Saturday, November 1, 2008

“ သေခြင်း၏အခြားမဲ့၌ ” ဇာတ်သိမ်း



အကျိုးကြောင့် အကြောင်း၊ ကာလ၊ ဒေသ......ဖြစ်ရမယ့် အချိန်ရောက်လာသောအခါ....။
ဒီရက်ပိုင်းမှာမှ ပြဇာတ်ကို အသစ်ရေးပြီး ဇာတ်သိမ်းကို ထူးထူးခြားခြားလေးနဲ့  တရားခံကို ကြိုးမိန့် ဖြင့် ပေးသေပြီး ဇာတ်သိမ်းထားသည်..။ ဇာတ်ဆရာက သားအကြီးဆုံးသဘောထားသောကြောင့် အသစ်တစ်ခု စဉ်းစားမိတိုင်းသူ့ ကို ချပြတိုင်ပင်သည်...။
ဇာတ်လမ်းက မိသားစု ဇာတ်လမ်း မေတ္တာဘွဲ့ ...။အေးချမ်းလှသော မိသားစုလေးတွင် ဖခင်က နိုင်ငံရေးလှုပ်ရှားမှုဖြင့် အိမ်နဲ့ ဝေးရာကို ရောက်နေခဲ့၊ မိခင်က သမီးနဲ့ သားကို ပင်ပန်းစွာ ရှာဖွေကျွေးမွေး၊ အမေဈေးရောင်းထွက်နေလျှင် အမက မောင်လေးကို သီချင်းဆိုသိပ်...ချော့...။
လင်သားအိမ်မှာ မရှိခြင်းကို အခွင့်ယူလျှက် မိခင်ကို မျက်စေ့ အောက်မှာပင်...လူ၃ယောက်က စော်ကားခြင်းကို နာကျင်စွာ ခံစားလျှက် အမေကသူ့ ကိုယ်သူ အဆုံးစီရင်တော့...ကလေး၂ယောက် လန့် ပြီးတစ်ကွဲစီထွက်ပြေး....။
ကျနော်က အမေ့မောင်နှင့် တွေ့ ရင်း ဘ၀တွေကို ဖြတ်သန်းရင်း လက်စားချေသံသရာတွင်...ကျင်လည်..။
မိခင်အတွက်လက်စားချေခြင်းနိုင်ငံရေးကို မြေအောက်ယူဂျီအဖြစ်လှုပ်ရှားရင်း ဥပဒေက အလိုရှိသူဖြစ်လာသည်...။
ဖမ်းဆီးဘို့ အပူတပြင်းစွမ်းဆောင်နေသူက လုံးဝ မမှတ်မိသော အမ အရင်း...။
နှိပ်စက်ရင်းက အမမှန်းသိတော့ အဖမ်းခံ။ အမက တရားလိုပြ အစိုးရသက်သေ။
အမိန့် ချမည့် တရားသူကြီးက နိုင်ငံရေး ပြောင်းလဲမှုများကြောင့် အရောင်ပြောင်းနေသော ဖခင်...။
နောက်ဆုံးကြိုးမိန့် ...။
ကြိုးစင်ပေါ်ရောက်တော့မှ သားမှန်းမောင်မှန်း ဦးလေးပြောလို့ သိရတော့....ဘာမှလုပ်လို့ မရ။
အမကို ငယ်ငယ်က ချော့သော၊ အိပ်ယာကနိုးနေကျ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီိချင်း ဆိုပေးဘို့ နောက်ဆုံးအခွင့်တောင်း....။
သီချင်းနားထောင်နေရင်း ကြိုးခလုပ်ဖြုတ်....ဒါပါဘဲ.။
ဇာတ်လမ်းကို ကြိုက်သော်လည်း ဇာတ်ဆရာက ကြိုးပေးတာ မလုပ်ဘို့ ပြောသည်...။ ဇာတ်ဆရာမက လုံးဝ သဘောမတူ.
အမေတို့ ခွင့်မပြုနိုင်ဘူး လို့ တားသည်...။
ကျနော်က ဇွတ် ကြိုးမိန့် မှ မဟုတ်လျှင် ဒီပြဇာတ်မတင်ဟုတင်းခံသည်..။ ဒီလိုဖြစ်ရမယ့်သူက ဒီလမ်းကြောင်းကိုသာ အတင်း
ဖန်တီးနေသည်ကို လုံးဝသတိမမူ။ နောက်ဆုံးဇာတ်တဖွဲ့ လုံးရဲ့ ဖန်တီးမှုက ကျနော့်လက်ထဲမှာဆိုတော့ ခွင့်ပြုလိုက်ကြပါတယ်...။
အဲဒီအချိန်မှာ ကျနော့်စိတ်ထဲဖြစ်နေတာက ပြဇာတ်မှာကြိုးဆွဲချရေးသာ အဓိက ဖြစ်နေခဲ့ တာ ၊အံ့သြဘို့ ကောင်းတယ်..။
ခွင့်ပြုလိုက်ပြီဆိုတော့ ပြဇာတ်အတွက်လိုအပ်တာတွေကို ပြင်ဆင်ရသည်...၊ အဓိက အချက်က ကြိုး နှင့် မိမိကို လည်ပင်းကြိုးစွပ်မည့်သူ..။ ပရိတ်သတ်မသိအောင်ကိုယ်တွင် ဖျောက်ကြိုးကို အ၀တ်အောက်မှာ...ခံဝတ်ထားရသည်...။ လည်ပင်းကို စွပ်မည့်ကြိုးက ဟန်ပြ၊
ထိုကြိုးကွင်းမှာ ပရိတ်သတ်မမြင်နိုင်သော သံချိတ်ငယ်တစ်ခု ပါသည်။ ပရိတ်သတ်အမြင်တွင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး...
ကြိုးကွင်းစွပ်သူက လူမသိအောင် ကိုယ်မှ ဖျောက်ကြိုးနှင့် သံချိတ်လေးကို ချိတ်ထားခဲ့ ရမည်၊ ပြီးမှ ကြိုးခလုပ်ဖြုတ်ယုံသာ...။
ထိုသံချိတ်လေးမှာ ကိုယ်တိုင်လုပ်လို့ မလွယ်သဖြင့် ပန်းပဲဖိုတွင် သေချာအပ်ရသည်...။
ပြဇာတ်အတွက်လုံးပန်းနေသော်လည်း..စိတ်တွေက နောက်ကျိကျိ၊ ဘာကိုလွမ်းနေမှန်းလည်းမသိ၊ တစ်မျိုးဘဲ..။
ဒါပေမယ့် လူကတော့ပုံမှန်ပင်...။ ညအိပ်တော့မည်ဆိုလျှင် ငါးကြင်းဖန်ခွက်နဲ့ အရက်တစ်ခွက်တော့ သောက်ပြီးမှ အိပ်ယာဝင်တာ။
မူးမူးနဲ့ အိပ်ပျော်သွားတော့လဲ ဘာမှကိုမသိတာ...။
...........................။..............................
ကိုယ်ပိုင်ခန်းအဖြစ်ပေးထားသော အိပ်ခန်းထဲတွင်...လင်းကနဲ ဖြစ်သွားလို့ ကြည့်လိုက်တော့ ၀တ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်တစ်ဦး..။
ပုတီးနှင့် သူ့ ရှေ့ မှာတော့ ကန်တော့ပွဲ တစ်လုံး...။
“ ကလေး...မင်းအတွက် အချိန်မရှိတော့ဘူး....မင်းအရဟံ ဂုဏ်တော်ရသလား”
“ အစအဆုံး မရပါဘူး...အရဟံ ၃လုံးဘဲရတယ်”
“ဒါဖြင့်ရတဲ့ အရဟံ ကိုဘဲ မနက်ည ပုတီး ၉ပတ်စိတ်ပါ....”
“ ဘာဖြစ်လို့ လဲ...“
“ မမေးပါနဲ့ ...ဒါပေမယ့် မင်းလုံးဝ ပျက်ကွက်လို့ မရဘူး..မင်း ..ခြေလေးချောင်းသတ္တ၀ါ၊သားငါးတွေ မစားပါနဲ့ တော့...ရပ်လိုက်ပါ...
ပြီးတော့ သတ္တ၀ါတေါကိုမေတ္တာပို့ ပါ။အားမငယ်နဲ့  ကလေးဘေးမှာ...အဘရှိနေမယ်“
ဒီလိုပြောပြီးတာနဲ့  အဖြူရောင်အငွေ့ တွေ အဖြစ်နဲ့ ပျောက်ကွယ်သွားတော့တာပါဘဲ..။
လန့် နိုးလာတဲ့ အခါ ဒါအိမ်မက်ပါဘဲလေ လို့ တွေးမိသော်လည်း ဘယ်လိုမှ မေ့ ပျောက်မရပါ..။
လာရောက်ပြောဆိုသွားသော အဘိုးအို...သိပ်ထူးခြားသည်..။
စကားပြောတာ အနွေးဓါတ်တွေပါနေသလို စကားသံက အေးဆေးသည်....မျက်နှာမှာ ကြင်နာမှုတွေ၊ကရုဏါတွေ တွေ့ နေရသည်...။
ဘာသာခြားမှလာသော လူတစ်ယောက်အနေနဲ့ သူ့ ကို ဘယ်သူမှန်းလဲ မသိ၊ ဘယ်လို ပုဂ္ဂိုလ်လို့ လဲ မစဉ်းစားတတ်ပါ။
ဒါပေမယ့် သူ့ ရုပ်သွင် ဟန်ပန်ကို မှတ်မိနေသောကြောင့် ချက်ချင်းမီးထထွန်းပြီး...ပုံဆွဲစက္ကူတွင် စီပီယာ အညိုနုရောင်ဖြင့် သူ့ ပုံတူကို
အနီးစပ်ဆုံး ဆွဲပြီး ခေါင်းရင်းမှာ ကပ်ထားလိုက်သည်..။
နောက်မနက်မှာ ဇာတ်ထဲတွင် ပုတီးလိုက်ဌားတော့ အဖွဲ့ သားတွေက ရယ်နေကြပြီး၊ တစ်ချို့ က မင်းသားတော့ စောစောစီးစီး ၃ပင်လိမ်( အရက်+ ဆေးလုံး+ ဆေးခြောက်) နေပြီထင်တယ်ဟုပြောကြ၊စကြသည်..။ အဖွဲ့ သားအားလုံးကတော့ ကျနော့်ကို တော်တော်ခင်မင်ကြ ၊ချစ်ကြသည်..။ လိုအပ်လာတော့ရှားပါးလိုက်သည့် ပုတီး..တော်တော်နှင့်ဌားလို့ မရ..။
နောက်ဆုံး မှ လူကြမ်း ဦးလေးကြီးက မင်းသားလိုရင်ယူစိတ်ပါ...ပေါက်ကရတော့ မလုပ်လိုက်ပါနဲ့ ဟုပြောပြီး...ပုတီးဌားပေးသည်.။
ပုတီးရတာနဲ့ အပေါ်ထပ်ကို ပြန်ပြီး အခန်းကို ဂျက်ချကာ ပုတီးကို အာရုံပြုပြီး စိတ်သည်..။
ထိုအိမ်မက်ထဲက အဘိုးအို ဘာကြောင့် အချိန်မရှိတော့ဘူး လို့ ပြောတာလဲဆိုတာ မစဉ်းစားတတ်ပေမယ့် ပုတီးကိုတော့ စိတ်ချင်နေမိသည်...။ ထမင်းကိုတောင်ဆင်းမစားတော့...။
ညရောက်တော့ ပုတီး၉ပတ်စိတ်ပြိးအိပ်ခဲ့ သည်.။
ပုခုံးကိုဆတ်ကနဲ ရိုက်ပြီး....“ ဟေ့....ထစမ်းကွာ..” ရင်ခေါင်းသံပါနေသော အသံမာမာတစ်ခုကြောင့် ကျနော်လူးလဲ ထလိုက်သောအခါ
ဆံပင်များက ပုခုံးကျော်ပြီး ကျောလယ်လောက်ရောက်နေပြီး..ပင်နီတိုက်ပုံကြမ်း၊ ပုဆိုးအနက်ကွက်ကြီးဖြင့် တင်ပလင်ချိတ်ထိုင်နေသော
မျက်နှာမာထန်ထန်နှင့် လူကြီးတစ်ယောက်ကိုတွေ့ ရသည်..အသားညိုညိုနှင့် အညာသားကြီးနှင့်တူသည်..။
ပါးစပ်ထဲမှာလဲ ကွမ်းတွေဝါးနေသည်...ပါးစပ်ကညာဘက်ကိုနဲနဲစောင်းစောင်း..။ သူ့ ဘေးမှာ ကြီး( ကြေး)ကွမ်းအစ်နှင့် ကန်တော့ပွဲမပါ...။
သူ့ ကိုတော့ တွေ့ တာနဲ့ စိတ်ထဲမှာ ကြောက်နေသည်..။
“ လူမိုက်.....”
“ ဗျာ....ကျနော်လား”
“ အေး...မင်းဘဲ..မင်းက မိဘ သိက္ခာမထောက်လုပ်တဲ့ ကောင်....မင်း အရက်လုံးဝမသောက်နဲ့ တော့”
“ ကျနော်......”
“ ဘာမှမပြောနဲ့ ...မင်းအရက်ဖြတ်....ကတိပေး၊ ”
“ ဟုတ်ကဲ့ ...ကျနော် ကတိပေးပါတယ်....မသောက်တော့ပါဘူး”
“ အေး...ကတိဖျက်ရင်တော့ ငါ မကယ်နိုင်ဘူး...ဒါနဲ့ ဟိုပုံက မင်းဆွဲထားတာလား”
“ ဟုတ်”
“ အေး...တူတယ်...သူကတော့ အေးတယ်နော်..ငါကတော့ ခပ်ကြမ်းကြမ်းဘဲ...ငါပြောတာနားမထောင်ရင်တော့ မင်းထိုက်နဲ့ မင်းကံ”
“ဟုတ်ကဲ့ ” ( ဟုတ်ကဲ့ က လွဲပြီး..ဘာမှမပြောရဲအောင်ကို စိတ်ထဲကသူ့ ကို ကြောက်နေတာ)
“ အေး...ငါသွားမယ်...ကတိတည်ပါစေ”.................။
အသံသြသြကြီး ပျောက်သွားတာနဲ့  လန့် နိုးလာပြီး တုန်တုန်ယင်ယင် ဖြစ်နေသည်..။
တစ်ခါမှ မတွေ့ ဘူး သူတွေ ၂ညဆက်တိုက်ရှိနေပြီ...။ စိတ်ထဲမှာ ထူးခြားနေတယ်ဟုထင်လာတယ်...။
နောက်တော့ မီးလေးထထွန်းပြီး ပုံဆွဲတော့တာပါဘဲ...သူ့ ပုံက ဆွဲရတာ ပို ပြီး ပုံဖမ်းရလွယ်နေတယ်..။ နောက်ပြီး သူ့ ကို ကြောက်ပေမယ့် စိတ်ထဲမှာသူ့ ကို ပိုခင်မင်သလို ဖြစ်နေတာ...။ တွေးပြီးပြုံးနေရာက သူ့ အသံသြသြကြီး နားထဲမှာပြန်ကြားပြီး
ပုံကို ခေါင်းရင်းမှာကပ်ပြီးတာနဲ့ စောင်ကို ခေါင်းမူးခြုံပြီးအိပ်တော့တာဘဲ..။
ဒါက ဒုတိယအိမ်မက်......။
နောက်ရက်မှာတော့ အရက်အိုးနားတောင် ဖြတ်မသွားရဲ...။ အခန်းဘအြောင်းနေတော့ ဇာတ်ဆရာက အကုန်လုံးကို ရမ်းနေပြီ။
“ငါ့သားကိုစိတ်ညစ်အောင်ဘယ်သူလုပ်လဲ...ဘာဖြစ်နေတာလဲ...စသဖြင့်”( သူကတော့ တော်တော်ချစ်ပါတယ်)။ ခဏနေတော့ လက်ထောက်မင်းသားလေးတံခါးလာခေါက်ပြီး....
အကို့ အဖေ ..အကို့ ကို မတွေ့ လို့ ...အကုန်လုံးကို လှဲ့ ဆူနေတယ်...အကို ဆင်းလာလိုက်ဦး...”
အောက်ဆင်းလာတော့...
“ မင်း မျက်နှာ ဒီရက်ပိုင်းငြိုးနေတယ်...ဘာဖြစ်လဲ”
“ ကျနော်ဘာမှ မဖြစ်ပါဘူး...အဖေ”
“ဖြစ်တယ်...ငါလဲကြည့်နေတာ....” ဇာတ်ဆရာအမေကပါ စကားဝိုင်းထဲဝင်ပါလာသည်...။
“နင် အမြဲပြုံးနေတဲ့ လူက...အခုရက်ပိုင်း မပြုံးမရယ်နဲ့ ...ငါတို့ ဘယ်လိုနေရမှန်းမသိဘူး”
“ ကျနော်ဘာမှ မဖြစ်ဘူး....“ “ကဲ...ဒါဖြင့် ထမင်းစားကြမယ်...ကဲ..မြတင် ထမင်းပြင်...။
ထမင်းပွဲနှင့်အတူ အရက်ပါ..ထည့်လာသည်...။
အခါတိုင်း ထမင်းစားခါနီးတိုင်း ၂ယောက်အတူတူ သောက်နေကြ..။
ကျနော် မသောက်ဘဲ ထမင်းကို တန်းစားတော့ ...
“ ဘာဖြစ်လို့ မသောက်တာလဲ...”
“ဟင့်အင်း...ကျနော် မသောက်တော့ဘူး...”
သူဘာမှ ဆက်မပြောပေမယ့် ကျနော့်ကို သေချာကြည့်နေတာပါ...။
ကိုယ်တွေးနေတာက ကိုယ်က ပုံမှန်နေတယ်လို့ ထင်နေပေမယ့်...ကိုယ့်ကို ဘာကြောင့်မျက်နှာငြိုးနေတယ်လို့ ပြောတာလဲ ဆိုတာဘဲ..။
စိတ်ထဲမှာ လွမ်းသလိုလိုဖြစ်နေပြီး...နဲနဲအားငယ်သလိုဖြစ်နေတာတော့ အမှန်ဘဲ...။
ညရောက်တော့ အခန်းပိတ် ပုတီးစိတ်တော့တာပါဘဲ...။ ပြီးရင်မေတ္တာပို့ ပြီးအိပ်...။
....................
အမွှေးနံ့ တွေ ပန်းနံ့ တွေ အခန်းထဲမှာ သင်းပျံ့ မှုနှင့် အတူ...
“ သား.....ထဦး..” ဆိုသည့် အင်မတန်နွေးထွေးသောအသံ ကြောင့် ထကြည့်တော့ ...ခြင်္သေ့ပေါ်မှာ ထိုင်နေသော အင်မတန်လှသည့် အမျိုးသမီး တစ်ဦး....အိန္ဒိယ အ၀တ်အစားများနှင့် ထူးခြားချက်က အင်မတန်လှတာနှင့် များပြားလှသော သူ့ လက်တွေပါဘဲ....။
“ သား ပုတီးစိတ်ရဲ့ လား....”
သူ့ ကိုတွေ့ တော့ ကျနော်ငိုချင်နေတယ်...။ ကျနော့်စိတ်ကိုသူသိနေပါတယ်..။
“ မငိုနဲ့ သား ၊ သားက သတိမရပေမယ့် သားနောက်မှာ အမေ အမြဲ ရှိနေတာပါ...”
“ သားအဘတွေ ပြောတဲ့ စကားကို နားထောင်ပါ...မင်းက အမေ့ သားပါ...ဒါပေမယ့် သားပျက်စီးနေတာကိုး...”
“သား...မိန်းကလေးတွေကို ရှောင်ပါ”
“ ကျနော် ဘယ်သူ့ ကိုမှ ဒီနေ့ ထိ မဖျက်ဆီးခဲ့ ပါဘူး”
“ ဒါကိုသိတယ်....မိန်းကလေးတွေကို...ရှောင်ဘို့ ပြောတာပါ။ ချစ်သူရှိနေရင်လဲ...မဆက်သွယ်နဲ့ ၊သံယောဇဉ်တွေဖြတ်ပါ...
အရေးအကြောင်းရှိရင် အမေ့ ကို သတိရလိုက်ပါ”
စကားဆုံးတာနဲ့ ပျောက်ကွယ်သွားတာပါဘဲ...။ ကိုယ်လဲ မီးလေးထထွန်းပြီး ပုံဆွဲတော့တာဘဲ...ဆွဲရခက်တယ်...မိုးလင်းတော့ပုံပြီးသွားတာပါဘဲ..။ ပြီးတာနဲ့ ခေါင်းရင်းမှာကပ်တော့တာ...။
မိုးလင်းတော့ ပုတီးစိတ်၊ မေတ္တာပို့ ၊ ပြီးတော့ ညီငယ်(ဇာတ်ဆရာသားလေး...မောင်ဖြူချေ) ဆီက စာအုပ်ယူပြီး...
ဖြတ်စာတွေရေးပြီးလူကြုံ အောင်သွယ်တွေနဲ့ ဒီမြို့ လေးထဲကရည်းစား ၆ ယောက်ဆီကိုပို့ ပေးလိုက်တော့တာ..။ အဓိက အနီးဆုံး ၁ယောက်က မယုံနိုင်ဘူး..တွေ့ ချင်တယ်ဆို အိမ်လိုက်လာတော့ အထပ်ခိုးလေးထဲမှာ တက်ပုန်းနေခဲ့ တာပေါ့..။
မပုန်းခင်တော့ ဇာတ်ဆရာ အမေကို ပြောထား၇တယ်...ကောင်မလေးတွေလာရင် ဘယ်သွားမှန်းမသိဘူးလို့ ညာခိုင်းရတာပေါ့...
အမေကတောင်...ဘာလုပ်တာလဲ...သူတို့ မှာ ဘာအပြစ်ရှိလို့ လဲ..ဆိုပြီး ကျနော့်ကို ဆူပါတယ်..။
အမှန်တစ်ကယ်က တစ်ကယ်ဖြတ်မယ်ဆို ရည်းစားအများကြီ်ရှိတာ။ အားလုံးဆို ၄၃ ယောက်ရှိခဲ့တာ..။ မြန်မာပြည်အနှံ့ ပေါ့...တစ်ချို့ ဆို နာမည်တောင်မမှတ်မိဘူး.....။
၊ဒါပေမယ့် သူတို့ က အဝေးကြီးမှာ..။ .ဒါကြောင့်ပြောတာ ၊မင်းသားတွေ အေးတယ်ဆိုတောင် မျောက်လောက်တော့ ဆော့သေးတာလို့ ...။
ဒီလိုနဲ့ ပုတီးစိတ်၇င်းပြဇာတ်တိုက်ရင်း ၆ညမြောက်မှာ အိမ်ပေါ်ထပ်မှာ...ကြိုးခလုတ်ဖြုတ်တာကို လေ့ကျင့်တော့တာဘဲ..။
ဇာတ်ဆရာရော၊ မန်နေဂျာရော...လူစုံပေါ့...။ကြိုးခလုတ်ဖြုတ်မယ့်သူက ဓမ္မာစရိယ ဘုန်းကြီးလူထွက်...ကျနော့်ဆီမှာ မင်းသားကသင်နေတဲ့ ကျနော့်တပည့်ပေါ့...။ ကြိုးကို ဘယ်လိုချိတ်ရမလဲဆိုတာ သေချာရှင်းပြပြီး...အကြိမ်၂၀ လောက် လေ့ကျင့်လိုက်တာ...အားလုံး ချောချောမွေ့ မွေ့ ဘဲ၊ ဘာပြဿနာမှ မရှိဘူး...။
တစ်ကယ်ကမယ့်နေ့ မှာ ၈၈ အရှိန်ကြောင့် ပွဲမိန့် ကို ညကခွင့်မပေးတော့ ရုံထဲမှာ နေ့ ပွဲ အဖြစ်ကရတာပါ..။မြို့ ပေါ်ပွဲပါဘဲ..။
ပရိတ်သတ်ကလဲ ကျိတ်ကျိတ်တိုးနေတာဘဲ...။ (၇)ရက်မြောက်နေ့ ပေါ့။
ကားဆွဲတဲ့  မောင်ဖြူချေကိုလဲ မှာထားရသေးတာ...ကြိုးဆွဲကျပြီးလို့  အကို့ ခြေတွေလက်တွေတုန်ရင် ကားချခိုင်းတာ မဟုတ်ဘူးနော်...အကို သရုပ်ဆောင်နေတာ...သိချင်းဆုံးမှ ပြည်ဖုံးကားကိုဖြည်းဖြည်းချ...။
ကျနော်က ထောင်ဝတ်စုံတွေ သေချာပြင်ထားပြီး၊ ခေါင်းစွပ်ပါစွပ်ဘို့ မှာနေတော့ ဇာတ်ဆရာမက အတင်းတားပါတယ်...ခေါင်းကို လုံဝ မစွပ်နဲ့  ဆိုပြီး ထောင်ခေါင်းစွပ်ကို လုယူပြီး...ရုံပြင်မှာသွားထိုင်နေတော့တာ...။( သူ ကယ်လိုက်တာပါ....)
ပြဇာတ်ကလို့ ကြိုးချမယ့် အခန်းရောက်တော့ နောက်ခံသီချင်းလဲ ၀င်နေပြီ၊ ကြိုးကိုဖြုတ်ဘို့ နာရီကြည့်နေရင်း ထောင်မှုးရဲ့ ...
“ ဖြုတ်” ဆိုတဲ့ အသံနဲ့ အတူ..ကျနော့်တပည့်ကလဲ “၀ုန်း” ကနည်းနေအောင် ကြိုးခလုပ်ကို ဖြုတ်ချလိုက်ပါတော့တယ်။
“အင့်” ဆိုပြီး လည်ပင်းကို ညှစ်လာတာနဲ့ တစ်ပြိုင်တည်း ကျနော်တန်းသိလိုက်ပါပြီ။ တပည့်ဖြစ်သူ သံချိတ်မချိတ်လိုက်ဘူး....
မှားနေပြီ၊ ငါ ကြိုးတစ်ကယ်ကျပြိ ဆိုတာ တန်းသိပါတယ်...။
အံကိုမနည်းကျိတ်ထားပေမယ့် လည်ပင်းကို ၁ကျပ်လုံး ကြိုးကညှစ်လာတာကို မခံနိုင်ပါဘူး...စကားပြောလို့ မဖြစ်နိုင်ပါဘူး...
ပါးစပ်ကို ဟလိုက်တာနဲ့ ကျနော့်လည်ဆစ်ပြုတ်တော့မယ်ဆိုတာ ကျနော်သိနေတယ်...။လျှာကလဲ အတင်းတိုးထွက်နေတယ်...
ဝမ်းဗိုက်ထဲက အူတေါက အပေါ်ပိုင်းကို ကပ်တက်လာတယ်....သတိမလွတ်သေးပေမယ့် ခြေချောင်းလေးတွေက အကြောတွေ တစ်ကိုယ်လုံးဆွဲပြီး လည်ပင်း နေရာကို တုန်တက်လာပါတယ်..။ လက်ဟန်နဲ့ မောင်ဖြူချေကို ကားချဘို့ လက်ပြလဲ၊ ကျနော်မှာထားတဲ့ စကားနဲ့ ဒီတိုင်းဘဲ ကြည့်နေပါတယ်..။ မျက်စေ့တွေပြာလာပြီး ပါးစပ်က သွေးစ တစ်ချို့ ထွက်လာတာကို ပူနွေးမှုကြောင့် သိလာပါတယ်....ပရိတ်သတ်ရော အဖွဲ့ သားတွေရော ဘယ်သူမှ မသိပါဘူး...။ ကျနော်ဖြစ်နေတာကို သရုပ်ဆောင်နေတာဘဲ ထင်နေကြတာပါ..။
နောက်ဆုံး မူးမိုက်ပြီး...ပြာဝေလာပါတယ်...တစ်ကိုယ်လုံးလဲ အကြောတွေ ဆွဲနေလိုက်တာ တုန်ခါနေတာပါဘဲ...။ကျနော့်ကို ဖက်ငိုနေတဲ့ သရုပ်ဆောင်တွေကအစ လုံးဝ မသိပါဘူး...။
ကျနော့်  နားထဲက သွေးတွေထွက်လာတယ်လို့ သိလိုက်ပြီးတဲ့ နောက် မြင်သမျှ အရာတွေ အားလုံး ဝေး၀ါးလည်ပါတ်လာပြီး....
လူတွေ လန့် အော်တဲ့ အသံ၊ ငိုသံ ၊ပြေးလွှားသံ၊ ဆူဆူညံညံတွေ တဖြည်းဖြည်းတိုးသွားပြီး မှောင်အတိကျသွားပါတော့တယ်..
.........
( ကျနော်နောက်မှသိရတာက ပွဲခင်းထဲမှာ နယ်မြေလုံထိန်း၊ ကိုလှမြင့်နဲ့ ရဲတပ်သား ကိုမောင်လွင်( အစ္စလာမ်ဘာသာဝင်)တို့ ကြည့်နေတာ.
ကျနော်ကြိုးစကျကတည်းက သူတို့ က ဇာတ်ဆရာကို ပြောပြီး၊ ရပ်လိုက်ဘို့ ပြောပါတယ်၊ ကျနော်မျက်နှာ တစ်ချက်မဲတက်သွားတာ သူတို့ သိနေတာပါ...နောက်ပြီ်းနားထဲကပါ သွေးတွေ ထွက်လာတော့ သူတို့ က ပွဲကနေတာကို ခုမရပ်ရင် ခင်ဗျားကို လူသေစေလိုမှုနဲ့ ဖမ်းမယ်ပြောပြီး...ရပ်ခိုင်းတာပါ..ပြီးတော့ တစ်ကယ်ဖြစ်နေတာ..သူ့ ကို ကြိုးဖြတ်ချလိုက်တော့ လို့ အော်မှ လူရွှင်တော် စနေက ကျနော့်ကို ဖမ်းပွေ့ ခဲ့ ပြီး ကြိုးကို ဖြုတ်ချခဲ့ ကြတာပါ..ပွဲလည်းပျက်သွားတာပေါ့)။
.......
.......
အရာအားလုံးဆူညံနေရာကနေ တစ်ပြိုင်တည်း တိတ်ဆိတ်သွားပါတယ်...။ ပြီးတော့ အသံတွေ ဆူညံနေတော့ နားထောင်လိုက်တဲ့ အခါ ငိုသံ၊ ပြေးလွှားသံ ဆူညံနေလို့ သတိဝင်ပြီး ကြည့်မိတော့.... ကျနော်က လေထဲမှာပါ...ဘာကြောင့်လူတွေ ပြေးလွှားအော်ငိုနေတာလဲ သိချင်လို့ ကြည့်မိတော့ ကြမ်းပြင်ပေါ်မှာ လူငယ်တစ်ယောက်လဲကျနေတယ်...လူတွေက ဖက်ငိုနေကြတယ်...ဘေးနားမှာ ဇာတ်ဆရာနဲ့ ထောင်မှုးလုပ်တဲ့ သူကို လက်ထိပ်ခတ်နေကြတယ်...။
ဘယ်သူဘာဖြစ်တာလဲ သိချင်လို့  ကြည့်မိတော့ ငါနဲ့ တူလိုက်တာလို့ ထင်မိပါတယ်...
သူဝတ်ထားတဲ့ အ၀တ်အစား၊ပုံစံ ၊ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားတေါကို ငုံ့ ကြည့်ရင်း...ငါပါလားဆိုတာ သိလိုက်ပါတယ်...။
အံ့သြစရာကောင်းတာက အဲဒီခန္ဒာကိုယ်ကို လုံးဝ မခင်တွယ်ဘူး...၀မ်းနည်းစိတ် မဖြစ်ဘူး....ဥပမာတစ်ခုပေးရရင် ကျနော်တို့ တံထွေး
ကိုထွေးထုတ်ပြီးတဲ့ နောက်...ငါ့ တံထွေးက ဘာအရောင်လဲ၊ ဘယ်သူများတက်နင်းမလဲ မတွေးမိသလို ကိုယ်ထွေးထုတ်တဲ့ တံထွေးကို နှမြောတသ လုံးဝဖြစ်မနေသလိုပါဘဲ...။
အဲဒီရုပ်ကောင်ဖြစ်ပျက်ခံစားလဲကျနေတာကို ဘာမှ စိတ်မှာ မခံစားရပါဘူး...လုံးဝလဲံသံယောဇဉ်မတွယ်ပါဘူး...။
ငိုနေတဲ့ သူတွေကိုလဲ...ဘာဖြစ်လို့ ငိုနေကြတာလဲ၊ ငိုစရာမလိုပါဘူး..လို့ ထင်မိသလို၊ငိုနေလို့ လဲ သနားစိတ် မဖြစ်မိပါဘူး...။
နောက်အရာအားလုံးမှောင်ကျသွားပြီး အသံလုံးဝမရှိသော နယ်မြေသစ်.....။
ကိုယ့်ရဲ့ ကိုယ်က ပေါ့ပါးလွန်းနေသော်လဲ....မှောင်မိုက်တိတ်ဆိတ်လွန်းသော နယ်မြေကြောင့် တစ်ခါမှ မခံစားဘူးသော အားငယ်မှုက
ဖြစ်လာသည်.....။
အလွန်အားငယ်စိတ်ဖြင့်ပါတ်ဝန်းကျင်မှောင်မှောင်ကိုကြည့်နေရင်း အဝေးမှ အလင်းနုနုလေးကို တွေ့ လိုက်ရတယ်...။
အလင်းက မှိန်ပေမယ့် အေးမြနေတယ်...။ ဒီအလင်းကို တွေ့ ရမှ ...ငါအဲဒီအလင်းဆီကိုသွားရမယ်ဆိုတာ သိလာတော့တယ်...။
လွင့်မြောမှုနဲ့ အတူ သွားနေရပေမယ့်...ဝေးကွာလွန်းလိုက်တာလို့ ခံစားရသည်...။ တစ်ဖက်က အားငယ်စိတ် ...
ဒီနေရာကိုရောက်ကိုရောက်မှ ဖြစ်မယ်ဆိုတာ အလိုလိုသိလာတာနဲ့ အမျှ အဲဒီ အလင်းဆီ ကိုဘဲ တိုးတိုးဝင်ဝင်သွားနေရတာ မောဟိုက်လာတယ်...။
အလင်းပိုင်နက်ထဲကိုရောက်လာမှ အလင်းတန်းဟာ လှိုဏ်ခေါင်းလိုဖြစ်နေတာသိလာရပါတယ်....အလင်းက အ၀ါနုနုလေးဆိုပေမယ့် အေးမြပြီး ပိုလင်းလာပါတယ်....နောက်တော့ မြူငွေ့ တွေလိုဖုံးလွှမ်းနေတဲ့ နေရာကို ရောက်သွားပါတယ်...။အံ့သြစရာကောင်းပါတယ်...
အခန်းတွေဟာ မီးခိုးငွေ့ တွေလိုဖြစ်နေပေမယ့် အထဲကိုဝင်လို့ မရပါဘူး.....အခန်းတွေ အများကြီးပါ.. အခန်းတွေထဲမှာ ၀တ်ရုံဖြူတွေနဲ့ သွားနေတာ ထိုင်နေတာတွေ တွေ့ ရပါတယ်...။သွားနေတာတေါက လမ်းလျှောက်စရာ မလိုဘဲ အလိုလို မျောလွင့်နေကြတာပါ...။
ကိုယ်က နေရာ လိုချင်လို့ အခန်းကို ခေါက်ရင် ပါးစပ်က ပြောစရာမလိုဘဲ...စိတ်နဲ့ ဘဲ ပြောရတာပါ..။
သူကစိတ်နဲ့ ပြောတာကိုလဲ ကိုယ်နားလည်သလို ကိုယ့်စိတ်ထဲက ပြောတာတွေကိုလဲ တစ်ဖက်လူတွေက နားလည်နေပါတယ်...။
သူတို့ ဆိုလိုတာက ဒီအခန်းက မင်းအတွက်မဟုတ်ဘူး ဆိုတာပါဘဲ...။
နောက်ထူးခြားတာက တစ်ချို့ စိတ်နဲ့ စကားပြောနေပေမယ့် မျက်နှာပြင်က မှန်တွေလိုဘဲ...မျက်စေ့ နှာခေါင်းပါးစပ်မရှိပါဘူး...
သူတို့ ဘ၀တွေ အရမ်းအေးချမ်းနေပါတယ်....။
ဝေဒနာခံစားရတာတွေ အသံတွေ ဘာမှ မရှိပါဘူး.....။
ကိုယ်တစ်ယောက်ထဲ ဘယ်သွားရမှန်းမသိဖြစ်နေစဉ်မှာဘဲ ၀တ်ရုံဖြူနှစ်ယောက်က ကျနော့်လက်မောင်းကို တစ်ဖက်ဆီဆွဲပြီး...
တစ်နေရာကို လေထဲမှာလွင့်ပြီး ခေါ်သွားတာပါဘဲ..။
မြူငွေ့ တွေနဲ့ ဖွဲ့ စည်းထားသော ခန်းမတွင်းရောက်လာတဲ့ အခါ ပါဝါ အကြီးဆုံးပုဂ္ဂိုလ် ကို ထိုင်နေရက်တွေ့ ရတာပါ...သူ့ ဘေးနားမှာ ၀တ်ရုံဖြူတွေနဲ့ ၅ယောက်လောက်ရှိပါတယ်...ကိုယ့်စိတ်ထဲမှာ အားငယ်စိတ်နဲ့ မျက်ရည်ကျလာပါတယ်...တစ်ပြိုင်တည်းကြမ်းပြင်မှာဒူးထောက်ထိုင်ချမိပါတယ်...။ နောက်တော့စိတ်နဲ့ ဘဲ မေးဖြေပါတော့တယ်...
“ မင်းနာမည်.....”
“ ..........ဇော်....ပါ” ( ကျနော်က ဇာတ်မင်းသားနာမည်ကိုဘဲဖြေတာပါ)
“နာမည်ပြော....”
တစ်ခြားအမည်...ဥပမာ ကျောင်းနာမည် အိမ်နာမည်တွေပြောလဲ....လက်မခံပါဘူး....။
နောက်မှ ဘေးက ပုဂ္ဂိုလ်တစ်ဦးက “ ဇာတာထဲက နာမည်အမှန်”
“ ကျော်စွာ”
ဒီအခါမှမှန်တဲ့ အနေနဲ့  ဘေးကို ပြောလိုက်တော့...ကျနော့်အမည်နဲ့ ရေးမှတ်ထားတဲ့ စာအုပ်ထူ ကြီးတွေ လာပေးပါတယ်....။
ကြောက်စရာ ကောင်းလိုက်တာဗျာ....
သိတတ်ကတည်းက မနေ့ ကအထိ ပြုလုပ်ခဲ့တာတွေ ရေးထားတာ...ငယ်ငယ်က ပုရွက်ဆိတ်လေးတွေ သတ်ခဲ့ တာ...ဒါးခုတ်ကောင်လေးတွေကို ခြေချိုးခဲ့တာကအစ....ပြုလုပ်ခဲ့သမျှကို တစ်ယောက်ကဖတ်ပြတော့....ကျနော်အပြစ်တွေကို တွေးပြီး...
ရှိုက်ကြီးတငင်ငိုမိတော့တာပါဘဲ...။ ကျနော်ငိုနေမှ.... ပါဝါအကြီးဆုံ ပုဂ္ဂိုလ်က....
“ မင်းကို ဒီဘုံ...ဒီနေရာကနေ တာဝန်တွေပေးပြီးလွှတ်ခဲ့တာ...မင်းမေ့နေတယ်...မင်းမကောင်းမှုတွေဘက်ကို သွားနေပြီး....
ဒီနေရာ ဒီမိဘတွေရဲ့ သားသမီးဖြစ်ပေမယ့် ဒီလို အမှားတွေ ဆက်လုပ်နေရင်၊ မင်းတာဝန်ကိုရပ်ဆိုင်းပြီး ပြန်ခေါ်ရတော့မယ်...
ပြီးတော့ မင်းဒါဏ်ခတ်ခံရတော့မယ်.....မင်းကို ခေါ်သတိပေးတာ....မင်းယူထားတဲ့ တာဝန်မင်းသိလာပါလိမ့်မယ်.....။ မင်း လူတွေကို ကယ်ရဦးမယ်...ဘ၀ဘ၀က ဆွေမျိုးတော်စပ်ဘူးသူတွေကို လဲ မင်း ဖြည့်ဆည်းကူညီရဦးမယ်....မင်းစဉ်းစားပါ....”
သူ့ စကားဆုံးတာနဲ့ တစ်ခန်းလုံးတိတ်ဆိတ်သွားတာပါဘဲ.....။
ကျနော် နောင်တတွေရနေပါတယ်....၀မ်းနည်းနေပါတယ်....။
“ မင်းဆုံးဖြတ်ပြီးပြီလား....”
“ ကျနော် ကတိပေးပါတယ်...ကျနော်မှားခဲ့ပါတယ်”
“ဒါဆို မင်းပြန်တော့......”
“ ကျနော် ပြန်လို့ မရတော့ဘူး....ကျနော် သေဆုံးခဲ့ ပြီးပါပြီ”
“ မင်းကို အပြီးပြန်ခေါ်တာ မဟုတ်ပါဘူး....ခေါ်ပြီး သတိပေးတာပါ...မင်းပြန်လို့ ရပါတယ်...”
“ ကျနော် မပြန်ချင်တော့ဘူး.....လူတွေကို ကြောက်တယ်..သူတို့ သိပ်ရက်စက်ကြပါတယ်...”
“ မပြန်လို့ မရဘူး...မင်းတာဝန်တွေရှိနေတယ်..” (သူ့ အသံနဲနဲမာလာပါတယ်....)
ကျနော်က မပြန်ပါရစေနဲ့ တော့လို့ တောင်းပန်နေတုန်းမှာဘဲ .....
“ သူ့ ကို ပြန်ပို့ လိုက်” ဆိုတဲ့ အသံနဲ့ အတူ... ကျနော့်ကို ၂ယောက်က ဆွဲယူလိုက်တာနဲ့  မြင်နေရတဲ့  မြင်ကွင်းတွေ အားလုံး ပျောက်ကွယ်သွားပြီး....
ကျနော် လဲကျနေတဲ့ နေရာအနားကို ပြန်ရောက်လာပါတယ်...ကျနော်က ခန္ဒာကိုယ် အဟောင်းထဲကို မ၀င်ဘဲ လှည့်ပြန်မယ်လုပ်တော့
ဝတ်ရုံဖြူတစ်ဦးက ကျနော့်ရင်ဘတ်ကို ခတ်ဆတ်ဆတ်လေးတွန်းလိုက်တာနဲ့ ကျနော့်ရုပ်အလောင်းဆီကို လဲကျပြီး....
“ အင်းး...”လို့ ငြီးတွားမိရင်း မျက်လုံးဖွင့်လိုက်တာနဲ့ ...ဘေးနာကနေ လန့် ပြေးသူပြေး ဖက်ထားသူဖက်ထားနဲ့ ငိုသူတွေနဲ့ ၊ ၀မ်းသာအား၇အော်လိုက်သံတွေ ကြားပြီး သတိရလာပါတော့တယ်...။
တစ်ချို့ က မကောင်းတာဝင်စီးတယ်ထင်ပြီး... ရေမန်းတွေနဲ့ ပက်ကြပါတယ်...နောက်အဘွားကြီးတစ်ချို ကြ ....ဇော် သတိလည်လာပြီလို့ ပြောမှ...သူများတွေ အားလုံး ၀မ်းသာအားရဖက်ငိုကြတာပါ...။
လည်ပင်းတစ်ခုလုံးနာနေတယ်...။ တံထွေးတောင်မျိုချလို့ မရပါဘူး....ဘေးမှာဆရာဝန်တစ်ယောက်နဲ့ သူနာပြု တစ်ယောက်၊ ဆေးစစ်ချက်ယူနေကြရာက အံ့သြပြီး ကြည့်နေပါတယ်...။
ဆရာဝန်ကတော်တော်အံ့ာသနေခဲ့တယ်...။ ကျနော် ကြိုးဆွဲကျပြီးချိန်မှာ အသက်လုံးဝမရှု၊ နှလုံးမခုန်ဘူးလို့ ပြောပါတယ်...။
ကျနော်စဖြစ်ချိန်ကနေ သတိရချိန်အထိ ၄ နာရီ နီးပါး ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်....။
နောက်တော့ ရဲကို အမှုပိတ်ပေးဘို့ ကျနော်ကိုယ်တိုင်လက်မှတ်ထိုးပေးရပါတယ်...ဘာလို့ လဲဆိုတော့ ဇာတ်ဆရာနဲ့  ထောင်မှုးလုပ်တဲ့ ကျနော့်တပည့်ကို လူသေမှုနဲ့ အချုပ်ထဲ ထည့်ထားလို့ ပါဘဲ...။
ဇာတ်ဆရာက တော့ ငါ့ကိုထောင်မကျစေချင်ရင်ဒီပြဇာတ်မလုပ်ပါနဲ့ တော့လို့ ပြောပါတယ်...။
ကနော့်တပည့်ကလဲ ငိုတာပါဘဲ....“ အကို့ကို ကျနော် သတ်တာ...ကျနော် မှားခဲ့တာပါ။ကျနော့်စိတ်ထဲမှာ သံချိတ်ကိုချိတ်လိုက်မိတယ်ဘဲထင်နေခဲ့တာပါလို့ ပြောပါတယ်...။
ကျနော်သူ့ ကို ယုံပါတယ်...မာန်အောင်ဘဲပြန်တော့မယ်လုပ်နေလို့ မနည်းတား၇ပါသေးတယ်..။
...........
ဒါပထမအကြိမ် သေရွာက ပြန်လာခဲ့ ရတာပါ....မယုံနိုင်စရာတွေ အများကြီးပါ...ဒိုင်လျှိုပြီးလည်းချန်မရေးချင်လို့ အမှန်အတိုင်းရေးထားတာပါ...။ ပြောမယုံ၊ကြုံဘူးမှ သိ” ဆိုတဲ့ စကားရှိပါတယ်...။
မယုံနိုင်စရာကို ဘာလို့ ရေးလဲဆိုရင် သေခြင်းတရားက လူတိုင်းကြုံရမှာပါ....။
သေခြင်းက ကြောက်စရာ မကောင်းဘူး....သေလွန်ပြီးတဲ့ နောက်ကဘဲ ကြောက်စရာကောင်းတာပါ...။
ရင်ဆိုင်ရမယ့် ဘ၀သစ်နယ်မြေသစ်တွေကို သိစေချင်လို့ ပါ.။ တစ်ချို့ ကိစ္စတွေက ကျနော့်ကိုယ်ပိုင်ကိစ္စတွေပါ....။
နောက်ကြုံ၇င် တာဝန်ကျလာတယ် ဆိုတာကို ရေးပါဦးမယ်....။
ဒါပေမယ့် အားလုံဒီနေရာကိုဖြတ်ရပါလိမ့်မယ်.....
မိမိ ဘာတွေ လုပ်ခဲ့ လဲ...
ဘာတွေလုပ်နေလဲ.....
ဘာလုပ်ဦးမလို့ လဲ...ဆိုတာ...ကိုယ်တိုင်ဘဲ သိကြမှာပါ...။
ဒီပို့ စ်လေးကို ဖတ်ပြီး...တစ်ခုခုကိုတော့ သတိရနေစေချင်ပါတယ်....။
ဒါကတော့ ကိုယ့်ကို အမြဲ ချောင်းနေသော....သေခြင်းတရားပါ..။

လေးစားလျှက်
သစ်နက်ဆူး

21 comments:

ဒူကဘာ said...

အင်းးးးးးးး ရှောင်လွှဲလို့ မရတဲ့ အရာအတွက် သေတတ်ဖို့ ပဲ အကောင်းဆုံး ပြင်ဆင်ထားတော့မယ်။

ဗေဒါရီ said...

ဘလော့ roll မှာ ပို့စ်က တက်နေပြီး ဖတ်လို့က ခုမှရတယ်။ ဘာလို့လဲတော့မသိဘူး။

စာထဲမှာ ... ရည်းစား ၆ ယောက်ကို ဖြတ်တယ်ဆိုတော့ ... ရယ်နေမိတာ ... ရည်းစား ၄၃ ယောက်လဲ ဆိုရော ဟိုက်ရှားဘားလို့ ရေရွတ်မိတယ်။ ဘယ်လိုများ ထားပါလိမ့် .. အဲလောက်များတဲ့ ရည်းစား။ ရည်းစားတယောက် အကြောင်း စာတပုဒ်ရေးရင်တောင် တော်တော်ကြာကြာ ရေးယူရမယ်နော်။ ကုန်ကြမ်းတွေ အများကြီး ရခဲ့တာပေါ့။ :)

ဖတ်ရင်းဖတ်ရင်း ကြိုးဆွဲချတဲ့ အခန်းရောက်တော့ (ရာသီက အေးနေရက်နဲ့) လက်တွေ ချွေးစေးပြန်လာတယ်။ မသေဘူးဆိုတာ သိသိနဲ့ သေသွားမှာလဲ စိုးနေမိတယ်။

ယမမင်း (ထင်တာပဲ) နဲ့ တွေ့တဲ့အခန်းမှာ သူက ပြန်ခိုင်းတာတောင် မပြန်ချင်ဘူး ငြင်းနေလို့ အံ့သြမိသေးတယ်။

ပထမအကြိမ် သေရွာပြန်တာဆိုတော့ ဒုတိယ, ... ဆိုတာမျိုး ရှိနေသေးတယ်လား ကိုဆူးရေ ... ။ အတွေ့အကြုံတွေက တကယ်ကို စုံလည်း စုံပါပေ့ရှင်။

အစအဆုံး ဖတ်ပြီး သက်ပြင်းအကြီးကြီး ချလိုက်မိတယ်။
ဟုတ်တယ် ... သေခြင်းတရားက ကိုယ်နဲ့ လက်တကမ်းမှာ အမြဲရှိနေတာပဲ နော် ... ခုလို သတိပေးတာ ကျေးဇူးပါ ... ။

Moe Cho Thinn said...

ဒီလိုဖြစ်လိုက်တာလဲ တမျိုးတော့ ကောင်းတာပါပဲ။
ဘ၀ တဆစ်ချိုး အလှည့်အပြောင်း တခု ဖြစ်သွားတာပေါ့။ ဒါကြောင့်လဲ အရင်ပို့စ်မှာ မတော်တဆ ကြိုးဆွဲကျတယ်လို့ သုံးတာကိုး။

ကတဲ့ပြဇာတ်ရဲ့ ဇာတ်လမ်းလေးကို ကြိုက်ပါ့။ ၈၈ မှာ ဒီလို ဇာတ်မျိုး က ခွင့်ရတာ အံ့သြနေတယ်။

ရည်းစား ၄၃ ယောက်ကတော့ တဆိတ် လွန်ပါ့ရှင်။ မျောက်လောက် ဆော့ပေလို့ပဲ နော်..။ ဘုရား ဘုရား။

TNS said...

မဗေဒါရီနဲ့ မမိုးတို့ ရေ....
၄၃ ယောက်ဆိုတာ မလိမ်ချင်လို့ သာ ထည့်ရေးလိုက်ရတာ...
အထင်မကြီးပါနဲ့ ဗျ....မီးရောင်အောက်က မင်းသားတွေကို ခဏတာ ချစ်ခင်တတ်ကြတဲ့ကောင်မလေးတွေကလည်း အများကြီးပါ...
ဒီဇာတ်လာတော့ ဒီမင်းသား နောက်ဇာတ်လာတော့ နောက်မင်းသားပေါ့။။။
သူတို့ ကို အထင်သေးလို့ မဟုတ်ပေမယ့်..
လာမိတ်ဆက်တဲ့ မိန်းကလေးတွေကို အလိုက်သင့် ဆက်ဆံရတာလဲရှိပါတယ်...။
သူတို့ စာပေး ကိုယ်က စာပြန်ပေါ့....ရင်ထဲက ချစ်တာလားဆိုရင်တော့...ပြောရခက်တယ်...။
ကျနော်တစ်ကယ်ချစ်တဲ့ သူ ရှိခဲ့ ပါတယ်...
နောက်တော့ ရေးမယ်..။
ကျန်တာတွေကတော့ အလုပ်သဘောပါဗျာ...။
တခါတခါ ကျနော်တွေးမိပါတယ်...
မင်းသားဆိုတာ ကောင်မလေးတွေ ချစ်ခင်ကစားဘို့ 
အဖြည့်ခံလို့ ပါ...။
အထင်မကြီးပါနဲ့ ဗျာ...။

... said...

စိတ်ဝင်တစားနဲ့ဖတ်လိုက်တာကိုယ်ကိုတိုင်အဲဒီဇတ်လမ်းထဲ ရောက်သွားသလိုပဲ....စိတ်ဝင်စားဖို့ကောင်းပြီး အံသြဖို့လဲ ကောင်းတယ်.... ရီးစား၄၃ယောက်ဆိုတော့ သူတို့နာမည် တွေမှတ်မိဖို့မလွယ်လှဘူး....အကိုက တော်တော်စွံတာပဲ..

ဂျစ်တူး - gyit_tu said...

ရည်းစား ၄၃ ယောက် ကိစ္စကို ဖတ်တော့ ရယ်လိုက်မိတယ်း)

အိမ်လွမ်းသူ said...

ဖတ်လို့လဲကောင်း.. ကိုယ်တွေ့တွေကို ဝေမျှပြီး သံဝေဂတရားတွေရစေတဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဂတိပေးပြီး ရအောင်လုပ်နိုင်တဲ့အတွက် အကျိုးကျေးဇူးပြန်ခံစားရတာလို့ မြင်မိပါတယ်..

အောင်သာငယ် said...

စောင့်ဖတ်နေတာ စိတ်ထဲမှာတော့ ထင်တော့ ထင်သား ...

ကံကောင်းလို့ပေါ့ ကိုသစ်ရာ...

နို့မို့ဆို ဆူးပြတိုက်ကလေးတောင်
ကျနော်တို့ တွေ့လိုက် ကြည့်လိုက်ကြရမှာ မဟုတ်ဘူး။

စူး said...

အစထဲကတော့ထင်ပါတယ်..
အကိုက ပါရမီအထုံရှိရမယ်လို့
တော်တော်များများက ဘာသာပြောင်းကြတယ်။
ထူးထူးဆန်းထန်းတွေ ဖြစ်တယ်။
ရုပ်ကလဲချောတယ်။
ဒါတွေဟာ ရှေးအဆက်ဆက်က ပါရမီဓာတ်ခံတွေပါ။
ဒါကြောင့်လဲ အောင်မြင်တိုးတက်တာပါ။

အမှားကိုလျှောက်ခဲ့ပီးမှ သတိသံဝေဂ ရပီးအမှန်ကိုလမ်းလျှောက်စေခဲ့တာမို့ .. ဒီလိုဇာတ်လမ်းတွေကို ငယ်ငယ်ကတည်းက စိတ်ဝင်တစားရှာဖွေ ဖတ်ခဲ့သူက မြတ်နိုးပါ။

အခုတော့ ကိုယ်တိုင်လေးစားရတဲ့သူက ဒီလို ဇာတ်လမ်း ရှိခဲ့တယ်ဆိုတော့ ..
ယုံပါတယ်။ ဒီလိုဖြစ်ရပ်မှန်ဇာတ်လမ်းတွေက တကယ်ပဲ ရှိခဲ့ပါတယ်။

အကို ဘုရားပုံတူထုခဲ့ကတည်းက အကို့မှာ ပါရမီမရှိပဲ မရနိုင်ဘူးဆိုတာ သိနေခဲ့တယ်လေ..။

မြတ်နိုးက သိသမျှ လူတိုင်း အကို့ဘလော့ကို ညွှန်ပါတယ်။

ဘု၇ားဘု၇ားပဲ..ရီးစားက လဲများလိုက်တာ။ ကွန့်မန့်တွေဖတ်မှတွေ့တယ်။ အကိုက ပြန် ဖျက်ထားတာကိုး။
ဘယ်လိုပဲ မိန်းကလေးတွေကို မဖျက်ဆီးခဲ့ပါဘူးပြောပြော ဒီအချက်ကိုတော့ .. ကန့်ကွက်ပါတယ်။ အဲဒါက ကိုယ့်တင်မက တပါးသူတွေကိုပါ ခံစားရစေတယ်လို့မြင်မိတာကိုး။ ဒါပေမဲ့လဲလေ..သူအပျော် ကိုယပ်အပျော်ဆိုရင်တော့ အကြောင်းမဟူတ်ပေမဲ့ တဖက်က တကယ်ဆိုရင်တော့....မိန်းကလေးမှာ သနားစရာပါ။ ဒါကြောင့်လဲ
မင်းသားတယောက်နဲ့ယူခဲ့တဲ့ သူငယ်ချင်းရဲ့အမ ဆရာဝန်မကို အိမ်က သဘောမတူခဲ့တာထင်ပါတယ်။

GHOSTBELL said...

အစ်ကိုက သူများကိုကျ ကောင်မလေးတွေ အများကြီးထားလို.ပြောတယ်။ အစ်ကိုလဲ အများကြီးရှိတာဘဲ။ အနော်လဲ ၅၀တော့ကျော်ပါတယ်။ အဟဲ။ ၂ပတ်၁ယောက်နော်

နှင်းဆီဖြူ said...

ထူးဆန်းလိုက်တာ ကိုသစ်နက်ဆူး......
အဲဒါပြီးတော့ အိမ်မက်ထပ်မက်သေးလား....
ဒုတိယအကြိမ် သေရွာပြန်အကြောင်းလဲ ရေးဦးနော်...

TNS said...

ပြောတော့ ပြောပါရစေဗျာ....
ရည်းစားဖြစ်ခဲ့ တဲ့ကောင်မလေးတွေကိုတော့
ကိုယ်ချင်းစာပါတယ်....။
ဒါပေမယ့် ရူးမူးမိုက်မှားတုန်းကပါ....
ဒီအဖြစ်တွေ ပြီးသွားတော့လဲ...
ကျနော့်ဘ၀နဲ့ စိတ်တွေ အကုန်ပြောင်းပြန်ဖြစ်သွားခဲ့ တာပါ...။
တစ်ကယ်လဲ မင်းသားတွေမျက်နှာများတာ
ဝန်ခံပါတယ်...။

ပုံရိပ် / Pon Yate said...

ကိုသစ်နက်ဆူးရဲ့ ဘ၀မှာ အတွေ့အကြုံတွေ များလွန်းလှပါတယ်။ ဒီလို ဖြစ်ဖူးရင် ကိုယ့်ဘ၀ကို ကိုယ်ပိုတန်ဖိုး ထားမိမယ် ထင်တယ်။

Heartmuseum said...

ကိုဆူးရေ.... စာကိုဆင်ဆင်ခြင်ခြင်ရေးဗျို့...
မြင်တယ်ဟုတ်... မိန်းကလေးတွေက
ကြိုးဆွဲချတဲ့အခန်းထက် ၄၃ယောက်ကို ပိုသတိထားမိကြတယ်ဗျ....ဟေးးးးး ဟေးးးးးးး
သားသား ကြောက်ကြောက်.....

pandora said...

ကြိုးဆွဲချတဲ့အခန်း ဆန်းကျယ်သလို ၄၃ယောက်ကလည်း ကျနော့်အတွက်တော့ ဆန်းနေသေးတာပဲ။

ကိုဆူးရဲ့ ဖြတ်သန်းမှုတွေကို စိတ်ဝင်တစား စောင့်ဖတ်နေပါတယ်။

စူး said...

အကို..
အဲဒီအဘတွေကို ခုတော့သိပီလားဟင်..

ပထမဆုံးအဘိုးက
အဘဘိုးဘိုးအောင် ဖြစ်မယ်ထင်တယ်
ဒုတိယက အဘဘိုးမင်းခေါင် ဖြစ်ဖို့များတယ်။

ဟုတ်တယ်မလားဟင်..

TNS said...

မြတ်နိုးရေ...
သိပ်သေချာတာပေါ့....
ကျန်တာက ကာလီမာန်မယ်တော်ပါ...။
ဝိဥာဉ်လောကကို မယုံတဲ့ သူအတွက် နောက်ပိုင်းအတွေ့ အကြုံအရ...
မယုံဘူးဆိုတာ မကြုံဘူးသေးလို့ ဘဲဆိုတာကို လက်ခံရတော့တာပါဘဲ...။
နောက်ပိုင်း ၀ိပဿနာ လမ်းပေါ်ကို မရောက်ခင်အထိ နာမ်လောက မှာ ကျင်လည်ရင်း ကြာခဲ့ သလို အတွေ့ အကြုံတွေ ထပ်ရခဲ့ သေးပါတယ်...။
လောကမှာ မဖြစ်နိုင်တာ မရှိပါဘူး....
မဖြစ်သေးတာဘဲ ရှိပါတယ်...။
နော် ကြုံရင် ရေးပါဦးမယ်..။

ဆောင်း said...

မိန်းခလေးတိုင်းတော့ အမြင်ချင်းမတူပါဘူး။ ရည်းစား များတာ သိပ်မဆန်းပါဘူး။ ရုပ်ဆိုးလည်း မိန်းခလေးတွေ ကြိုက်ကြတာဘဲ (ဂုဏ်နဲ့ငွေရှိရင်)။ ကိုဆူးက ရုပ်ရည် အတော်ထူးခြားပြီး မင်းသားဆိုတော့ ဘာပြောကောင်း မလဲ။ ဒါက တော့လွတ်လပ်ပိုင်ခွင့် ရွေးချယ်ပိုင်ခွင့် လူတိုင်း မှာရှိတယ်လို့ မြင်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ အချိန်မှာတော့အိမ်ထောင်ရေးမဖောက်ပြားဖို့ဘဲလိုတာ ပါ

ရည်းစားအကြောင်း ပြန်ထည့်လိုက်ပါလား။ ကိုဆူး အမှန်အတိုင်း ရေးတာကို ကျွန်မ အံ့သြတယ်။ ဘယ်သူမှ ဒီလောက် မရေးချင်ကြဘူး။ ဖြစ်သမျှတွေ ကလည်း အောင်မလေး တ လောက်တဲ့ အစွန်းရောက်ချည့်ဘဲနော်။ ထူးခြားလွန်းလို့ အသစ် ထွက်မထွက် မကြာမကြာ လာကြည့်ပါတယ်ရှင့်

ခွန်မြလှိုင် said...

အလင်းဆီကို ဦးတည်ပြီး လိုဏ်ခေါင်းထဲ ဖြတ်ပျံ ရတာ ရယ် စိတ်နဲ့ပဲ အပြန်အလှန် အမေးအဖြေ လုပ်ကြ တာ ရယ်၊ အဘိုးတို့တွေနဲ့ တွေ့တာရယ် အားလုံး ကြုံဖူး တာချင်း တူနေလို့ အံ့သြနေမိတယ်။ အဲ... မတူတာ ဆိုလို့ ကိုယ်က ပြန်လာဖို့ ငြင်းပြီး ဆက်လက် စပ်စု ပါရစေလို့ တောင်းဆိုတာ ကျတော့ ပြောင်းပြန်ဗျို့

Thet Oo said...

မြန်မာပြည်မှာ နိဗ္ဗာန်ရောက်ကြောင်းတရားပွဲတွေမှာ အမျိုးသမီးပရိသတ်က အမျိုးသားတွေထက်များသလို ကိုဆူးဘလော့မှာလည်း အမျိုးသမီးပရိသတ်ပဲ များနေတယ်ဗျ။ အမျိုးသမီးတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လို ဆက်ဆံသင့်သလဲဆိုတာကို ညီတော်အာနန္ဒာက က ဘုရားရှင်ကို မေးလျှောက်ခဲ့ဘူးတယ်လို့တော့ ကြားဘူးတာပဲ။

Jaung Won said...

ဆရာ့ရဲ့ဇာတ်လမ်းလေးကိုဖတ်ရင်းကျွန်တော်ရဲ့ဖြစ်ရပ်ကလေးတွေကိုလည်းသတိရမိသလိုကျွန်တော်တကယ်ဘာလုပ်သင့်ပြီလည်းဆိုတာလည်းဝေခွဲးဆုံးဖြတ်လို့ရသွားပါပြီ။