Friday, October 31, 2008

“ သေခြင်း၏ အခြားမဲ့၌.....” ။ ၁ ။



ကြိမ်ဖန်များစွာ ဘ၀တစ်ခု၌ ဖြစ်တည်ခြင်း၊ မွေးဖွားခြင်း၊သေဆုံးခြင်းတို့ ကို ဖြတ်သန်းကျင်လည်ခဲ့ ရသော်လည်း၊ထိုထိုသော
ဘ၀များစွာထဲမှာပင်၊ မသိနားမလည်မှု၊တွေဝေစွဲလန်းမှုတို့ ဖြင့် ....ဘယ်ကလာမှန်းလဲ ကိုယ်တိုင်မသိ၊ ဘယ်ကိုသွားရမယ်ဆိုတာလဲ
ကိုယ်တိုင်မသိဘဲ လောက အမှောင်တိုက်ထဲတွင် ကိုယ်မပိုင်သော ရုပ်၊ ကိုယ်မနိုင်သော စိတ်တို့ ၏ စေစားခိုင်းစေမှုကိုသာ...
ခုံမင်စွာ ဖြတ်သန်းနေသူတို့ အဘို့  မမြင်မတွေ့ ကြိုတင်မသိနိုင်သော.....သေခြင်းတရားကို မေ့ နေခဲ့ မိသည်....
သေခြင်းတရားကို ကြောက်နေခဲ့ မိသည်.....
တစ်ကယ်တော့ သေခြင်းတရားသည် ကြောက်ရွံ့ စရာ မဟုတ်ပါ...။
လူတစ်ယောက်၊သတ္တ၀ါတစ်ခု သေဆုံးခြင်းသည် ရုပ်ခန္ဒာမှ နာမ်စိတ်ထွက်သွားခြင်းမျှပင်..။
တစ်နည်းပြောရလျှင် အသက်ထွက်သွားခြင်း....။ ထိုသေဆုံးခြင်းသည် လုံးဝမနာကျင် အရမ်းညင်သာသည်...။
ဝေဒနာပြင်းသူ၊ အကုသိုလ်ကြီးမားသူဖြစ်က သေခြင်းကို ပြင်းစွာ ခံစားရသည်ဟု ပြောဆိုနေသော်လည်း အမှန်တစ်ကယ်က သေခြင်း
ကို နာကျင်ကြောက်ရွံ့ နေခြင်းမဖြစ်နိုင်...။
သေခြင်းထက် ကြောက်စရာ အကောင်းဆုံး၊ ထိတ်လန့် အားငယ်စရာ အကောင်းဆုံးသည်ကား ၊ သေခြင်းဆိုသော အသိကို
ကိုယ်တိုင်သိရှိပြီးနောက်...
မိမိကိုယ်တိုင်သိရှိလိုက်ရသော....သေခြင်းအလွန်...စာမျက်နှာ။
သို့ မဟုတ် သေခြင်း၏အခြားတစ်ဖက် ရင်ဆိုင်မှုပင်...။
..............-=-...............
သံယောဇဉ်များဖြင့် ချစ်ခင်လေးစားရသော ဆရာမှာ ဇာတ်မန်နေဂျာ၏ ကလိန်ကျမှုကြောင့် ငွေ အလွဲသုံးစားမှု၊ လိမ်လည်မှုဖြင့်
၇န်ကုန်တရားရုံးသို့  အမှုချိန်းသွားရဘို့ ဖြစ်လာသည်....ဇာတ်ကဘို့ သာ နားလည်ပြီး ငွေကြေးဇယား၊ အ၀င်အထွက် ဘာကိုမှမသိ...။
တစ်ညလုံးကပြပြီး ပင်ပန်းလွန်းပြီး အိပ်နေတတ်သော...သူများကို ယုံတတ်သောဆရာ....။
အင်မတန်ရိုးသားပြီး အသက်၇၀ ကျော်မိခင်အိုကြီးကို လုပ်ကျွေးနေသောဆရာ...။ မျက်ရည်အ၀ဲသားဖြင့် ဇာတ်ကို ကျနော့်လက်ထဲအပ်သည်..။
၂နှစ်ဆိုသော ဇာတ်သဘင်အတွေ့ အကြုံသာ ရှိသေးသည့် ကျနော့်မှာ...လူ၁၀၀ ကျော်ရှိသောဇာတ်ကို မနည်းထိမ်းရသည်..။
တစ်ဖက်အမှုသည်တရားလိုများကလဲ ဇာတ်ကိုပင်ကလို့ မရအောင် ပွဲပါမစ်၊ပွဲမိန့် တွေကအစ အကွက်ကျကျ ပိတ်သည်...။
အမှန်တော့ ဆရာက သူများထံမှ ငွေဖြင့် ဇာတ်ထောင်ခြင်း...။ ပွဲကလို့ ရသမျှငွေကို မန်နေဂျာမှ တစ်ဆင့် ငွေရှင်ထံ မှန်မှန်ပို့ ခိုင်းသည်....။ ဒါပေမယ့် မန်နေဂျာသာ ချမ်းသာသွားသည်...ငွေက ငွေရှင်လက်ထဲမရောက်..။
ဒီတော့ ကတိဖောက်ဖျက်မှု ငွေလိမ်လည်မှုတို့ ဖြင့် ဆရာ ဒုက္ခရောက်လေပြီ...။
ဆရာက ရန်ကုန်ကို သွားနှင့်ပြီ...။ ဆရာသွားပြီး ၁လ လောက်စောင့်သော်လည်း ဆရာပြန်မလာ...။ တစ်ဆင့် သတင်းအရ
ဆရာ့အခြေအနေ မကောင်းဟုသိရသည်....ဆရာက မွန်ဆိုတော့ မြန်မာစကားကိုလဲ ရေလည်အောင်မပြောတတ်...။
မြန်မာပြည်အနှံ့ တော့ နာမည်ကြီးပါသည်..။( ဆရာ့သိက္ခာအတွက် နာမည်မရေးခြင်းကိုတော့ နားလည်ပေးပါ)။
နောက်ဆုံး လူကြုံဖြင့် ဇာတ်တစ်ဖွဲ့ လုံးကို ရန်ကုန်ပြန်သယ်လာဘို့ ၊ မလိုက်ချင်သူတွေကို ငွေကြေးဇယားတွေရှင်းဘို့ လူကြုံဖြင့်မှာသည်..။
နောက်ဆုံးရန်ကုန်ရောက်တော့ ဆရာ ထားပေးသော ချောင်ကျကျ ရပ်ကွက်လေးမှာ ကျနော်နေသည်. ဆရာက မကြာမကြာလာတွေ့ ပါသည်။ ကျနော် ရန်ကုန်ကို မသွားတတ်မလာတတ်မှန်းဆရာသိပါသည်..။
နောက်ဆုံး ဆရာ လာစဉ်က “ သား လိမ်လိမ်မာမာနေခဲ့ ၊ ဒီနေ့ ရုံးချိန်းနေ့ ဘဲ...ညနေလောက်ပြန်လာမယ်” လို့ ဆရာပြောတယ်..။
ကျနော့်လည်ကတုန်းအဖြူရောင် အကျီ်လေးနဲ့ ယောပုဆိုး အနက်လေးကို ဆရာ့ ကို ပေးဝတ်လိုက်သည်..။
ဒါနောက်ဆုံးခွဲခွာရမယ့်နေ့ ဆိုတာ မသိခဲ့ ပါ...။ မိုးချုပ်တဲ့ အထိ ထမင်းမစားဘဲ အိမ်ရှေ့ လေးမှာ ထိုင်စောင့်နေခဲ့ တာ..။
ည ၁၀နာရီလောက်မှ လူကြီးတစ်ယောက်ရောက်လာပြီး...မင်းဆရာ...အင်းစိန်ထဲ ၀င်သွားရပြီ။ ၃နှစ်လား၅နှစ်လားမသိဘူးဟုပြောလာသည်...။
ကိုယ့်မှာ လူမသိအောင်မျက်ရည်ကျခဲ့ ရသည်...။ ကိုယ့်ငွေလေးကုန်လာတော့ အိမ်ရှင်တွေရဲ့ စကားသံ ပြောင်းလာသည်။အစက ကိုယ်ကဘဲ အိမ်စားရိတ် ပေးနေရတာလေ.။။။ရှိသမျှ အ၀တ်တွေလည်း အိမ်ရှင်သားအမိ က ခဏဟု
ပြောပြီး ယူပေါင်ရောင်းထားတာလဲ ကုန်သလောက်ဖြစ်နေပြီ။
သိချင်တာလေးရှိလို့ မှ နံဘေးအိမ်ကို မေးမရသော ရန်ကုန်၊ အပြုံးတုတွေနဲ့ ရန်ကုန်...။ သူစိမ်းဆန်လွန်းသောရန်ကုန်ကို ကြောက်လာသည်....။
နောက်ဆုံးလမ်းထိပ် လ္ဘက်ရည်ဆိုင်လေးမှာ မထင်မှတ်ဘဲ တွေ့ ရသော လူတစ်ယောက်၏ အဆက်အသွယ်ဖြင့် ရခိုင်က ဇာတ်ဆရာကို
သွားဆုံသည်...။
ကိုယ့်မိဘတွေကလည်း တွေ့ ရာ ကြားရာ စုံစမ်းပြီး အတင်းခေါ်မည့် အခြေအနေ၊ ဆရာ့ကို ရုတ်တရက်ခွဲခွာခြင်း စိတ်ဖိစီးမှု များလာတော့ ဖြစ်ချင်တာဖြစ်ဆိုပြီး...ရခိုင်ကို ရူးရူးမိုက်မိုက်လိုက်သွားတော့သည်...။
အဆင်မပြေမှုဆိုတာ အပေါင်းအဖော်နဲ့ လာတတ်တာ သေချာပင်..။
မမြင်ဘူး၊ မတွေ့ ဘူးသော ရေမြေ တောတောင် သဘာဝကို ငေးရင်း နယ်မြေသစ်ကို ရောက်လာသည်...။ မိုးထဲလေထဲ ပင်လယ်ကိုဖြတ်
လို့ လှိုင်းအမူးတွေမခံနိုင်။ နောက်ဆုံးကျောက်ဖြူကမ်းကို ကပ်မှ သက်ပြင်းချနိုင်သည်..။ ကမ်းနားလ္ဘက်ရည်ဆိုင်လေးမှာ ထိုင်နေစဉ်မှာဘဲ
၁၀၀ တန်ငွေစက္ကူတွေ ဖျက်သိမ်းကြောင်း ရေဒီယိုမှ ကျေညာသောအခါ ကမ္ဘာပျက်မတတ်ခံစားရသည်...မျက်လုံးတွေတောင်ပြာကုန်သည်...။ နောက်ဒေါသစိတ်.. ။ ရုတ်တရက် ပေါက်ကွဲမှုဖြင့် ဇာတ်ဆရာထံမှ စာချုပ်ဖြင့် လက်ခံထားသော စဘော်ငွေ ထည့်ထားသော သားရေအိပ်ကို ယူပြီး ကျောက်ဖြူ ပင်လယ်ရေထဲ အပြီးပစ်ချလိုက်သည်...။
ငွေကြေးကြောင့် ဆရာ ထောင်ထဲ ၀င်ရတာကိုလည်း အခံ ဒေါသဖြင့် နာကျည်းစွာအော်ပစ်လိုက်သည်..။
ဇာတ်ဆရာသားအဖကတော့ တားချိန်တောင်မရလိုက်ဘဲ၊ အမှတ်တမဲ့ လုပ်ရပ်ကြောင့် စိတ်ဆိုးသည်...။
လှိုင်းနဲ့ လေနဲ့ မိုးကလည်းရွာနေတာကြောင့်ဆယ်လို့ မရတော့..။
နောက်ဆုံတော့လည်း လာစမ်းကွာ လောက၊ ဘယ်ပုံစံလာမလဲ ရင်ဆိုင်ဘို့ အသင့် ပြင်ထားသည်...။
မိဘတွေကိုလဲ စိတ်ဆိုးသည်...သားသမီးအဖြစ်ကစွန့် လွှတ်ပြီးရင်လဲ ပစ်ထားလိုက်ပေါ့...အခုတော့ ဒီလိုမဟုတ်..၊
ကျနော်ကသော နေ၇ာတိုင်းကို လိုက်တားသည်...ဟိုလူ့ တရားစွဲ၊ ဒီလူ့ ကို ဖြားယောင်းမှုဖြင့်တရားစွဲ...။
ငယ်ဂုဏ်၊ ငယ်ရုပ်၊ကံ၊စန်း ကောင်းလွန်းသော ကျနော့်အောင်မြင်မှု အညွန့်တွေကို လိုက်ချိုးသလို ဖြစ်နေသည်...။
ရန်ကုန်မှာက ရန်ကုန်လိုက်ခေါ်။ မန္တလေးကတော့ ကားဖြင့်လိုက်လာ....ကနေ ရင်း ပြေးပုန်းရတာတွေ....အောင်မြင်မှု လမ်းစတွေ ပိတ်ခဲ့ ကြသော သူတို့ ကိုမကျေနပ်..။နောက်ဆုံးသူတို့ ခြေရာခံ မရနိုင်သော အဝေးသို့ ပြေးခဲ့ ခြင်းလဲဖြစ်သည်..။
ခုတော့ ဝေးလ့လွန်းသော အရပ်တစ်ခုမှာ...။ အဓိက အကြောင်းက ဆရာ့ကို လွမ်းခြင်း...။တစ်နှစ်တာ တွဲက ခဲ့ ပေမယ့်
ဆရာစားမချန် ပညာအမွေပေးခဲ့သော ကြောင့် ပညာရဲရင့် ပွဲလယ်တင့်ခဲ့သည်....။
အစားအစာမတူသော၊ ဓလေ့စရိုက်မတူ၊စကားပြောမတူသော အခက်အခဲတွေကြားမှာ နေသားကျအောင် ကျိုးစားရသည်..။
ကျိုးစားနေထိုင်၇င်းမှပင် ကလေရာနေရာတိုင်းမျာတွေ့ ရသော...ေ၇တံခွန်တောင်ကျရေ တွေ့ လျှင် ဂျိမ်းစဘွန်းစတိုင်ဖြင့် ရေထဲမှာစိမ်ရင်း ဆေးလိပ်လေးဖွာနေ၇တာကို ပီတိဖြစ်နေရင်း....ဌက်ဖျားဆိုတာကြီးက ဘ၀ထဲကို ရောက်လာသည်...တော်တော်ဆိုးသော အဖျားရောဂါပင်..။
ကွီနိုင်ဆေးတွေ သောက်ပါများတော့ သေတ္တာ ၃၊၄လံးပေါ်မှ ဂျွမ်းထိုးနိုင်သောကျနော်...ကြမ်းပြင်မှာလက်ထောက်ထိုးတာတောင် မလည်တော့...ခြေတွေ မခိုင် ဒူးတွေမခိုင်ဖြစ်လာသည်..။ သူများတွေက ရခိုင်မှာ မဖျားချင်ရင် အရက်သောက်ဘို့ ပြောသော်လည်း လုံးဝမသောက်...။ ဒိတော့ အဖျားကို မခုခံနိုင်..။
တစ်ညတော့ ရှိုးပြီးတာနဲ့ ဝမ်းထဲကပါတုန်တက်လာတော့ မခံနိုင် မိဘတွေကို တရင်း ငိုမိသည်....ရခိုင်ပြည်က ငါ့အတွက် သချိုင်္င်းမြေဘဲဟုသာ တွေး၇င်း ကျိတ်မှိတ်ခံသည်။ မခံနိုင်လောက်အောင်အဖျားတက်နေတုန်း ရခိုင်သားအဖနှစ်ယောက် လာမိတ်ဆက်လို့ တုန်တုန်ယင်ယင်နှင့် ဧည့်ခံစကားပြောရသည်..။သူ့ သားလေးကို သိပ်ချစ်ပုံရသည်... သူ့ သားလေးက ရှိုးမှာ ဘရိတ်ဒန့် စ် ကတာ၊ကြိုးတန်းပေါ်မှာ ကသွားတာကို ကြိုက်လွန်းလို့ မိတ်ဆက်လာကြောင်းပြောရင်း...ဌက်ဖျားတက်နေတာကို သိသွားသည်..။ ခုတော့မကူညီနိုင်သေး...ဇာတ်ကပြီးလို့ ဇာတ်ရာသီပြီးလျှင် သူ့ အိမ်ကိုလာခဲ့ ပါ ၊ဌက်ဖျားပြတ်အောင်ကူညီပေးမည်ဟု ကတိပေးလာသည်...။ လိပ်စာတွေလဲပေးသည်..။
နောက်ဆုံး ဇာတ်ခေါင်းပြုတ်တော့ မြန်မာပြည်မကိုဘဲ ပြန်တော့မည်ဟုတွေးထားပေမယ့် ညကြေးငွေ ရှင်းသောအခါ.......
အဖျားတက်နေလို့ ပဏာမ မကနိုင်တာနဲ့  ဆေးဘိုးတွေဖြတ်သည်ဟုဆိုကာ ဇာတ်ဆရာက ရက်ရက်စက်စက် ငွေတွေကို ဖြတ်ချသည်...။
အားမနာ ပါးမနာ ငွေ၃၀ကျပ်ပေးတော့ ကိုယ့်မှာ အံ့သြလို့ မဆုံး...။ ဘာမှပြောနိုင်စရာအားမရှိ၊ သဘင်ရုံးမရှိ ၊ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်လို့ ပြသနာတက်ရင်တောင်...ကိုယ့်အလောင်း ချောင်းထဲမျောနိုင်သည်...။
နောက်ဆုံးတော့လဲ မလောက်မဌငွေလေးနဲ့ ရန်ကုန် ပြန်လို့ မဖြစ်တဲ့ အဆုံး.....
လိပ်စာပေးခဲ့ သော သားအဖဆီကိုသာ ရောက်အောင်သွားခဲ့တော့သည်...။
ရောက်သွားပြီးသည့်နောက်သူတို့ သားအဖတွေက တာဝန်ကျေပါသည်၊ပြုစုကြပါသည်...ဒါပေမယ့် သူ့ မှာအိမ်တွင်ထမင်းဆိုင်ဖွင့်ထားသော်လည်း...၆မိုင်ကျော်ဝေးသောနေရာမှ အရက်ကို ကိုယ်တိုင်ထမ်းယူပြီး...ပင်ပန်းစွာ အရက်ရောင်းနေတာကို ကျနော်မကြည့်ရက်ပါ။ ဒါကြောင့် ဘာလုပ်ချင်ပါသလဲ...တတ်နိုင်သလောက်ကူညီပေးမယ်လို့ ပြောတော့....
သူက ဘာမှ အစီအစဉ်မရှိပါ...ငွေလဲမရှိပါလို့ ပြောလာသည်...။
ဇာတ်ထောင်ပါလား...ကူညီပြီးကျေးဇူးဆပ်တဲ့ အနေနဲ့  တစ်နှစ်ငွေကြေးမယူဘဲ ကပေးမယ်လို့ ပြောတော့...။
သူတို့ မိသားစုတွေတိုင်ပင်ပြီး....ထောင်လို့ ရရင်ဇာတ်ထောင်မယ်လို့ ပြောလာသည်...။
ကိုယ်ကလဲ ဘာမှ မရှိဘဲ...ဘယ်ကစလုပ်ရမလဲစဉ်းစားရင်း..
“ ဆိုင်းဆရာတွေဘာတွေရှိလား....”
“ကျေးဇူးမကင်းတဲ့ ဆိုင်းသမားညီအကို၃ယောက်ရှိတယ်...ဒါပေမယ့် ဇင်ကျွန်းမှာ”
“နောက်ပြီး...ဆိုင်းဆိုလို့ အရက်နဲ့ ပေါင်သောက်ပြီးပြန်မရွေးတဲ့ မောင်းဝိုင်းတစ်စုံတော့ရှိတယ်” တဲ့ ...။
ကျနော်ရီမောမိတယ်...။
မောင်းဝိုင်းကိုပြခိုင်းတော့ ဖုန်အလိမ်းလိမ်းနဲ့ အကောင်းပါဘဲ..။
နောက်အသိဆိုင်းဆရာကို ခေါ်ခိုင်း၇တယ်...။
ဆိုင်းဆရာကလဲ ကျနော့်ထက်နဲနဲဘဲကြီးပါတယ်...သူနဲ့ တွေ့ တော့...
“ ဘာသီချင်းတွေတီးနိုင်လဲ”
“ ဟိုနည်းနည်းဒီနည်းနည်းဘဲ”
“ ပွဲကြိုက်ခင်ရလား”
“ ကြားတော့ကြားဘူးတယ်....မတီးနိုင်ဘူး၊ အကိုသီချင်းတက်ပေးရင်တော့ ရမှာပါ...”
ကြိုက်ပြီ...။
နောက်အိမ်ရှင်အဘိုးကြီးကိုပြောထားရတယ်..ထမင်းဆိုင်မှာ လူများလာရင် ကျနော်တို့ သီိချင်းဆိုနေမယ်...ဘယ်သူမေးမေး၊ဇာတ်ထောင်ထားတယ်ပြောပါ...။ ဒီလိုညှိပြီး ကျနော်အလုပ်စပါတော့တယ်..။
သူ့ ဆိုင်မှာကလည်းနယ်က ကျောင်းဆရာတွေ ဘာတွေ လခထုတ်ရက်ဆို ထမင်းစား၊ အရက်သောက်တာများတယ်...။
ဒီအချိန်ဆို ကျနော်က ပွဲကြိုက်ခင်သီချင်းကို ဆိုပြီ..။ လူတွေမေးစမ်းစိတ်ဝင်စားကြတယ်..။
မယုံရင်ပုံပြင်တာမှတ်တော့ဗျာ...။ လူ တစ်ယောက်ရဲ့ ကံတရား...အချိန်အခါ၊ အကျိုးပေး....ဖြစ်ချိန်...ကျနော့်ရဲ့ စန်း။
မင်းသားတစ်လက်၊ဆိုင်းဆရာ တစ်ဦး၊ မောင်းတစ်စုံနဲ့ ပွဲကြိုက်ခင်သီချင်းတစ်ပုဒ်ထဲနဲ့ ...လာလိုက်တဲ့ ပွဲဌားတွေ၊ စရံငွေတွေ...။
ငွေတွေကို အိမ်ရှင်က လက်မခံရဲဘူး...ကျနော်က ကျနော့်ကိုယုံပါ...လက်ခံလိုက်ဆိုပြီး စာချုပ်တွေ လက်မှတ်ထိုးကြတယ်။
ဘယ်လိုစာချုပ်လို့ တွေးမိလဲ...။
သူ့ သားကျောင်းသုံးဗလာစာအုပ်လေးမှာ လက်မှတ်ထိုးကြတာပါ...။ ရလာတဲ့ ငွေတွေနဲ့ မီး၊ကားခွင်၊ လူကြမ်းမင်းသမီး၊လူရွှင်တော်...ကျနော် အကုန်ဌားပြစ်တာ..။
အကုန်ဌားပြီးတာတောင် ငွေတွေက ပိုနေသေးတာ...။ပြည်၊ရန်ကုန်အထီ တက်ဝယ်၊တက်ဌားတာ...။
ကိုယ်စလိုက်တဲ့ ကူညီမှုက တော်တော်အခြေခိုင်သွားခဲ့ တယ်...။ ၁နှစ်အတွင်း ကလိုက်ရတဲ့ ပွဲတွေဗျာ...သူတို့ တအိမ်သားလုံး ရွှေဆိုတာ မ၀တ်ချင်မှ အဆုံး...။
ကျနော်အတွက်ကတော့ ရွှေမပြောနဲ့ ညကြေးတောင် မရပါဘူး...ဘာရလဲဆိုတော့ ဌက်ဖျားဖြတ်ရင်း....အရက်ဆိုတာကို
သောက်တတ်လာတာ.။
သူ့ အဖျားဖြတ်ဆေးက အရက်ဦးရေရယ်( လ္ဘက်ရည်ရှယ်ခွက်သေးတစ်ခွက်စာ) ငပိစိမ်းစားကွမ်းသီးလုံးအရွယ်၊ဆနွင်းမှုံ့ စစ်စစ်
ကွမ်းသီးလုံးအရွယ်နဲ့ ကလိုရိုကွင်း၎ လုံးကို မွှေပြီးရောသောက်ရတာပါဘဲ...။ ခါးလိုက်အ၀င်ဆိုးလိုက်တာမှ ဘယ်လိုမျိုချရမှန်းတောင်မသိ။
အဖျားပျောက်ချင်တော့လဲ ကျိတ်မှိတ်သောက်ရတာပေါ့...။
တစ်ဖက်မှာကလဲ ငွေကြေး ရဲ့ ရိုက်ခတ်မှုကြောင့် အပြောအဆိုတွေလွတ်လာကြတယ်...။ စတုန်းကတော့ ဆင်းရဲတဲ့ ဘ၀ကနေအဆင်ပြေတော့ ဇာတ်အဖွဲ့ သားတွေကို ကျေးဇူးရှင်တွေလို ဆက်ဆံပြီး...နောက်ပိုင်း ငွေကြောင့်ပင် ဇာတ်အဖွဲ့ သားတွေအပေါ်မှာ မောက်မာရိုင်းစိုင်းစွာပြောဆိုလာတော့တာပါဘဲ..။
ကျနော်က မပြောသင့်ကြောင်းပြောတဲ့ အခါ ၊ကိုယ့်ကိုပါ ငြူစူလာတော့တာ..။
အဖွဲ့ သားနဲ့ ဇာတ်ဆရာ...။
တစ်ဖက်က ဘ၀တူ သဘင်သည်တွေ...။
တစ်ဖက်က ကိုယ့်ကို ခေါ်ထားပြီး လက်ခံအဖျားဖြတ်ကျွေးမွေးတဲ့ ကျေးဇူးရှင်..။
ဒီနှစ်ခုကြားမှာ စိတ်ညစ်လာတယ်...ထွက်သွားဘို့ ကလဲ...သူတို့ အခြေမခိုင်သေးတာကိုယ်ဘဲသိတာ..။
နောက်ဆုံး...စိတ်ညစ်လာတော့ အရက်ကိုသောက်မိတာပေါ့...အင်မတန်အ၀င်ဆိုးတဲ့ ဌက်ဖျားဆေးကို သောက်လာတဲ့ ကျနော်လေ..။
သူတို့ ပြင်းတယ်လို ပြောတဲ့ ဓနိအရက်ကို ရေမရောဘဲ...ငါးကြင်းဖန်ခွက်နဲ့ အပြည့်သောက်တတ်လာတယ်...သောက်ရင်လဲ...တစ်ခွက်ကို တစ်ကြိုက်ဘဲ...အသက်မရှုေ၇မကူ...အမြည်းမလို..။
နောက်ဆုံး...တစ်ပုလင်းလုံးတစ်ချီထဲမော့တော့ သင်ပေးတဲ့ ဆရာပါတားယူရတယ်...။
အပေါင်းအသင်းတွေစုံလာတာနဲ့ အမျှ ပျက်စီးရေး လမ်းကြောင်းပေါ်မှာ မိုက်မိုက်မှားမှားလျှောက်တော့တာ...။
အရက်၊ ဆေးခြောက်၊ တက်ပလက်၊ ဒိုင်ယာစီဗင် အကုန်ချတော့တာ..။
မူးယစ်ဆေးတွေသုံးသလောက်နာမည်ကလဲတက်နေတာ...စန်းကလဲတက်နေတာ...။
ဘာမှမသိတော့ ဘာမှမကြောက်ဘူး...ဘာမှမစဉ်းစားတော့ ဘာမှမတွေးနိုင်တော့ဘူး...။
ဘယ်လောက်ထိမသိလဲဆို...ကိုယ်သေဘို့ အစီအစဉ်ကိုယ်တိုင်ဆွဲပြီး...ပြဇာတ်တစ်ပုဒ်အသစ်ရေးတော့တာပါဘဲ....။
အချိန်အခါ နေရာဆိုတာ....အသင့်အကွက်ချပြီးသားတွေပါလေ...။

ဆက်ပါဦးမယ်.....။

13 comments:

ဗေဒါရီ said...

ရေးနေပြီဆိုတာနဲ့ refresh တွေ လုပ်ရင်း စောင့်နေလိုက်ရတာ။ စောင့်ရကျိုးနပ်အောင် ဖတ်လို့လည်း ကောင်းပါပေတယ်။ ဒါပေမဲ့ ကောင်းခန်းကျမှ ဖြတ်ထားလိုက်တာတော့ ... မကောင်းဘူးရှင်။

ဒီစာကို ဖတ်နေရင်းနဲ့ မမြင်ရတဲ့ ကံကြမ္မာရဲ့ အကြောင်းတွေးနေမိတယ်။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု၊ မကောင်းမှု (ကံ) တွေဟာ အကျိုးပေးခွင့် ကြုံရင် ကြုံသလို ပေးတော့တာပဲနော်။
ကိုဆူးရဲ့ ကံကြမ္မာ အပြောင်းအလဲ ကြုံရပုံက စိတ်ဝင်စားစရာ ကောင်းတယ်။
နံပါတ် (၂) ကို စိတ်ဝင်တစား စောင့်မျှော်နေပါတယ်...။

စူး said...

အမြန်ရေးပါဗျို့

ကန့်လန့်ကာကြီးရယ်နေပါဦးးး
ဆိုတော့
ဆက်ရန်ကြီးရယ် မြန်ပါဦး
ဖတ်လို့ကောင်းနေတုန်းးးး

စူး said...

ဆင်းရဲသားတွေ အထူးသဖြင့်ငွေ မမြင်ဘူးသူတွေဟာ ငွေကိုင်ရပီဆိုရင် ပေါက်သင်ညိုလိုပဲ ဘဝမေ့သွားတတ်ကြပါတယ် အကို..။

အဲဒီလိုလူတွေဟာ နိုင်ငံရပ်ခြားမှာ တော်တော်များများ တွေ့နိုင်ပါတယ်။

မြတ်နိုးကတော့ အဲလိုလူမျိုးတွေကို အော့နှလုံးနာတယ်။ ဇီးသီးသည်မဗျိုင်းတွေလေ.. သူတို့ဘယ်သဝကလာလဲ ဆိုတာ တခါတည်း မေ့ပစ်လိုက်ကြတယ်။

မသက်ဇင် said...

စာရေးတော်တော်ကောင်းတာပဲ--
စိတ်ဝင်တစားဖတ်နေရင်း---
ဆက်ရန်ဆိုတော့--- ဆန့်တငန့်ငန့် ဖြစ်သွားတယ်---
မြည်တမ်းမိတယ်လေ---
ကျမ ကို မကျေနပ်--ဘူး ဆက်ရန်--
ဆိုလို့---တဲ့
ဖတ်သူတွေကို--
ကိုယ်ချင်းစာလာတတ်တယ်--
နားလည်ပါတယ်လေ--
ဘလောဂ့်ရေးရတာမို့လား--
အဆက် ကို မျှော် နေပါတယ်ရှင်---

နှင်းဆီဖြူ said...

အမြန်ရေးပါ ကိုသစ်နက်ဆူးရေ.....
ဖတ်ချင်လှပြီ.... အတော်ဘဝစုံတာပဲ.....
ဘဝစုံတဲ့လူတွေက စာရေးအတော်ကောင်းကြတယ်.....

Shweaung said...

အစ်ကိုဆူး...
အစ်ကို့ဘ၀အကြောင်းကိုဖတ်ရတာ.. မင်းသိင်္ခရဲ့ ဇာတ်ကောင် လိုဘဲစိတ်ဝင်စားစရာ ကောင်းတယ်...
ဒါပေမယ့်မင်းသိင်္ခ ထက်ပိုကြိုက်တယ်.. တကယ့်ဘ၀ကိုအရေးအသားကောင်းနဲ့ထိန်းလိုက်တော့ တကယ်ကိုသုတ ရသတွေပေးတဲ့စားကောင်းတွေဖြစ်လာတာပေါ့..
ဆက်ရန်ကိုမျှော်နေတယ်နော်.. မတိမ်းမစောင်းဘိန်းမောင်းနဲ့မြန်မြန်လေးဇာတ်ဆရာ..

Heartmuseum said...

ကိုသစ်နက်ဆူး ရင်ထဲကို ဆူးတချောင်း စိုက်လိုက်ပြန်ပြီ။
ငွေဆိုတာ အထိန်းမတတ်ရင် ပြဿနာကြီးတယ်ဆိုတာ မြင်နေတွေ့နေ ကြားနေတယ်ဗျာ။ သုံတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးပေါ့....

... said...

အကိုရေအမြန်ရေးပါဗျို့...
ဖတ်ရတာဆန့်တငင်ငင်ကြီး.....

ဆောင်း said...

:-) စိတ်ဝင်စားစရာဘဲနော်

အိမ်လွမ်းသူ said...

ဘဝဇတ်ဆရာရေ တယ်လည်းစုံသကိုး... ဇတ်နာလှတဲ့ ဇတ်ဆရာရဲ့ အဆုံးသတ်လေးကို စောင့်မျှော်နေပါတယ်...

Moe Cho Thinn said...

ကိုဆူးရေ
ကောင်းလှပါလား။
ကိုဆူးရဲ့ ဘ၀ကလဲ အတိုက်အခိုက်၊ အနိမ့်အမြင့်တွေနဲ့ တောင်စဉ်တောင်တန်း လိုပါပဲလား။ အဲဒီအထဲကမှ ဘ၀ရဲ့ ပညာကို ထုတ်ယူ တည့်မတ်နိုင်ဖို့က တကယ် မလွယ်ပါဘူး။ ကိုဆူးစာတွေဖတ်ရင် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့၊ ဖြစ်အောင်လုပ်တဲ့ confidence မျိုး ရတတ်တယ်။ ခြေမဲ့လက်မဲ့ကနေ ဇာတ်တခု ထောင်ဖို့ မလွယ်ဘူးလေ။
မျှော်ပါရစေအုံး။

ဂျစ်တူး - gyit_tu said...

တကယ်ပဲ အတက် အကျတွေများတဲ့ အကို့ဘ၀အကြောင်း ဆက် ဖတ်ချင်လှပါပြီ ... ။

Thet Oo said...

လူ့သဘာဝကိုက “အိတ်ဖောင်းရင် စိတ်ပြောင်းတယ်” တဲ့။ စာဆိုရှိတယ်မဟုတ်လား.. ဇာတ်ဆရာ။