း မေ၇တွက်နိုင်အောင် ကျနော့်မျက်နှာကို လက်သီးချက်တွေ ကျနေခဲ့ တယ်..ကျနော် ၀မ်းဗိုက်
ရင်ဘတ်နေရာအနှံ့ ပါ..။
အကိုရယ် ..မင်းထိုးနေတာ မင်းညီိအရင်းပါ..
မင်းနဲ့ အမေတစ်ယောက်ထဲ မွေးတားတဲ့ သူပါ..။
အကို့ မျက်နှာကို ကျနော် နားမလည်နိုင်တဲ့ စိတ် ၀မ်းနည်းစိတ်နဲ့ ကြည့်မိပါတယ်..။
ကျနော့်နှစ်ခမ်းကွဲသွားတာ ကျနော်သိတယ်..။
ပါးစပ်ထဲက ငံကျိကျိအရသာကို ကျနော်သိပါတယ်..။ တရစပ် သူစိတ်တိုင်းကျထိုးလို့ ဝမှ“ ရပြီ ..အပါ” လို့ 
သူပြောလိုက်တာနဲ့ အတူ၊ ကျနော့် ကို နောက်ကနေ ဆောင်းတွန်းရင်းလွှတ်လိုက်ပါတယ်..။
ပျံ့ ကျဲနေတဲ့ သဲပုံပေါ်မှာ ကျနော် လဲ ကျခဲ့ တယ်...။
အဘွားငို သံ၊ အဒေါ်တွေ အော်ဟစ်တားဆီးသံ၊ မမငို သံတွေ၊ ကိုဆွေ ၀င်လာတာ..။ဘေးအိမ်က ကိုမန်း
ဝင်ဆွဲတာတွေ ကျနော် ကြားပြီးနောက်..သူတို့ ပြန်သွားကြတယ်..။
ကျနော်ငိုရှိုက်ခဲ့ တာ တက်မတတ်ပါ.. ကျနော် ကြေကွဲခဲ့ တယ်..နာကျင်ခဲ့ တယ်..။
အဘွားတွေ အဒေါ်တွေက ကျနော့်ကို ကြပ်ထုတ်ထိုးပေးတယ်..။သွေးတွေ သုတ်ပေးတယ်..။
ဒီပြသနာ ဘယ်ကစလဲ ဆိုတော့ သူခြေအိပ်ဝတ်ထားတာကို အဘူကတွေ့ တော့ “ညီညီ့ ခြေအိပ်လေးလားဟဲ့ ”
လို့ မနေ့ က မေးမိတယ်လို့ ပြန်ပြောပြတယ်.. သူမေးမိလို့ ကျနော့်ကို ဒီလို လုပ်တာဆို ပြီး အဘူလဲ ငိုတယ်။
အဲဒီညက အဘွားတို့ တအိမ်လုံး မီးစောစောပိတ်ပြီး အိပ်ယာဝင်ကြတယ်..။ ကျနော်က အဘွားနဲ့ အိပ်တာပါ...။
အိပ်ယာထဲမှာ ကြိတ်ပြီးငို ရှိုက်နေတဲ့ ကျနော့်ကို အဘွားက“ တိတ်ပါ..ငါ့မြေးရယ်”လို့ ချော့ပါတယ်..။
ကျနော် မရှိုက်မိအောင် စောင်နဲ့ပါးစပ်ကို အတင်းပိတ်ထားခဲ မိ့ပါတယ်..။
တစ်အိမ်လုံး အိပ်လောက်ချိန်ကျမှ ကျနော် အပေါ်ထပ်ကနေ တိတ်တိတ်လေးဆင်းခဲ့ တယ်...ညဦးကလှုံထား
တဲ့  ဆောင်းတွင်းမီးဖိုလေးနားမှာ ကျိတ်ထားသမျှ ငို ကြွေးနေခဲံ့တယ်..။
လောင် ကျွမ်းနေတဲ့ မီးတွေလို လူတစ်ယောက်ဖြစ်ခဲ့ တဲ့ ငါ့ဘ၀ ပူလောင်လှပါလားလို့  ပထမဆုံးအကြိမ်
တွေးခဲ့ မိတယ်..။
တစ်ကယ်လို့ သာ ကျနော့်ကို တဦးတစ်ယောက်အလိုတော်အရက ဖန်ဆင်းခဲ့ တယ်ဆိုရင်...
ဘာကြောင့်များ ဒီလို ဘ၀ကို ၀င်စားဘို့ ဖန်ဆင်းခဲ့ တာလဲ..။
သူများနဲ့ မတူတဲ့ ဘ၀ကို ဘာကြောင့်ဖန်ဆင်းခဲ့ တာလဲ..။
ကျနော် ငယ်လို့ အများကြီိး မတွေးတတ်ပေမယ့်...
ကျနော် ငယ်ငယ်လေးနဲ့ ဆုတောင်းခဲ့ ဘူးပါတယ်..။ ဒီလို ပူလောင်ဝမ်းနည်းစရာကောင်းတဲ့ ဘ၀ကို မလိုချင်တော့
ဘူးလို့ တွေးခဲ့ တယ်...။
ရင်ထဲမှာ ကြေခဲ့ ရတဲ့ ကောင်လေးတစ်ယောက်ဟာ ဘာကြောင့်ပူလောင်တဲ့ ဘ၀မျိုးကို ဖြစ်စေတာလဲဆိုတာ
အခုချိန်မှာ သိခဲ့ရပြီလေ..။ ။

ရင်တွင်းကြေ

Monday, January 3, 2011

တစ်ကြောင်းဆွဲမျဉ်းရဲ့ ငယ်ဘ၀.....၂



ပါးမှာဒါဏ်ရာရပြီးတဲ့ နောက်ပိုင်း ကျနော့်ကို အဘွားတို့ အိမ်ကခေါ်ထားလိုက်တော့တာပါဘဲ...............။
အဘွားက အဖေ့ရဲ့ မိခင်ပါ..။နာမည်က ဒေါ်တင်တဲ့ ။ ဗုဒ္ဓဘာသာ မြန်မာစစ်စစ်ပါ၊ အဘိုးက ပါကစ္စတန်က
ဘင်္ဂါနီအနွယ်...အစ္စလာမ် ဘာသာဝင်ပါ..။ အဘွားကလည်း အစ္စလာမ်ဘာသာဝင်တွေအတိုင်းနေပါတယ်..။
အဘိုးကတော့ ဆုံးသွားပါပြီ၊ကျနော် မမှီပါဘူး..။အဘွားမှာ မောင်တစ်ယောက်ရှိတယ်..ဘိုးကြွယ်တဲ့ ။
သူကခင်ဘို့ ကောင်းသလို ရယ်ရတယ်..ခဏခဏဘုန်းကြီးဝတ်တယ်..ဗုဒ္ဓဘာသာနော်..သူဘုန်းကြီးဝတ်တိုင်း
အိမ်ရောက်လာပြီး..“ အမတင်..ကျုပ်ဘုန်းကြီးဝတ်ချင်တယ်..ရဟန်းဒကာမလုပ်ပေးပါ” လို့ ပြောတယ်..။
၁လနီးပါးလောက်ကြာရင် ဦးထုပ်လေးငိုက်စိုက်ဆောင်းပြီး ပုဆိုးလေးတမမ”နဲ့  ရောက်လာပြီး....
“ အမတင် ကျုပ်ကို မိန်းမတောင်းပေးပါဦး.” တဲ့...။ ဘယ်အချိန်က လူထွက်လိုက်မှန်းတောင်မသိရပါဘူး။
အဘွားက လိုက်တောင်းပေးတာဘဲ..။
ဟော ၂လ ၃လ ကြာရင် မျက်ရည်လေးစမ်းစမ်း စမ်းစမ်း နဲ့ ငိုကြီးချက်မနဲ့ ................
“ အမတင် ကျုပ်..ကျုပ် ဘုန်းကြီးပြန်ဝတ်တော့မယ်ဗျာ” လုပ်ပြန်ရော...။မိန်းမက ပစ်သွားတာလေ။
အမေကြီးကလဲ ထုံးစံအတိုင်း ရဟန်း ဒကာမပေါ့..။
အဲလိုမျိုး လုပ်တာ ကျနော်မှတ်မိသလောက် ၅ခါလောက်ရှိတယ်...။
ခဏခဏဆိုတော့ သူတခါလာငိုနေတုန်း ကျနော်က အမေကြီးနားမှာ ထိုင်နေရင်း ပြောမိတယ်..။
“ ဘိုးလေး...အဲလို ခဏခဏ လုပ်နေမယ့်အစား ၊ဘုန်းကြီးဝတ်နဲ့ မိန်းမယူထားပါလား” ဆိုတော့......
သူကစိတ်ဆိုးတယ်...“ မင်းကို ငါ ဘယ်တော့မှ မုန့် ဘိုး မပေးတော့ဘူးကွာ” တဲ့ ။
အဒေါ်တွေက ၀ိုင်း၇ယ်ကြတယ်...။ ကျနော်တွေးတာက ဒီလိုပါ..။အမေကြီးနေထိုင်နေရတာက မွတ်စလင်
အသိုင်းအ၀ိုင်းပါ..။ သူလုပ်နေရိုးရိုး လူတွေက အမေကြီးကို ပြောမှာပေါ့..။ ကျနော်က ငယ်ပေမယ့် နည်းနည်း
အတွေးနက်တယ်...။
အမေကြီးတို့ အိမ်မှာ နေ၇တာ ကျနော်အရမ်းပျော်တယ်..။အားလုံးကလည်း ကျနော့်ကို ချစ်တယ်..။
အမေကြီိးရဲ့ သားသမီးတွေနဲ့ မောင်တွေ တူတွေ ကြုံတုန်းပြောပြမယ်..။
အမေကြီးမှာ သားသမီး (၈)ယောက်ရှိတယ်။
၁။ ဒေါ်ရီ( ကျနော်က အမေမရီလို့ ခေါ်တယ်..ယောင်္ကျားကဆုံးသွားပြီ..သမီးတစ်ယောက်ရှိတယ်..မမမြင့်..
ကျနော် အချစ်ဆုံးအမ..........။)
၂။ ဦးဟန်...အလံနီ ကွန်မြူနစ်..သူ့ နာမည်က ဗိုလ်ရောင်နီ၊ အမျိုးသမီးက ဗုဒ္ဓဘာသာ..သားသမီး ၆ယောက်
၃။ ဒေါ်ဘူး ( ကျနော့်ရဲ့ ဒုတိယ အမေ..မျက်လုံးကအပြာရောင်နဲ့ ..အပျိုကြီး)
၎။ဦးထွန်းရွှေ...အမျိုးသမီးက ဗုဒ္ဓဘာသာ..သားသမီး ၅ယောက်
၅။ဦးထွန်းဝေ( ကျနော့်အဖေ..သားသမီး (၇)ယောက်)
၆။ ဒေါ်ပု( အရပ်က အရှည်ကြီး)အပျိုကြီး
၇။ ဦးခေါ်လီ( အလံဖြူ ကွန်မြူနစ်..လူပျိုကြီး အရက် အရမ်းသောက်)
၈။ ဒေါ်စု ( အပျိုကြီး)
အဲဒီ အမှတ်စဉ်တွေထဲမှာ ၂။၎။၅ က အိမ်ခွဲနေတယ်..။ ကျန်တဲ့ သူတွေက အမေကြီးနဲ့ နှစ်ထပ် ပျဉ်ထောင်
သွပ်မိုးအိမ်ကြီးမှာ အတူတူနေကြတယ်..။ ကျန်တဲ့ မြေးတွေ အားလုံ့းနီးပါးက နေ့ ရောညရော အမေကြီးအိမ်မှာ
လာနေကြတာဘဲ..။ ထမင်းဝင်စားချင်တဲ့ သူစား...လဘက်ရည် သောက်ချင်သူသောက် ပျော်စရာကြီးပါ..။
အမေကြီးမှာ မောင်ဝမ်းကွဲ၃ယောက်ရှိတယ်..။
ဘဒွေးအောင် သားသမီး၅ ယောက်ကလည်း ဒီအိမ်မှာဘဲ လာဆော့တာဘဲ.........................။
ကျနော်နဲ့ မတည့်တာ တစ်ယောက်မှမရှိဘဲ..ထူးထူးခြားခြား သူတို့ အားလုံက ၀ိုင်းချစ်ကြတယ်...။
အဘွားတွေ အဒေါ်တွေက လိုလေသေးမရှိအောင်ကို ချစ်ကြပါတယ်..။ မမမြင့်က အရွယ်ကွာပေမယ့် ချစ်တယ်..။
ဒေါ်ဘူးကတော့ မိခင်တစ်ယောက်လိုကို ချစ်တာပါ..။
အဲဒီ ပျော်ရွှင်မှုနဲ့ အတူ ကျနော် ၁ တန်းလောက်ရောက်လာတယ် လို့ ထင်ပါတယ်...။ ။


ကျနော်နဲ့ မြင်းညိုရှင်
ခုနက ပြောပြတဲ့ မမမြင့်ပေါ့..။ သူက အပျိုအရွယ်လေ..။
မှတ်မှတ်ယယ ဥပုဒ်ကာလပြီးဆုံးပြီးအစ္စလာမ်ဘာသာဝင်တွေရဲ့  အိဒ် နေ့ မှာပေါ့...။
လူတွေကလည်း အများကြီး လာကြစားကြ..။ ကျနော်တို့ မြို့ လေးက ဘာသာရေး သိပ်အစွန်းမရောက်ကြပါဘူး။
အိဒ်နေ့ ဆိုပေမယ့် ဗုဒ္ဓဘာသာတွေ အများကြီး လာစားကြတာဘဲ.. ပျော်စရာကောင်းတယ်..။
ကျနော် အိမ်ရှေ့ မှာ ဆော့နေတုန်း...အင်မတန် လှပတဲ့ မြင်းညိုကြီးနဲ့ လူတစ်ယောက် ရောက်လာတယ်..။
တော်တော် ခန့် တဲ့ သူဗျ..။ အသားကဖြူတယ်..အရပ်မြင့်တယ်. မုတ်ဆိတ်မွေးရိတ်ထားတာ စိမ်းနေတာဘဲ။
ပြောရရင် ကုလားကားတွေထဲက ဇာတ်လိုက်လိုဘဲ.....မြင်းကရွှေဘိုမြင်းကြီး။
“ ဟေ့....မင်းနာမည် ဘယ်သူလဲ”
“ညီညီ...လေ”
“ သြော်..ညီညီ ဆိုတာကိုး..မင်းကိုသိတယ်ကွ..မင်း မမမြင့် ရှိလား”
“ ရှိတယ် အိမ်ထဲမှာ...ခေါ်ပေး၇မလား..” သူကပြောတယ်...
“ တိုးတိုးလေးသွားခေးနော်..ဘယ်သူမှ မသိစေနဲ့ ”
ကျနော်လည်းမမကို တိုးတိုးလေးခေါ်လာတာပါဘဲ။
အိမ်ရှေ့ လဲ ရောက်ရော မမကကျနော့်ကိုဖက်နမ်းတယ်..ပိုက်ဆံတွေလည်းပေးတယ်..
“ မမသူနဲ့ သွားတော့မယ်..ညီညီကစားနေနော်..ဘယ်သူ့ မှ မပြောနဲ့ ” ဒီစာလေးနောက်မှ အမေဒေါ်ရီကို
ပေးလိုက်ဆိုပြီး စာရွက်ခေါက်လေးတခု ကျနော့်အိပ်ကပ်ထဲ ထည့်ပေးသွားတယ်။

အဲလိုပြောပြီး ဟိုလူက မမကို မြင်းပေါ်တင်ပြီး ထွက်သွားတော့တာဘဲ.......................။
လူတွေကလည်းရှုပ်နေတာဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး၊ညနေစောင်း လူကျဲသွားမှ အိမ်ကလူတွေ
မမကို မတွေ့ မှန်းသတိထားမိတာပါ....။ ဟိုရှာဒီိမေးပေါ့......ဘယ်လိုမှ ရှာမတွေ့ မှ ကျနော့်ဘက်လှည့်လာတာ။
အမြဲမခွဲ တစ်တွဲတွဲ နေတာက ကျနော်တို့ မောင်နှစ်မလေ..။
အမျိုးမျိုးမေး ကျနော် မပြောပါဘူး...။ နောက်ဆုံးမှ သူတို့ ကို သနားလို့ ပြောပြလိုက်တယ်..။
မမကို လူတစ်ယောက် မြင်းနဲ့ ခေါ်သွားတယ်လို့ ဒီမှာမမလည်း စာပေးခဲ့ တယ်လို့ ပြောပြီး စာရွက်ခေါက်လေး
ထုတ်ပေးလိုက်တာဘဲ..။
စာဖတ်ပြီးတော့မှ သူတို့ အကြောင်းစုံသိပြီး ငိုကြယိုကြပေါ့..။
အမေမရီက ကျနော့်ပုခုံးကိုကိုင်ပြီး ညီညီရယ် နင့်အမကိုများနင်ကိုယ်တိုင် သူများလက်ထည့်ပေးလိုက်ရလားဟယ်
ဆိုပြီး ငိုပါတယ်..။
ငိုလို့ ဝမှ “နင့်အမ အဲလိုလုပ်သွားတာ နင် တခွန်းမှ မပြောလိုက်ဘူးလားဟဲ့ ”လို့ ပြောတော့ .................
ကိုယ်ကလည်းပြောပါတယ်လို့ ပြောပြရတာပေါ့...
“ နင်ဘာပြောလိုက်လဲ”
.......
......
“ ဟဲ့ ........ပြောလေ၊ နင်ဘာပြောလိုက်လဲ”
.....
...
“ ဟိုဟာ....မမလို့ ..သေချာဖက်ထား..မြင်းပေါ်က ပြုတ်ကျလိမ့် မယ်...လို့ ”
စကားလဲ ဆုံးရော အမေမရီလက်က မြန်တာ..ကျနော့်ခေါင်းကို ခေါက်ထည့်တာ..ဂွပ် ကနဲဘဲ..။
ငိုတာချက်ခြင်းရပ်ပြီး ပါးစပ်ကလည်း တခွန်းပြောသေးတယ်..
“ တယ်...ဒီမသာလေး” တဲ့ ..။
နာသွားတဲ့ ခေါင်းလေးပွတ်ရင်း မျက်လုံးဝေ့ကြည့်လိုက်တော့ အမေကြီးနဲ့ အဒေါ်တွေက ပြုံးစိစိနဲ့ ..။
သူတို့  ရီချင်နေတာ ကျနော်သိတယ်..အမေမရီကို သူတို့ ကြောက်လို့ အသံမထွက်တာ..။

ဆက်ပါဦးမယ်
သစ်နက်ဆူး