Tuesday, October 28, 2008

အနွေးထည်လေး



ဒီပို့ စ်လေးကိုတော့ အနွေးထည်လေးလို့ ဘဲ အမည်ပေးထားတယ်...။ အနွေးထည်ဆိုတာ ချမ်းရင် ၀တ်တဲ့ အကျီင်္ င်္ပေါ့...။
လူသတ္တ၀ါမှန်သမျှ ချမ်းတတ်ကြတာပါဘဲ...။ဒါဖြင့် လူတိုင်းမှာ အနွေးထည်ရှိလားဆိုတော့.....။
တစ်ခါတုန်းက အဖြစ်လေးပါ...ကြာတော့ကြာခဲ့ ပါပြီ...။ ဆရာ ယောဟန်အောင်ရဲ့ အရပ်ပျက်မလေးကို ဖတ်ပြီး သတိရသွားတာပါ...။
မော်လမြိုင်ဇာတ်တွေ တော်တော်များများက ရေးမြို့ နယ်ကို အားထားပြီး ကကြတာ များပါတယ်...။ ကျနော်တို့ လည်းရေးခွင်တွေကို ပိုပြီးကရပါတယ်...။ ဇာတ်မင်းသားဆိုတာ ပရိတ်သတ် မိတ်ဆွေ ပိုများပါတယ်..။
များတာမှ လူစုံ၊ ၁၂ရာသီ ပွဲဈေးရောင်းသူပါတယ်၊ လောင်းကစားသမားမျိုးစုံပါတယ်..။ကျနော့်ကို ခင်လည်းခင်ကြတယ်...။
တစ်ချို့ ဆို ပန်းချီဆွဲတတ်မှန်းသိလို့  သူတို့ ကစားမယ့် လေးကောင်ဂျင်တွေ ကြက်၊၀က်ဖားတွေပါ လာလာ ဆွဲခိုင်းတတ်ကြသေးတာ..။
သူတို့ အဖြစ်တွေကို သိနေတော့ ကူညီမိတာပါဘဲ...။ ဒီလိုလေ...တစ်ချို့ က ဒိုင်ကိုင်ကြတာများပါတယ်...၊သူတို့ က နည်းမျိုးစုံနဲ့ လိမ်တာပါဘဲ...။ တခါတခါ ကတုံးပေါ်ထိပ်ကွက်၊ ဂျင်ပေါ်ကထုံးတွေနဲ့ တွေ့ ရင် သူတို့ ပျာပြီ...ငွေရင်းပြုတ်တဲ့ အပြင်..ကစားတဲ့ အခင်းစ
( အောက်ခံ ပုံတွေနဲ့ အခင်း...ကျနော်မခေါ်တတ်ဘူး) ပါပေးလိုက်ရတာ၊ ထိုးသားက သိမ်းသွားတာ ခံကြရပါတယ်...။
ဒါသူတို့ ထိတာပါဘဲ..။ ဒါဆို နောက်ရက် အခင်းစ အဖြူ သို့ မဟုတ် အပြာစလေးကိုင်ပြီး...ကျနော်အိပ်နေရင် မနိုးမချင်း
ခြေရင်းမှာ ငုတ်တုတ်ထိုင်စောင့်နေတာ...နိုးလာမှ မျက်နှာငယ်လေးနဲ့  အကိုရယ် အရုပ်လေးဆွဲပေးပါဦး...ညက ညီလေးထိသွားလို့ 
ဘ၀တွေ ပျက်နေပါပြီ...ဘာ ညာ နတ်သံလေးနှောပြီး ကြက်တွေ ဖားတွေ ၀က်တွေ ဆွဲခိုင်းတော့တာပါဘဲ....။
ကိုယ်ကလဲ အဲဒီအချိန်ဆို အပေါ်ကနေ ဖိဟောက်ပြီး တရားဟောရတာပေါ့...အေး မင်းတို့ သမလိုက်လို့ ခွက်ချွတ် လက်ချွတ် ဖြစ်သွားလို့ မျက်ရည်ကျနေတဲ့  မိသားစု တွေကို ကိုယ်ချင်းမစာဘူးလား....ဘာလားပေါ့...အဲလိုပြောရင် ကိုယ့်ကိုတောင် ပြန်တရားဟောသေးတာ.....
“ ကိုမင်းသား...လောင်းကစားမှန်သမျှ လိမ်တာ..သူတို့ သိတယ်..အကို သိပ်မသိဘူး...လောင်းကစားလုပ်လို့ မချမ်းသာတာလဲ သူတို့ သိတယ်..ဒါပေမယ့် သူတို့ လုပ်တာဘဲ...သူတို့ မိုက်တာပါ...။ညီလေးတို့ က သမာအာဇီဝ ၀မ်းစာရှာနေတာပါ...အတင်းမခေါ်ဘူးနော် ကိုမင်းသား...အကိုသိလား”...။
အဲဒီအခါကျ ကိုယ့်မှာ ဘယ်သူ့ ကို စိတ်တိုရမှန်းမသိပါဘူး...။
လောလောဆယ်တော့ သူ့ အခက်အခဲလေးကိုကူညီ လိုက်တာပါဘဲ...။ လာပြီးခိုင်းတတ်ကြလွန်းလို့ ကိုယ်ကလဲ သင်္ဘောဆေးတွေပါ အမြဲဝယ်ထားရတာ..။
ပြောတော့ ပြောရတာပေါ့...
“ အေး....လူဆိုတာ ချမ်းသာချင်တိုင်းမချမ်းသာပါဘူး...ကံ၊ဥာဏ်၊၀ီရိယ ၃ခုလုံးပြည့်မှ....အတိတ်ကံ အကျိုးပေးရင်တော့ ချမ်းသာပါလိမ့် မယ်...သူများကိုတော့ မလိမ်ပါနဲ့ ကွာ၊ လူမိုက်အားပေးလဲ ငါမလုပ်ချင်ဘူး”.....ဒီလိုပြောလို့ အကျွတ်တရားရသွားတယ် မထင်နဲ့ ဦး...
“ အကိုမင်းသား...ကစားဝိုင်းတခုမှာ ဒိုင်က ၁ယောက်ဘဲ နော်...အကူ နဲ့ အလံရှုးနဲ့ မှ ၃ယောက်....ကျနော်တို့ လူမိုက်ဆိုရင်...
ကစားဝိုင်းတခုမှာ ထိုးသားက ၂၀ကျော်တယ်...ဘယ်လူမိုက်က ပိုများလဲ...အကိုစဉ်းစားနော်”တဲ့ ။
“ ဟာ...ဒီကောင် ငါ့ကို စကားကပ်နေပြန်ပြီဆိုမှ...ကိုယ်တော်တွေက စပ်ဖြီးဖြီးနဲ့ ထွက်ပြေးတာ..။
ဒီလူတွေ စကားပြောကတော့ ကျလောက်တယ် ..ဒါကြောင့်လဲ ကစားချင်သူတွေများတာ....
တစ်ချို့ များ ပုံဆွဲခိုင်းရင် ပြဇာတ်ကနေသလိုဘဲ...ဒိုင်တွေပစ်နေတာ...
“ အကိုမင်းသား...ပွဲကနေရင်း တခုခုဖြစ်ရင် ပြောနော်...ညီလေးအသက်ပါရင်းပစ်လိုက်မှာ” ဆိုတာက လာသေးတော့။
သူတို့ ကို ဆွဲပေးလို့ လဲ ကျနော်က ငွေကြေးတစ်ပြားမှ မယူပါဘူး...။ သူတို့ တွေကတော့ ဆေးလိပ်တွေ လ္ဘက်ရည်တွေ ၀ယ်ပို့ ပေးပေမယ့် သိပ်မျိုမကျပါဘူး....မလွှဲသာလွန်းမှသာ သောက်ပြရတာ..။
မျိုမကျတဲ့ အထဲမှာ တစ်ည ပြဇာတ်ကနေတုန်း မိန်းကလေးတစ်ယောက်ရောက်လာတာ...လာမိတ်ဆက်တော့လဲ ကိုယ်ကလဲ စကားဝတ်ကျေရတာပေါ့...။ စကားပြောနေရင်း ကျနော့်အ၀တ်တစ်ချို့ ကို သူမက ယူပြီးခေါက်ပေးပါတယ်...
မလုပ်ပါနဲ့ ပြောလဲ မရပါဘူး....
“ ရပါတယ် ..အကိုရယ်...ပင်ပန်းမကြီးပါဘူး” လို့ ပြောသေးတယ်..။
သူ့ မှာ အဖေတွေ အကိုတွေ မရှိဘူးတဲ့ ...သူ့ အကြောင်းတစ်ချို့ ပြောပြပါတယ်...
နောက်သူက ...
“ ညီမကြားတာက အကိုမာနသိပ်ကြီးတယ်လို့ ကြားတာ”
“ မဟုတ်တရုတ်ကိစ္စဆို ငါက သိက္ခာ အပွန်းမခံဘူး...မာနကြီးတယ်...ကျန်တဲ့ ကဏ္ဏဆိုရင်တော့ လူက လူဘဲ...”
ကျနော့်စိတ်ထဲမှာက ဒီမိန်းကလေးကို ကစားဝိုင်းကဘဲ ထင်နေခဲ့ တာကိုး...။
ခင်မင်စရာတော့ ကောင်းပါတယ်...ညိုချောလေးပါ...သက်တူရွယ်တူလောက်ပါဘဲ..။
ဒီမိန်းကလေးလာတိုင်း ကျနော့် အကူကောင်လေးက ကွက်ကြည့်ကွက်ကြည့်နဲ့ ပါ..ဘာမှတော့ မပြောဘူး...။
သူလာရင် လ္ဘက်ရည်ဝယ်လာပေးတတ်ပါတယ်...တခါတခါ ဆေးလိပ်ဘူးဝယ်လာတတ်ပါတယ်....။
ကျနော်က ယူမလာဘို့ ပြောရင် သူမ မျက်နှာငြိုးနေတတ်တယ်..။
ဒီလိုနဲ့ ၂ပွဲ၃ပွဲ ဆက်တိုက်ကနေရင်း လာနေတော့ ခင်သွားမိပါတယ်...။ တညတော့ နှစ်ပါးသွားပြီးလို့ နားနေတုန်း သူမ
ရောက်လာပါတယ်...ခေါက်ဆွဲကြော်ထုပ်လေးနဲ့ ပါ...။
မစားချင်ဘူးပြောလဲ မရဘူး...အတင်းဘဲ။ နော်လုံးဝမစားဘူး...ကိုယ့်ဘာသာစားဆိုမှ...သူမဆီက စကားသံ ထွက်လာပါတယ်...
“ အကို ညီမကို ဘာလို့ ထင်သလဲ” တဲ့ ..ကိုယ်ကလည်း ကိုယ်ထင်တာ ကိုယ်ပြောတာပေါ့...
“ မင်း...ကစားဝိုင်းက မဟုတ်လား” ဆိုတော့ သူမက ခေါင်းရမ်းပြီး ပြုံးနေပါတယ်...
“ ဒါဖြင့် ဘာလဲ...”
“ ညီမက ပြည့်တန်ဆာ တစ်ယောက်ပါ” တဲ့ ...။
ဟာ...ကျနော် အရမ်းအံ့သြသွားတာ..မင်းဘာဖြစ်လို့ ဒါတွေ လုပ်တာလဲလို့ ကျနော်ဆူမှ...
အဆင်မပြေတဲ့ ဘ၀ရဲ့ အကျိုးပေးပေါ့လို့ သူမက လေသံအေးအေးနဲ့ ဘဲ ပြောပါတယ်...။
“ ညီမကို အရင်တွေ့ တဲ့ မင်းသားတစ်ချို့ က ညီမဘာလဲဆိုတာသိတယ်...သူတို့ လိုချင်တာကိုလဲ ယူတတ်ကြတယ်...
ဒါပေမယ့် အကို့ ဆီလာတော့ အခါတိုင်းဆက်ဆံသလိုမတွေ့ ရဘဲ..အကိုတစ်ယောက်လို ညီမတစ်ယောက်လိုဆက်ဆံတာတွေ့ ရတော့ ခင်မိတာပါ...ညီမ လုပ်စာကို ဘယ်မိဘမှ မကျွေးခဲ့ ရပါဘူး...အကိုတွေ မောင်တွေလဲ ကျွေးခဲ့ ရပါဘူး....ညီမဘ၀မှာ အမှတ်တရ ဖြစ်ချင်လို့ ...အကို့ ကို ကျွေးတာပါ..အကိုမသတီဘူးဆိုရင်တောင်...ညီမလေးစိတ်ချမ်းသာအောင် နဲနဲလေးလောက်စားပြပါ...
ညီမ ကျေနပ်ပါတယ်...ဆေးလဲခတ်မထားပါဘူး...” ပြောရင်းနဲ့ သူ ငိုနေတယ်ဗျာ...။
ကျနော်မိဘတွေ သတင်းစာကနေ“သားအဖြစ်မှ စွန့် လွှတ်ခြင်း” လို့ ကြော်ငြာတဲ့ စာပိုဒ်ကို ဖတ်ရတုန်းက ကျနော် စိတ်ထဲမှာ
ဘာမှ မဖြစ်ခဲ့ ပါဘူး....အခု ကျနော် စိတ်ထိခိုက်သွားတယ်ဗျာ....။
ကျနော် ဘယ်လိုငြင်းရမလဲ.....
ကျနော် ဘယ်လိုစားရမလဲ....
ကျနော်ဘယ်လို မျိုကျနိုင်မလဲ....။
နောက်ဆုံး သူ့ မျက်နှာကို သေချာ စိုက်ကြည့်ရင်း.....“ သူသာ...ငါ့ညီမလေး ဆိုရင် ”ဆိုတဲ့ အတွေးနဲ့ .....
“ ကဲ...ဒါဆို ပန်းကန်ထဲထည့် ဒို့ အတူတူ စားကြမယ်”
ကျနော့် စကားကို ကြားလို့ အံ့သြပြီးမော့ကြည့်နေတဲ့  သူ့ မျက်နှာလေးကို ကျနော် ဘယ်လိုမှ မမေ့ နိုင်ခဲ့ ပါဘူး....။
ကျနော့်စိတ်ကို အာရုဏ်လွှဲပြီး...သူမ ကျေနပ်အောင်အတူစားခဲ့ ပါတယ်...။
ဒါကိုနောက်နေ့  ဇာတ်ဆရာ ဘယ်လိုကြားလဲ မသိပါဘူး...ကျနော့်ကို ခေါ်ပြောတယ်..
“ ဒါလေးတွေကို...သိပ်အရောမ၀င်နဲ့ ...မင်းသားအတွက်ပြောတာပါ...မင်းသားစာရိတ္တကိုတော့ ယုံပါတယ်”တဲ့ ..။
သြော်...လောကမှာ ကြည့်ပုံချင်း မတူနိုင်ကြပါလား....
ဒါပေမယ့် ကျနော် ကတိပေးလိုက်ပါတယ်..။
သူတို့ တွေ ကျနော့်ကွယ်ရာမှာ...ကောင်မလေးကို ဘာသွားပြောလိုက်လဲ မသိပါဘူး.....
နောက်ညတွေ သူမလာတော့ဘူး....။
၂ပွဲလောက်ပျောက်နေပြီး...
တစ်ညတော့ ကျနော့် တပည့်က တွေ့ လို့ အတင်းဆွဲခေါ်လာတယ်...ဒါတောင် သူမက အတင်းငြင်းနေတာပါ...
ကျနော့်ကိုတွေ့ တော့ သူ ကျိတ်ငိုနေတာ...မျက်နှာကလဲ ဖြူဖျောဖျောနဲ့ ...ကျနော်မေးတော့...သူဖျားနေတာ...။
အနွေးထည်မပါ ဘာမပါနဲ့ ...ရာသီကလဲ ဆောင်းရာသီ...။
သူ့ ကို ဆေးတိုက်ပြီး...ကျနော် အကြိုက်ဆုံး...ရှားနှစ်ရောင် ကုတ်အကျီ င်္လေး ပေးဝတ်တော့ သူမ မယူပါဘူး...အတင်းအော်မှ
ကြောက်ပြီး သူ ယူဝတ်တာပါ...။
“ နေကောင်းရင် ပြန်လာပေးမယ်..နော်..အကို ..ဒါပေမယ့် ညီမ မ၀င်လာရဲဘူး”တဲ့ ..။
ပြန်ပေးစရာ မလိုဘူး...ယူထား...လို့ ပြောတော့လဲ...ဘာမှ ပြန်မပြောပါဘူး....နောက်ကျနော့်အ၀တ်အစားတွေကို ယူခေါက်ပေးဘို့ လုပ်တော့ တား၇တာပေါ့...။
နောက်သူသွားအိပ်တော့မယ်ဆိုပြီး...ထွက်သွားပါတယ်..။
နောက်ညလဲ သူမလာတော့ပါဘူး....ကျနော့်တပည့်လေးက...
“ သူ ကုတ်အကျီ င်္ လာမပေးတော့ဘူးထင်တယ်....”
“ ငါ့ မှာ အများကြီးပါ...ပေးနိုင်ပါတယ်...ဒါပေမယ့် မင်း လူတစ်ယောက်ကို အထင်မသေးနဲ့ ”
ကျနော့်စိတ်ကိုသိတော့ သူလဲ လန့် ပါတယ်....ထပ်မပြောရဲတော့ပါဘူး...။
ဇာတ်ပွဲ သတ်မှတ်ရက်ပြီးလို့  ပွဲကူးကြတယ်...ဇာတ်ကားကြီး စမောင်းထွက်နေချိန်မှ...ဟို အဝေးကနေ သူမ ကုတ်အကျီ င်္ ရှားညိုရောင်လေး မြှောက်ပြီး ပြေးလိုက်လာပါတယ်....။
ကျနော်က သူမကို နောက်ဆုံးလက်ပြပြီး...ယူထားလိုက်ဘို့ လက်ဟန်ဘဲ ပြလိုက်ပါတယ်...ပြီးတော့ ကျနော့် တပည့်ကို မင်းမျက်လုံး မြင်ပြီလား...လို့ တော့ တစ်ခွန်း ဟောက်လိုက်မိပါသေးတယ်...။
သူမကို ကျနော် နောက်ထပ် ဘယ်တော့မှ မတွေ့ ရတော့ပါဘူး.....။
ကျနော့်အမျိုးသမီးကို အိမ်ရောက်တော့ ပြန်ပြောပြပါသေးတယ်...။
ကျနော့်ကို ဇနီးက ယုံပါတယ်...သူမက ကျနော့် ပါရမီဖက်ပါ...သူကပြောပါတယ်...
“ တို့ မိသားစုမှာ အနွေးထည်တွေ အများကြီးဘဲ”
.......................................။.........................................
မိတ်ဆွေတို့ ချမ်းတတ်ကြတယ်မဟုတ်လား....နောက်ပြီး...
မိတ်ဆွေတို့ မှာ အနွေးထည် ဘယ်နှစ်ထည် ရှိပါသလဲ.....
တစ်စုံတစ်ယောက်ကို တစ်ထည်လောက်တော့ ပေးနိုင်ကြပါစေ....
သခင်ယေရှုကပြောခဲ့ ပါတယ်.....
“ ကိုယ်နှင့် သက်ဆိုင်သောသူကို ၊ကိုယ်နှင့်အမျှ ချစ်ပါ” တဲ့ ...။

( အဖြစ်မှန်များကို ရေးထားခြင်းဖြစ်ပါတယ်...သူမ နာမည်ကိုတော့...စခင်ကတည်းက မမေးမိခဲ့ ပါ...နောက်ပြီးကျနော်က သူတော်ကောင်းကြီး မဟုတ်ပေမယ့် ကျနော်ကပြသော အော်ပဒါ( ကာလီမန်မယ်တော် မီးနင်းပွဲ) အတွက် တစ်နှစ်ပတ်လုံး
သတ်သတ်လွတ်စား၊ ပုတီးစိတ်ခြင်းအတွက်...ဘာကိုမှ လိုင်းအပူး မခံခဲ့ ခြင်းဖြစ်ပါတယ်..)

သစ်နက်ဆူး

18 comments:

Moe Cho Thinn said...

ကိုဆူး အမျိုးသမီးပြောတဲ့ တို့မိသားစုမှာ အနွေးထည်တွေ အများကြီးပဲ ဆိုတဲ့ စကားကို ခံစားရပါတယ်။
ဒီလို စေတနာမှန်တဲ့လူနဲ့တွေ့တော့ မိန်းကလေး စိတ်သက်သာရှာမှာပေါ့။
အနွေးထည်ထက် သန်ရှင်းဖြူစင်တဲ့ စေတနာမေတ္တာကို သူတန်ဖိုးထားလို့သာ ကိုဆူးကို အနွေးထည် ပြန်ပေးတာနေမှာ..။

GHOSTBELL said...

အင်း၊ စိတ်ဓာတ်ကို လေးစားတယ်ဗျာ

နှင်းဆီဖြူ said...

အဲဒီလို မိန်းကလေးတွေကို အဲဒီလို ဘဝမျိုး မရောက်စေချင်ဘူး...... သူတို့စိတ်ဓာတ်နဲ့ အဲဒီ ဘဝ မတန်ဘူးလို့..ခံစားမိတယ်...

ဗေဒါရီ said...

ဟုတ်ပါရဲ့ ... ကိုသစ်နက်ဆူးရေ ...
လူတိုင်း ချမ်းတတ်ကြပါတယ်။
ချမ်းတဲ့အခါ လူတိုင်းက တကယ်နွေးထွေးတဲ့ အနွေးထည်လေးတွေကို တောင့်တတတ်ကြတယ်။

လူတိုင်းမှာ အနွေးထည် ရှိနိုင်ရင်တောင် လူတိုင်းမှာ နွေးထွေးတဲ့ မေတ္တာတရား မရှိနိုင်ပါဘူး။
ကိုသစ်နက်ဆူးပေးခဲ့တဲ့ အနွေးထည်လေးရဲ့ ပကတိ တန်ဖိုးထက် အဆပေါင်းများစွာ အဖိုးတန်တဲ့ ကိုသစ်နက်ဆူးရဲ့ ဖြူစင် နွေးထွေးတဲ့ မေတ္တာတရားကို ဒီမိန်းကလေးရလိုက်တယ် ... နော်။

ကိုသစ်နက်ဆူးရဲ့ အမျိုးသမီးပြောတဲ့ "တို့မိသားစုမှာ အနွေးထည်တွေ အများကြီးပဲ" ဆိုတာလည်း ဒါကိုဆိုလိုတယ်လို့ ကျွန်မတော့ ထင်တာပါပဲ။

ဒီပို့စ်လေးဖတ်ပြီး ... လူတိုင်း လူတိုင်း အနွေးထည်လေးတွေ ကိုယ်စီ ပိုင်ဆိုင်ကြ၊ လိုအပ်တဲ့သူကို ဝေမျှနိုင်ကြမယ်ဆိုရင် ...... လို့ ကျွန်မတွေးနေမိတယ်။

... said...

အကိုရေ..မမိုးချိုပြောသလို အကိုတို့မိသားစုမှာ အနွေးထည်တွေ အများကြီးဆိုတဲ့ စကားမှာ မေတ္တာ တွေပါတယ် နော်....

Heartmuseum said...

ဘ၀စုံခဲ့သူတွေက အတွေ့အကြုံစုံတယ်ဗျာ။
အတုယူစရာ အတွေ့အကြုံတွေရှိရင် ရေးစမ်းပါအုံးဗျာ။

pandora said...

တဒင်္ဂစာဖြစ်ဖြစ် အနွေးဓာတ်ကလေး ဝေမျှပေးနိုင်ခဲ့တာကိုပဲ ၀မ်းသာရမှာပါ

စူး said...

ဘာပဲဖြစ်ဖြစ် .. အနွေးထည်လေး ရဲ့နွေးထွေးမှုကို ခနတော့ သူခံရမယ်။ ပီးတော့ .. သူ အနေနဲ့ တခါမှမရဘူးတဲ့ မေတ္တာ နဲ့စာနခြင်းကို ခံရတယ်။
ဒါဆို..သူ..ဘဝလေးမှာ ခနတော့ စိတ်သက်သာရာ ရသွားမှာပါ။

အင်း... တခါတလေကျတော့ တွေးမိတယ်..။ မြန်မာပြည်သားတွေရဲ့ ပါးစပ်ကပြောတဲ့ ကိုယ်ချင်းစာတရားးးး အားနည်းသူကို ထားတဲ့ ကိုယ်ချင်းစာတရားးး

အကိုက သဘောထားပြည့်ပီးနားလည်တဲ့ မိန်းမကိုရထားတာပဲ..။

၂ယောက်လုံးကံကောင်းပါတယ်။

အောင်သာငယ် said...

တကယ့်ဘ၀ဆိုတာ ၀တ္ထုတွေထက် ပိုထူးထွေ ဆန်းကျယ်တာ အမှန်ပါပဲ ကိုသစ်ရေ့....

Kay said...

စိတ်ဝင်စားစရာ လည်းကောင်းတယ် ဖတ်လို့လည်း ကောင်းတယ်။ နောက်ဆုံးပြောထားတဲ့..ကျနော်က..သူတော်ကောင်းကြီးမဟုတ်ပါ- အကြောင်းရှိလို့ သီလ ထိန်းထားတာပါ- ဆိုတာ..တွေးမိတော့..ပြုံးမိတယ်။ အဲဒီ အချိန်က..မင်းသားရဲ့ စိတ်ထဲက..အမှောင်ခြမ်းလေး တွေကို..တွေးကြည့်မိနေတယ်။

ခင်မင်လျက်-

ဂျစ်တူး - gyit_tu said...

ဖတ်ပြီး စိတ်မကောင်းပြန်ဖူး ကိုဆူးရေ ။

ဒူကဘာ said...

ပြောချင်တာတွေက နောက်ကျနေလို့ သူများ ပြောပြီးသွားပြီ ...ဒီတော့ တို့ရွာအလှူလဲ လာက ဦးနော့ ကိုဆူး ...ခေါက်ဆွဲတော့ ကျွေးနိုင်ဖူး အခုချိန်ဆို ခေါပုတ် စားရမယ်၊ ကောက်သစ်ပေါ်ပြီလေ....

တန်ခူး said...

ကိုသစ်နက်ဆူးရေ… ပြောင်းဖူးလေးတုန်းကလိုပဲ ရင်ထဲကို ထိသွားတဲ့ ပို့ စ်လေးတပုဒ်ပါ… အနွေးဓါတ်လေးတောင် ရလိုက်သလိုပဲ… အဖြူရောင်ဆက်သွယ်မှုလေးကတဆင့် ပေါက်ဖွားလာတဲ့ အဖြူရောင်စေတနာလေးပေါ့နော်…

TNS said...

အနွေးထည်လေး....
ဒီပို့ စ်လေးကို လာရောက်အားပေးကြတဲ့ အတွက်
ကျေးဇူးပါ...။ ကျနော်ကူညီတာကို ချီးကျူးစေချင်လို့ 
မဟုတ်ဘဲ....
မြန်မာပြည်ကြီးကို ကယ်တင်မယ်...
တစ်မျိုးသားလုံး ကောင်းစားစေရမယ်လို့ တွေးနေမယ့်အစား...
တတ်နိုင်သော ဒေါင့်လေးတွေကနေပြီး...
နီးစပ်ရာလေးတွေကို ကိုယ်ချင်းစာတတ်ပါစေဆိုတဲ့ 
ရည်ရွယ်ချက်လေးနဲ့ တင်တာပါ...။
ဒီစာလေးဖတ်ပြီး စာဖတ်သူရဲ့ ရင်မှာ...
စာနာစိတ်လေး နဲနဲလောက်ဖြစ်သွားလို့ ...
တစ်စုံတစ်ယောက်ကို နဲနဲလေး ကူညီပေးနိုင်မယ်ဆို...
ကျနော် ချပြရကျိုးနပ်ပါတယ်...။
အထူးသဖြင့်....
KAY...ရေ...
ကျနော်စာတပုဒ်ဖတ်ဖူးတယ်...
တွေးခေါ်ပညာရှင်ကြီး ဆိုကရေးတီးကို...
နက္ခတ်ပညာရှင်..လက္ခဏာ ပညာရှင်တစ်ဦးက
ဟောချက်ထုတ်တယ်...
“ ခင်ဗျားက တော်တော် တဏှာကြီးတဲ့ သူ” လို့ 
ဟောချက်ထုတ်တော့ ဆရာကြီးတပည့်တွေက
ဒီလိုပြောရမလားဆိုပြီး...စိတ်ဆိုးကြတယ်...
ဆိုကရေးတီးက တပည့်တွေကို လက်ကာပြပြီး...တားတယ်..ပြီးတော့ သူ့ တပည့်တွေကို ပြောတယ်...
“ သူပြောတာမှန်တယ်...ငါဟာ မိန်းမတွေကို မြင်လို့ မရအောင်ကို တဏှာကြီးတယ်...ဒါပေမယ့်
ဥာဏ်ပညာနဲ့ ထိမ်းချုပ်ထားနိုင်တယ်” လို့ ...
ပြောခဲ့ ပါတယ်..။
ကျနော်က ပုထုဇဉ်ပါ...ဒါပေမယ့် ၁၉၈၈ခုနှစ်မှာ...
ပြဇာတ်ကရင်း မတော်တစ်ဆ ကြိုးဆွဲ ကျခဲ့ ပါတယ်...။
သေရွာက ပြန်လာပြီးတဲ့ နောက်...ဘ၀ဘ၀တွေကို ကြောက်လာတယ်...
စွဲလန်းမှုတဏှာတွေကို ကြောက်လာတယ်...။
အဲဒီနောက်ပိုင်း...ကျနော့်ကို ဘာသာရေးနဲ့ထိမ်းချုပ်နိုင်ခဲ့ ပါတယ်...။
စိတ်ပါဘဲ....။
ဘာမှ မထူးဆန်းပါဘူး....
၈၈နောက်ပိုင်း သားကြီးငါးကြီး မစား၊ အရက်သေစာ
မသောက်ဘဲ..တတ်နိုင်သမျှကျင့်ကြံခဲ့ ပါတယ်...။
ဆိုကရေးတီးက ခေတ်ပေါ်တွေးခေါ်ပညာရှင်ပါ...
ကျနော်က သူ့ တပည့်မဟုတ်ပါ...
ဗုဒ္ဓရဲ့ သားသမီးပါ...။
ဒါပေမယ့် ထိမ်းနိုင်ခဲ့ ပါတယ်..။
ဘာကြောင့် ကျနော် သီလထိမ်းခဲ့ တာကိုရေးရသလဲဆို..
ဇာတ်လောကမှာ စကားတစ်ခွန်းရှိပါတယ်..
“ မင်းသားတွေ အေးတယ်ဆိုတောင် မျောက်လောက်တော့ ဆော့သေးတယ်” တဲ့.။
ကျနော်က ဇာတ်ကို ခံစားမှုတစ်ခု ၊နာကျည်းမှုတစ်ခုကြောင့် က” ခဲ့ တာပါ..။
ဒါပေမယ့် ကိုယ်ကျင့်တရားကိုတော့...
အမြဲထိမ်းပါတယ်..။
တဟစ်နှစ်ပါတ်လုံး...မီးသွေး၁၃ တင်းဖျင်းဖျင်းတောက်ပြီးရဲနေတဲ့ မီးပုံပေါ်မှာ...
၃ညတစ်ကြိမ် မီးနင်းနေတဲ့ လူတစ်ယောက်က...
ဘယ်စည်းမှ မဖောက်ရဲပါဘူး..KAY..ရေ..။
ကေ တွေးမိတာ အပြစ်မဟုတ်ပါဘူး...။
ဘယ်လိုမှလဲ စိတ်ထဲမဖြစ်ပါဘူး...။
ကျနော်ချပြနေတဲ့ ကျနော့် ဘ၀ တွေက မစုံသေးဘူး...တွေးမိကြမှာပါ...။
နောက်ကြုံရင်ပြောပြပါမယ်...
သိပ်ချပြရင်လဲ ကိုယ့်ဂုဏ်ကိုဖေါ် မသူတော်
ဖြစ်နေမှာစိုးလို့ ပါ...။
ကေ..ရေ..
အလင်းကိုဘဲ...ကြည့်ပါ..။
အမှောင်ခြမ်းတွေ လိုက်မကြည့်ပါနဲ့ ...
“ ငရဲကြီးလိမ့် မယ်”

sonata-cantata said...

ကျမလည်း ချမ်းတတ်သူမို့ အနွေးထည် ရောင်စုံရှိပါတယ်။ ဒီ ပို့စ်ထဲက အနွေးထည်မျိုးတော့ ကျမမှာ မရှိသေးတာ သေချာပါတယ်။
မေတ္တာခြုံမှ လုံတယ် ဆိုတဲ့ စကားအတိုင်း သန်ရှင်းဖြူစင်တဲ့ စေတနာမေတ္တာ အနွေးထည်လေး လိုအပ်သူကိုပေးနိုင်အောင် ကိုယ်ပိုင်ရှိထားဖို့ သတိရလိုက်ပါတယ်။

Moe Cho Thinn said...

မတော်တစ်ဆ ကြိုးဆွဲ ကျခဲ့တယ်ဆိုတာ သူ့လက်ထက်မှပဲ ကြားဖူးတော့တယ် :)
အဲဒီအကြောင်းလေးလဲ လုပ်ပါအုံး။ အပြင်းအထန်တွေ ရင်တုန်စရာတွေဆိုရင်တော့ သွေးဆေးလေး သောက်ထားအုံးမှ..။း))

ကောင်းကင်ကို said...

တစ်ကယ့် chicken soup လေး တစ်ပုဒ်ပဲဗျာ။

အိမ်လွမ်းသူ said...

ကိုယ်တတ်နိုင်တဲ့ တဒေါင့်တနေရာကနေ စာနာစိတ်နဲ့ ဖေးကူနိုင်တဲ့စိတ်ဓတ်မျိုးကို အရမ်းလေးစားပါတယ်။ တချို့က စကားလုံးကြီးကြီးတွေသုံးပြီး ကိုယ်ချင်းစာစိတ်မရှိကြတာ တွေ့ဖူးတယ်။ မရှိခိုးနိုးအကြည့်တွေနဲ့ တဖက်သားကို ရိုင်းရိုင်းပြပြ ဆက်ဆံတတ်တဲ့သူတွေကို အမုန်းဆုံးပဲ...

ဘလော့လိပ်စာ မှားပြီးတင်ထားမိတာ ဆောရီးပဲ သစ်နက်ဆူးရေ့.... အိမ်လွမ်းသူတို့က အဲ့ဒီလို ကဘောက်တိကဘောက်ချာ...