Monday, November 17, 2008

“ စာတတ် ပေတတ် ”



ပြောရမယ်ဆိုရင်တော့ မဒမ်ဆူးတို့ ရွာလေးမှာပါဘဲ...။ သူတို့ ရွာသားတွေထဲမှာ လည်လည်ဝယ်ဝယ်လူတွေရှိသလို ရိုးရိုးကြီးတွေလည်း ရှိပါတယ်...။ ကျနော်က အနူတောမှာ လူချောမဟုတ်ပါဘူး...ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတော့ မသိနားမလည်မှုတွေ...အစွဲအလမ်းတွေ၊ အယူသီးတာလေးတွေကိုတော့ ကျွဲကူးရေပါ ဆိုသလို သူတို့ အလိုလေးကိုဖြည့်ပြီး
ကိုယ့်ဘက်ပါလာအောင် အလိမ္မာလေးနဲ့ နားချယူရပါတယ်...။ကျနော်က ဆရာလို့ လည်းမကြွေးကြော်ပါဘူး...ဘာဂိုဏ်းမှလဲ မထားဘူး...။
ဒါပေမယ့် သူတို့ ဘက်တွေမှာက လည်း...ခေါင်းဖြူစွယ်ကျိုးကြီးတွေက ပုတီးလေးကိုင် ၊ ယောဂီလေးဝတ်ပြီး..သာသနာပြုတယ်သာပါးစပ်ကပြောနေတာ...လူတွေကို မသိစိတ်စွဲလန်းမှုတွေထဲ တွန်းပို့ နေကြတာ မြင်ရကြားရ စိတ်မချမ်းသာပါဘူး...။
ကျနော်ကိုယ်တိုင်ရော ဘာလို့ ဒါတွေလုပ်နေလဲ ဆိုရင်တော့ သူတစ်ထူးရဲ့ ကျေးဇူး...မမေ့ကောင်းလို့ ပါ...။
ဒါပေမယ့် ကိုးကွယ်ရာအဖြစ်မျက်စိမှတ်ယုံတာမဟုတ်ခဲ့ ဘူး..မိုက်မှားတဲ့ အရွယ်..ရေပေါ်ဆီ ဗုဒ္ဓဘာသာဖြစ်နေချိန်မှာ သေဘေးက လက်မတင်လေး သတိပေးပြီး ပထမအဆင့် ဘာသာရေးလမ်းကြောင်းပေါ်ဆွဲတင်ခဲ့ တဲ့ ကျေးဇူးကြောင့်ပါ...။
ကျနော်က ဘုရားရှင် ဟောကြားခဲ့တဲ့“ မြစ်တစ်ဖက်ကမ်းကို ကူးဘို့ ဖောင်ကိုအသုံးပြုပြီး တစ်ဖက်ကမ်းရောက်တဲ့ အခါ၊ မိမိစီးလာတဲ့
ဖောင်ကို သယ်ပိုးထမ်းရွက်သွားစရာ မလိုဘူး” ဆိုတဲ့ သြ၀ါဒကို လိုက်နာနေသူပါ...။
အတိုင်းအတာထက်မကျော်ကြေးပေါ့...။ ကိုယ်ကလည်း လောကီဘောင်ထဲမှာ နေတုန်းဆိုတော့ လောကီကိစ္စတွေကနွှယ်လာတာပါဘဲ ၊ ယုံဘို့ ခက်ပေမယ့်..။ ယုံလွန်းလို့ မှးနေတဲ့ အစွဲရှိသူတွေကို တည့်ပေးချင်တာပါ…။ ပြောခဲ့ သလိုပေါ့ ကျွဲကူးရေပါလေ…။
နည်းနည်းတောင်စကားလမ်းကြောင်းလွဲနေပြီ....။ ပြောချင်တာက တစ်ချို့ တွေရဲ့ ရိုးသားမှုလေးတွေ...။
ရိုးလွန်းတော့ အ တယ်တဲ့ ...။

တစ်နေ့ ပေါ့ စာအုပ်လေးဖတ်လိုက်၊လ္ဘက်ရည်နဲ့ ဆေးလိပ်လေးမြည်းလိုက်နှပ်နေတုန်း...ရေးကြီးသုတ်ပြာနဲ့ အဒေါ်ကြီးတစ်ယောက် ရောက်လာတယ်..။
ဒေါ်မြစိန်တဲ့ ၊ရွာမြောက်ပိုင်းက...။ဖြစ်တာက သူ့ အိမ်ဘေးက ကလေးရွာအစွန်က သစ်ပင်ကြီးမှာ အပေါ့အပါးသွားပြီး အိမ်ရောက်တော့ ငိုငိုရယ်ရယ်နဲ့ အသားစိမ်းစားချင်တယ်ဘဲ...တောင်းဆိုပြီးပွဲကြမ်းနေလို့ တဲ့...။ သူ့ မိဘတွေကလည်း ဘာမှမလုပ်တတ်မကိုင်တတ်လို့  သူက ကူညီိပေးတာဆိုဘဲ..။
သူပြောလာတာနဲ့ ကိုယ်က စဉ်းစားရပြီ...ရွာမြောက်ပိုင်းမှာ နေကြသူတော်တော်များများက လက်လုပ်လက်စားတွေ....။
ဆင်းရဲကြတယ်..တစ်ချို့ ငါးလေးဘာလေးရရင်ရွာထဲလှည့်ရောင်း...ဈေးရောင်းရမှ ဆန်ဝယ်ချက်ပြီး ထမင်းစားကြသူလဲရှိတယ်...တောင်ပေါ်က သစ်ရွက် သစ်ဖုလေးတွေ တက်ချိုးပြီး...“ အကြီးရေ...ဟောဒီက မျှစ်ပြုတ်ယူကြဦးမလား..” ဆိုပြီးရွာပတ်ရောင်းရတာ...
အဲဒါကုန်မှ ဆန်ဝယ်ရမှာလေ...။ တစ်ချို့ ဆိုဆန်ကွဲဘဲ ကျိုစားရတာ..။
အသားငါးဆိုတာကတော့ နပ်မှန်အောင်စားရဘို့ ဝေလာဝေးပေါ့..။
“ ကလေးက...အသားငါး မစားရတာကြာလို့ ရိုးရိုးသားသားစားချင်တယ်ပြောတာများလားဗျာ”
“ မဟုတ်ဘူး....ငါ့တူရဲ့ ...သူ့ ဟာက ပုံမှန်မဟုတ်ဘူး”
“ သံကောင် ထိုးလို့ များ...ချဉ်ခြင်းတက်တာများလား”
“ အခုဟာက လူပျိုပေါက်လေး...ဆရာ.သန်ထိုးတာ မဟုတ်ဘူး...၊ စကားပြောသံကလဲ သူ့ အသံလဲ မဟုတ်ဘူး...”
“ ဘယ်သူ့ အသံလဲ...ဟင်္သာတထွန်းရင်လား....လေးဖြူလား...”
“ အို...ဆရာကလဲ ...ကြံကြံဖန်ဖန်...ဘယ်ကလာ ဟင်္သာတ ထွန်းရင်ရမှာလဲ....အခုအသံကြီးက ကြောက်စရာကြီး...”
“ သိပါတယ်...အဒေါ်ရယ်...အဒေါ်စိတ်အပူများနေလို့ ရီစရာအဖြစ်ပြောတာပါ...ခဏစောင့်”
ဘုရားဦးချပြီး ပေးသင့်တာ၊လုပ်သင့်တာလေးတွေ လုပ်ပေးပြီး...
“ ကဲ...ရပြီ...အဒေါ် အိမ်ပြန်ရောက်တာနဲ့ အဲဒီကလေးကို ဒီဘုရားသောက်တော်ရေကိုတိုက်ပါ...ပြီးရင်တော့ ဒီစာ၇ွက်ကိုယူသွားပါ..
ဒီစာနဲ့ ဒီပုံကို အဲဒီသစ်ပင်မှာ သွားထားလိုက်ပါ...အမွှေးတိုင်လေးထွန်းပေးပြီးမေတ္တာပို့ ပေးပါ...”
“ ဟို...ဘာမှ မကျွေးတော့ဘူးလား...”
“ ဘာကျွေးချင်သေးလို့ လဲ”
“ သားစိမ်းငါးစိမ်းလေး ဘာလေး....”
“ ဘာအသားစိမ်းမှမကျွေးနိုင်ဘူး...မသေခင်စွဲလန်းစိတ်ကြောင့် အခုလို သရဲ တစ္ဆေ ဘ၀ရောက်နေတာကို သားစိမ်းငါးစိမ်းကျွေးတော့ သရဲထက်ကြီးတာဘဲ ဖြစ်တော့မှာ...နောက်ပြီး စားရမှန်းသိလေ...ပိုဆိုးလေ ဖြစ်နေမှာပေါ့..”
“ အဲ.....”
“ ကျနော်ပြောမယ်....အဒေါ့်ရဲ့ သားက အရက်မူးပြီး ရမ်းကားနေတယ်ဆိုပါတော့...အဲဒါကို စိတိဆိုးပြေအောင် အရက်ထပ်ဝယ်တိုက်ရင်...
ပိုမူးပြီး..ပိုရမ်းကားလာမှာပေါ့...”
“ ဘုရားပေးပေး ကျမ်းပေးပေး အဒေါ့်မှာ သားယောင်္ကျားလေး...မရှိပါဘူးကွယ်...မွေးထားတာ မိန်းကလေးချည်းဘဲ ၃ယောက်”
သေဟဲ့...နန္ဒိယ.....။
“ ဥပမာ ပြောတာ အဒေါ်ရဲ့ ...”
“ အော်....အေးကွယ်” ...........။ မဒမ်ဆူးတို့ ရွာက အဲလိုမျိုး..။
“ဒါဆို...မှတ်ထားနော်...ထမင်းဖြူလေး.ကိုဗန်းလေးတစ်ခုမှာထည့်ပါ...သွားကျွေးဘို့ ...ပြီးရင် ကျနော်မှာသလိုသာပြောဟုတ်လား အဒေါ်..”
ပြီးတာနဲ့ ကိုယ်လဲ ပြောသင့်တဲ့ စကားတွေ ပြောပြပေးပြီး...နောက်ဆုံး အမျှဝေပေးခိုင်းတာပေါ့...။ စကားဆုံးမှ....
“ ဆရာ..ထမင်းသက်သက်ဆို မကောင်းဘူး ထင်တယ်၊ ငါးကြော်လေးတော့ ထည့်ပေးမှ ကောင်းမယ်ထင်တယ်...”
“ ကဲ...အဒေါ်။။ လူနာဝေဒနာ ပျောက်ဘို့ တော့ ကျနော့်တာဝန် ...ဟုတ်လား ကျန်တာတော့ အဒေါ်ကျွေးချင်တာသာကျွေးတော့...”
နည်းနည်းတော့ တိုလာပြီ...။ သူ့ ကိုယ်သူ ထမင်းဆိုင်က လပေးချိုင့်(ဂျိုင့်)ဆွဲသမားကို ထမင်းပို့ တယ်ထင်လားမသိ။
အဲလိုပြောပြီးခွင့်ပေးလိုက်မှ ...
“ အဲ...ခုနင်က ဆရာပြောတာလေးတွေ စာနဲ့ ရေးပေးလိုက်ပါလား...အဲလောက်အစီအစဉ်ကျအောင် မပြောတတ်လို့ ...။
ဟင်းးးးးးးးး.။ မဒမ်ဆူးကိုဘဲ အကူအညီတောင်းပြီး၊ နောက်တစ်ခေါက်ထပ်ပြော...မဒမ်ဆူးက လိုက်ရေးပေး...ပေါ့။
ပြီးလဲပြီးရော..ပါလာတဲ့ ဖယောင်းတိုင်ထုပ်လေး ဘုရားစင်ပေါ်လှုပြီး သုတ်ချေတင် ပြန်သွားလေရဲ့ ...။
................
နောက်ရက် ညနေပိုင်းမှ အဒေါ်ကြီး တစ်ခေါက်ပြန်ရောက်လာပြီး....အားရ၀မ်းသာနဲ့ ....
“ ကျေးဇူး တင်လိုက်တာ ဆရာရယ်...ဆရာပေးတဲ့ ရေမန်းလေး တိုက်လိုက်တာနဲ့ ကောင်လေးက လူကောင်းပြန်ဖြစ်သွားတာ....”
“ အဒေါ် သစ်ပင်ဆီကိုရော သွားလိုက်ရဲ့ လား...”
“ အဲဒါကို ပြောချင်လို့ ဆရာ....သူတို့ ကျေနပ်ပါ့မလားမသိဘူး..”
“ သြော်...အဒေါ်ရယ်...ကျေနပ်သွားလို့  လူနာလဲ အကောင်းဖြစ်နေပြီ မဟုတ်လား”
“ အဲဒါတော့ ဟုတ်ပါတယ်...ကျမ အတွက်ပြောတာ...”
“ အဒေါ်က ဘာဖြစ်လို့ လဲ”
“ မနေ့ ညနေက ဆရာ သွားခိုင်းတဲ့ သစ်ပင်ကို ဘယ်သူမှ မလိုက်ရဲဘူးဆရာ....ခေါ်လို့ ကို မရတာ...အဲဒါနဲ့ တစ်ယောက်တည်း မှောင်ထဲမှာသွားပြီး ကျွေးရတာပေါ့...”
“ ကျနော် ပြောခိုင်းသလို ပြောလိုက်တယ်မဟုတ်လား”
“ မဟုတ်ဘူးဆရာ....အဒေါ်က စာမတတ်တော့ ပါးစပ်ကဘဲ ပြောလိုက်တယ်...”
သူပြောလိုက်တဲ့ စကားကတော့ မှတ်သားလောက်ပါရဲ့ ဗျာ...။
“ ကဲ...သရဲတွေ့စားချင်တယ်ဆိုလို့ လာကျွေးတာ...ဆရာမှာသလို ငါလဲ မပြောတတ်ဘူးငါလဲ စာမတတ်တော့၊ ဒီမှာ ရေးထားတဲ့ “ စာ ” ပါတယ်....
ကိုယ့်ဘာသာဖတ်ပြီး ကြည့်ကျက်စားကြပေတော့” လို့ ပြောပြီး..... ခပ်ကြောက်ကြောက်နဲ့ တစ်ချိုးတည်း ပြန်ပြေးလာခဲ့တာတဲ့...။
..........။...........
ကျနော်တို့ မိသားစု လဲ ဘယ်နေနိုင်မလဲ ရီမိတာပေါ့....။ သူကတော့ မျက်စေ့မျက်နှာကိုပျက်လို့ ..။
“ အဲဒါ...သူတို့ စားလို့ ဖြစ်ရဲ့ လား...”
“ အဒေါ် ပြောပုံဆိုရင်တော့ စာမတတ်တဲ့ သရဲက မစားရဘဲ ငတ်ဘို့ ဘဲရှိတယ်...စာတတ်တဲ့ သရဲက အကုန်စားမှာပေါ့...”
ကျနော်က သူ့ ကို ခင်မင်စိတ်နဲ့ အတည်ပေါက် စ”နေတာ...။
“ အင်...ဒါဆို မစားရတဲ့ သူတွေက အဒေါ့်ကို ငြှိုးနေမှာပေါ့...အဒေါ့်ကိုလဲ ရေမန်းလေး တစ်ခွက်တိုက်ထားပါကွယ်”
ကိုယ်က သူတစ်ကယ်ကြောက်နေမှန်း သိမှ စိတ်မပူအောင်ပြောရင်း သူကျေနပ်အောင် ဘုရားသောက်တော်ရေကိုစွန့် တိုက်လိုက်မှ သူ စိတ်အေးလက်အေး ဖြစ်သွားတာ..။
ပြီးမှ...ကုလာမတောင်တန်းကြီးကို ခပ်ငိုင်ငိုင်ကြည့်ပြီး...စကားတစ်ခွန်း ပြောလာသေးတယ်...။
“ သြော်...ကိုယ့်အလှည့်ရောက်ရင် မငတ်အောင် ၊အိုစာ မင်းစာလေးလောက်တော့ စာဖတ်တတ်အောင် မသေခင် စာသင်ထားဦးမှ”...တဲ့။။
ကျနော်သူ့ စကားကိုစဉ်းစားပြီးစိတ်မကောင်းဘူးဗျာ....။
စာမတတ်သူဟာ မျက်ကန်းနဲ့ တူတယ်တဲ့..။
အင်း....
ဘာသာရေးကို မလိုက်စား ၊နားမလည်ရင်တော့ သံသရာ တစ်ခုလုံးကန်းနိုင်တယ်ဗျာ....။
ရွှေစေတီတွေ တ၀င်းဝင်းနဲ့ သာသနာ ထွန်းကားပါတယ်လို့ ကြွေးကြော်နေတဲ့  မြန်မာနိုင်ငံ....မှာ...
တစ်ကယ့်သာသနာပြုရဟန်းတွေ တိုးပွားပါစေလို့ ဘဲ ကျနော်ဆုတောင်းမိပါတယ်...။

သစ်နက်ဆူး

11 comments:

စူး said...

“ ကဲ...သရဲတွေ့စားချင်တယ်ဆိုလို့ လာကျွေးတာ...ဆရာမှာသလို ငါလဲ မပြောတတ်ဘူးငါလဲ စာမတတ်တော့၊ ဒီမှာ ရေးထားတဲ့ “ စာ ” ပါတယ်....
ကိုယ့်ဘာသာဖတ်ပြီး ကြည့်ကျက်စားကြပေတော့”

မပြုံးပဲ ၀ါးလုံးကွဲ ရီလိုက်၏..

နောက်ဆုံးအဒေါ်ကြီးပြောတဲ့စကားကိုကြားတော့ စိတ်မကောင်း

စာမတတ်တဲ့သူတွေက အခုချိန်ထိ ရှိနေတုန်းပဲနော်..။
သြော် မြန်မာပြည်...မြန်မာပြည်

Moe Cho Thinn said...

စာမတတ်သူ ပိုများလာတဲ့
သာသနာပြုတဲ့ ရဟန်းတွေကို ဖမ်းဆီး ထောင်ချတဲ့ မြန်မာပြည်ပါ ကိုဆူးရေ..
ရင်လေးစရာချည်းပါ။

... said...

အကို့လိုပဲ ဆုတောင်းတယ်ပါတယ်...

အိမ်လွမ်းသူ said...

ဒုက္ခတွေက မသေးပါလားနော်.. အခုနောက်ပိုင်းဆို အဲ့ဒါထက်ပိုဆိုးနေကြမှာ..

Shweaung said...

“ သြော်...ကိုယ့်အလှည့်ရောက်ရင် မငတ်အောင် ၊အိုစာ မင်းစာလေးလောက်တော့ စာဖတ်တတ်အောင် မသေခင် စာသင်ထားဦးမှ”...
ဒီအပုဒ်လေးကိုဖတ်လိုက်တော့ငိုရမလိုရီရမလိုပါလား.. အစ်ကိုဆူးရေ..

တန်ခူး said...

ကိုသစ်နက်ဆူးရေ… အိုစာမင်းစာတဲ့လား… ကောင်းလိုက်တာ… ဆွဲယူသွားတာလေးလဲ လှတယ်… အတွေ့ အကြုံစုံသူက ကလောင်ထက်ထက်နဲ့ ရေးလိုက်တော့ ဒီလို စာကောင်းလေးတွေ မွေးဖွားလာတာပေါ့နော်… ကိုသစ်နက်ဆူးစာတွေက မမေ့လွယ် မပျောက်လွယ်တဲ့ စာမျိုးတွေပါ… စိတ်ထဲစွဲစွဲသွားတယ်…

Taungoo said...

ကိုဆူးရေ
အရယ်တစ်ဝက်နဲ့ မျက်ရည်စက်လက် ကျရမလိုဖြစ်နေပြ
ွှအ သုံးလုံး လုပ်အားပေးအစီအစဉ်တွေ ဘာလို့မရှိတော့တာလဲ မသိဘူး။ ဘဘဦးသုခရိုက်တဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဆိုတဲ့ရုပ်ရှင်ဆိုရင် ကြည့်ပြီးတိုင်း အဲလိုလုပ်အားပေးမျိုးသွားချင်စိတ် ဖြစ်လိုက်တာ။ ဘယ်နှစ်ကြိမ် ကြည့်ကြည့် အမြဲအဓိပ္ပါယ်ရှိနေတဲ့ ဇာတ်ကားလေးပဲ။

Heartmuseum said...

comment ရေးတာ နောက်ကျသွားတယ်။ အထက်ကလူတွေ ပြောတဲ့အတိုင်းဗျာ။ ဟီးးးးး
ရီချင်တာပဲသိတယ်။ ကြံကြံဖန်ဖန်ဗျာ။ စာမတတ်တာ ကြိုမပြောဘူး။ နောက်ပါ့ဗျာ......ဟီးးးးးးးးး

ပုံရိပ် / Pon Yate said...

အဒေါ်ကြီး ပြောပုံက မှတ်သားလောက်ပါပေတယ်။ ဒါပေမယ့် သရဲတွေ အကြောင်းစဉ်းစားမိမှ သူစာသင်ဖို့ စိတ်ကူးမိတာ စိတ်မကောင်းစရာပဲ။

Welcome said...

ပို့စ်ထဲက စေတနာတွေကို လေးစားသွား ပါတယ်၊ အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

ကိုအောင်(ပျူနိုင်ငံ) said...

အကိုပြောမှဘဲ သရဲတွေကို အ'သုံးလုံး သင်တန်း
ဖွင့်ပေးရမလို ဖြစ်နေတယ် ကောင်းတယ် အကိုရေ။