Thursday, September 18, 2008

“တော်လိုက်တဲ့...သား”


သားက အသက် ၆ နှစ်ဆိုတော့ ဒီနှစ်ကျောင်းစတက်ပါတယ်...မြန်မာလိုဆိုရင်တော့ သူငယ်တန်း ပေါ့...။ ဒါပေမယ့်
ဒီနိုင်ငံရဲ့  မိခင်ဘာသာရော၊ အင်္ဂလိပ်ဘာသာကိုပါ သင်ရပါတယ်...။
ကျောင်းက ပြန်လာတာနဲ့  ကျောပိုးအိပ်လေး ဖွင့်ပြီး ကျောင်းက ဆရာမ ပေးလိုက်တဲ့ အိမ်စာ လေ့ကျင့်ခန်း လုပ်တော့တာပါဘဲ..။
ဟိုတစ်နေ့ ကတော့ အင်္ဂလိပ်စာလေ့ကျင့်ခန်းလုပ်နေရင်း စာကြောင်း တခုရဲ့ စာလုံးပေါင်းဆိုရင် ဘာနဲ့ စ” တယ်ဆိုတာလေး မေးမိပါတယ်..။ တစ်ဆက်တည်းဘဲ လူနာမည် စာလုံးပေါင်းလေးတွေ မေးမိပါတယ်.....
“ သား...မိုး ဆို ဘာနဲ့ စ ပေါင်းမလဲ”
“ အယ် မ်”
“ ဟုတ်ပြီ...ဆန်း ဆိုရင်....”
“ အက်စ်”
“ နန္ဒာ......”
“ အယ်န်”
“ ထွန်း....”
“ ထီ (တီ)..”
“ ဇော်...ဆိုရင်ရော....”
အဲဒီ ဇော် ကို စာလုံးပေါင်း သူ စဉ်းစားနေပါတယ်...မေ့နေပုံပါ..မသိတာလည်း ဖြစ်နိုင်တာနဲ့  ကျနော်က ...သား ဒီမှာကြည့် ...
ဘာနဲ့ စလဲ...” ဆိုပြီး သူအတွေးပေါ်အောင် ကျနော့် ဇက်ကို လက်ညှိုး ထိုးပြလိုက်ပါတယ်...
သားကလည်း သွက်သွက်လက်လက် ပြန်ဖြေပါတယ်......။
ဆရာမ တန်ခူး ဆိုရင်တော့ ထိုင်ငိုမလားဘဲ...ဂျစ်တူးတောင် ဘေးက မျက်ရည်ဝဲနိုင်ပါတယ်....။ ကြည့်ပါဦး....
“ သား သိပြီ... ဇော် ဆိုရင် လည်ပင်းနဲ့ စ ပေါင်းတယ်”

သစ်နက်ဆူး

13 comments:

La said...

ဟားဟား..
အကိုကလည်ပင်းသွားထိုးပြတာကိုး....
S.M

TNS said...

ဟုတ်တယ်ဗျ...ဘယ်လိုလုပ်သိလဲ..
သရုပ်ပြဆရာမှားသွားတာ...။

ဂျစ်တူး - gyit_tu said...

အမလေး ကိုဆူးရဲ့ ရယ်လိုက်ရတာ ။ ဒါက ကလေးတွေရဲ့ သိပ် ဖြူစင်မှုကို ပြတာပဲ ။ သူတို့က အရှိကို အရှိအတိုင်း မြင်တတ်ကြတယ်လေ ။ လည်ပင်းကိုထိုးပြရင် လည်ပင်းကိုပဲ မြင်တာမျိုး ။ လည်ပင်းဆိုတာ ဇက် လို့လည်း အဓိပ္ပါယ် နောက်တမျိုး ရှိနိုင်တယ်လို့ မတွေးမိ ။

လူတွေက အသက်ကြီးလာတာနဲ့အမျှ ကြားရတဲ့ စကားတခွန်းအပေါ် အမျိုး၂ အတွေးဝင်တတ်ကြသလို ၊ မြင်ရတဲ့ အရာတခုပေါ်လည်း ပုံစံအမျိုး၂နဲ့ ချဉ်းကပ်တတ်ကြတယ် ။

ဒါကြောင့် ညီမကတော့ ကလေးတွေရဲ့ အတွေးလေးတွေကို သိပ် မြတ်နိုးမိတယ် ။

ဒါနဲ့ ကိုဆူးသားလေးက ချစ်စရာလေးဗျ ။ ကြီးရင် ချောမယ့်ပုံလေးပဲ ။ သူ့ ပုံလေးတွေ ပုံတူမဆွဲဘူးလား ။ သူကရော ပန်းချီဆွဲတာ ၀ါသနာပါလား ။

ကျမကတော့ အဖေနဲ့ခပ်ဆင်ဆင်ဖြစ်ပြီး စာတိုပေစ ရေးရတာ ငယ်ငယ်တည်းက ၀ါသနာပါခဲ့တယ် ။ နောက် ဟို၂ဒီ၂ စိတ်ကူးယဉ်တတ်တာမျိုး ။ မောင်လေးကျတော့ မေမေ့လိုပဲ စာတကြောင်းတောင် ဖြောင့်အောင် သိပ်မရေးချင် ။ မိဘတွေရဲ့ ဗီဇလေးတွေ သားသမီးတွေမှာ ပါလာတာလည်း စိတ်ဝင်စားစရာ အချက်တခုပဲ ။

TNS said...

ဂျစ်တူး..ရေ..
လာလည်သွားတဲ့ အတွက်ကျေးဇူးပါ...
ကွန်မန့် အတွက်လည်း ပိုပြီး နွေးနွေးထွေးထေါ် ဖြစ်မိပါတယ်..။
သားက ပန်းချီတော့ ဆွဲတယ်...မော်ဒန်အတ်ပေါ့..။
အင်ပရက်ရှင် ကားတွေ ဆွဲမယ်ဆို သားတို့ အရွယ်ကလေးတွေ ဆွဲတာလေးတွေ တစေ့တစောင်း
ပြန်လေ့လာရတယ်...။
ကျနော့်အမြင်က ဖန်တီးတဲ့ အနုပညာက ရိုးသားဘို့ လိုတယ်လို့ ယုံကြည် ထားတာ..။
ဂျစ်တူးပြောသလိုဘဲ....ကလေးတွေရဲ့ ဖြူစင်တဲ့ အတွေးက တော်တော် ချစ်ဘို့ ကောင်းတာ..။
သားက အတွေးများတယ်..ဒီနွေတုန်းက
သားအဖ၂ယောက် အပြင်မှာထိုင်နေရင်းကနေသူ
ဘာမေးတယ်ထင်လည်း...
“ အဖေနဲ့ အမေ သေသွားပြီးရင်..သားဘ၀မှာ
ဘာလုပ်ရမလဲ” တဲ့..
တော်တော်ဖြေရခက်တယ်..ဘာအတွေးဝင်သွားလို့ လဲ မသိပါဘူး...
ကျနော်က တော့ သူ့ ကို နင့်နင့်နဲနဲ မဖြစ်စေချင်လို့ 
“ ငိုချလိုက်ပေါ့ သားရယ်” လို့ ပြောတာ
သူ သိပ်မကျေနပ်ဘူး...
“ ငိုပြီးရင် ပြန်ရှင်မှာလား” ဆက်လုပ်နေလို့ 
မနည်းစကားလမ်းကြောင်းပြောင်းရတယ်..။
..သားတို့ မောင်နှမတွေက မိဘဗီဇလေးတွေတော့ပါတယ် ဂျစ်တူးရဲ့ ...
နောက်မှ ပြောပြမယ်...
သားကချောတာ အဖေတူလို့ ( ချင့်ယုံ)။
...
ဂျစ်တူး အဖေက စာရေးဆရာလား..ဂျစ်တူးက အဖေ့ဘက် လိုက်တယ်ဆိုလို့ လေ...
ဒါပေမယ့် သမီးတစ်ယောက်ရဲ့ .........
ခရက်ဒစ် အကြွေးလေးတွေကို ရှင်းပေးပြီး ဆုံးမစကားပြောတာကို ဖတ်ရကတည်းက လေးစားမိပါတယ်...
ဂျစ်တူး ကံကောင်းပါတယ်...
ထာဝရကံကောင်းပါစေ...။

ဂျစ်တူး - gyit_tu said...

ကိုဆူးရေ .. ၆ နှစ်အရွယ်လေးနဲ့ အဲလိုမေးခွန်းမေးတာ အံ့သြစရာပဲ ။ ချစ်စရာလည်းကောင်းပနော် ။ တွေးရတာ ကြိုက်တဲ့ပုံစံကတော့ ခုတည်းက ပေါ်နေပြီ ။

ညီမအဖေက စာရေးဆရာတော့မဟုတ်ပါဖူး ။ သူ ငယ်ငယ်က စာတိုပေစတွေ တက္ကသိုလ်က မဂ္ဂဇင်းအတွက်ရေးခဲ့တာမျိုး လုပ်ဖူးတယ် ။ သူရေးထားတာတွေ ငယ်၂တုန်းက ဖတ်ဖူးတယ် ။ ဒါပေမယ့် ညီမတို့ နိုင်ငံခြားပြောင်းလာတော့ အကုန်ကျန်ခဲ့တယ်လေ ။ ဖေဖေက ညီမ အသက်ကြီးမှ ကဗျာလေးတပုဒ် မေ၂နဲ့ ကတောက်ကဆဖြစ်တုန်း ရေးဖြစ်ခဲ့တယ် .. အောက်မှာ ဖတ်ကြည့်ပါဦး ..

ခွင့်လွှတ်ပါ

သက်မျက်ခြယ်ရယ်
ဘယ်ဆီသို့မှန်း
ကြွမြန်းနေလဲ
ကို့သဲကြွေရ
ငိုရရက်ပေါင်း နည်းလှဘူး ။

မေတ္တာတရား
သစ္စာထားကာ
သနားကြင်နာ
ယုယကာနှင့်
တခါကဇာတ်လမ်း မေ့ဘူးထင့် ။

စဉ်းစားစမ်းပါ
သူဇာသက်ရယ်
ကိုရယ် သက်ရယ်
မြေ၀ယ်မဆုံး
ရေမဆုံးနှင့်
ပြုံးပြုံးရွှင်ရွှင်
ကြင်နာယုယ
ပိုက်ထွေးခဲ့ကြ တို့ဘ၀လေ ။

လင်နဲ့မယား
လျှာနဲ့သွားလို
စကားငြင်းခုံ
ကြုံကြိုက်သောခါ
မေတ္တာရှေ့ထား
ကို့အမှားကို
သနားငှဲ့ညှာ ခွင့်လွှတ်ပါ ။

သက်စံပယ်ရယ်
ဘယ်ဆီဘယ်ဝါ
ထွက်ခွာနေလဲ
ကို့သဲတွေကြွေ
လေ၀ယ်ဝဲကာ
ယော်ရွက်ဝါလို
မွဲပြာဘ၀ ရောက်ရပြီ ။

နိဂုံးချုပ်ကာ
ပြောစရာကား
သစ္စာမဏ္ဍိုင်
မေတ္တာခိုင်မြဲ
မယိုင်လဲအောင်
စွမ်းဆောင်ပါဆို့ တို့နှစ်ဦး ။ ။

Moe Cho Thinn said...

hint ပေးတဲ့အဖေကိုရော၊ သားကိုပါ သဘောကျသွားတယ်။ ဒီမှာတော့ ဇက်ကို ဖတ်တာ ဇီ တဲ့။ ဒါဆို ဘယ်လိုများ သရုပ်ပြမှာပါလိမ့်။ :P

ပုံရိပ် / Pon Yate said...

g..o..a..t လည်ပင်း ဆိုသလို ဖြစ်နေပြီ။ :D ကိုသစ်နက်ဆူးရဲ့ သားက ချစ်စရာလေး။
မဂျစ်ရေ မဂျစ် အဖေက ကဗျာရေး ကောင်းပ။ ကဗျာနဲ့ချော့တော့ အမေက စိတ်ဆိုး ပြေသွားမှာပေါ့ နော်။

TNS said...

ပုံရိပ်ရေ...
ဂျစ်တူးဖေဖေ ကဗျာကတော့
ဂျစ်တူးမေမေ စိတ်ဆိုးပြေယုံတင်မက”ဘူး....
ဦးကို ကြွေသွားမှာ...။
ကျောလေးကကောင်းတယ်..
ဘာဖြစ်နေပါပြီ
ဘယ်လိုခံစားနေရပါပြီ ဆိုတာလေးက ထိမှထိ..။

Taungoo said...

အဲဒါ သားသား မှန်တယ်။ ကိုဆူး မှားတာ။
ဟုတ်သားပဲ သူပြောတာ။ အခုတင်ထားတဲ့ ပုံလေးတွေက ကိုဆူးရဲ့ သားပုံလေးတွေပေါ့။
တကယ့်ကို လူချောလေးဖြစ်လာမှာပဲ။ ငယ်တည်းက ချစ်မွေးပါတယ်ဗျ။

ဂျစ်တူး - gyit_tu said...

ဖေဖေ့ကဗျာကို အားပေးကြတာတွက် ကျေးဇူးပဲ ပုံရိပ်လေးနဲ့ ကိုဆူးရေး) ဖေဖေနဲ့ ကြုံရင် ပြောပြလိုက်ပါဦးမယ် ။

ကောင်းကင်ကို said...

ကလေးက ချစ်စရာလေးဗျ။

တန်ခူး said...

သားလေးက ချစ်စရာလေးနော်… မျက်လုံးလေးတွေက လှလိုက်တာ… သူ့ ဖြေပုံလေးက အပြစ်ကင်းလွန်းပါတယ်… အဲဒါကလေးလေးတွေရဲ့ ဖြူစင်မှုပေါ့… ကိုသစ်နက်ဆူးရေ သူတို့ တွေရဲ့ ငယ်ဘ၀က အဲလို အလွဲလေးတွေက ကိုယ့်အတွက် မေ့မရတဲ့ ချစ်စရာ အမှတ်တရလေးတွေပေါ့….

SDL said...

နိုင်ငံခြားသားရုပ်ကလေး နဲ့ ချစ်စရာလေး