Friday, December 19, 2008

“ ရှေးဟောင်းပညာ ”



ကျနော်က ရှေးလူကြီးတွေ ရှာဖွေတွေ့ ရှိ ၊ရေးထား သိမ်းထားခဲ့ တဲ့ ၊ ထဲထဲဝင်ဝင် ပညာရပ်တွေကို စိတ်ဝင်စားတယ်..လေးစားတယ်။ မအိမ်လွမ်းသူဆီမှာ ဆေးပညာရပ်တွေ ဖတ်ရင်းနဲ့ အတွေးပြန်ပေါ်လာတာ..။
ဒိလောက်ခေတ်မှီနေတဲ့ အိုင်တီခေတ်ကြီးမှာ ရှေးဟောင်းပညာကို စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်တယ် ထင်မလားမသိဘူး။ ဒါပေမယ့် ပညာရပ်တိုင်းမှာ တန်ဘိုးဆိုတာရှိသလို၊ မြှုပ်ကွက်တွေလဲရှိတယ်..။ ကိုယ်အသုံးမပြုပေမယ့် အသုံးပြုတတ်တွေကြောင့် အသုံးပြုသူလဲ ခံစားခွင့်ရှိသလို တစ်ပါးသူအတွက်လဲ အကျိုးရှိခဲ့ တယ်ဆိုတာ သိခဲ့ ရတယ်။
ကျနော် နေထိုင်ခဲ့ တဲ့ပါတ်ဝန်းကျင်က တောနယ်လေးဆိုပေမယ့် ကျနော့်အတွက်တော့ လေ့လာစရာ ဆည်းပူးစရာတွေချည်းပါဘဲ..။ အလွှာစုံလူစုံပါ။
စာတွေဖတ်ရင်း၊ လူတွေနဲ့ ဆက်ဆံရင်းကနေ ရှေးဟောင်းပညာတွေကို စတင်ထိတွေ့ လာတဲ့အခါ စိတ်ဝင်စားလာတာပေါ့..။
အဲဒီ ရှေးပညာရပ်တွေထဲမှာ ထူးထူးခြားခြား ဘာကိုတွေ့ လဲဆိုတော့ “ ဖို ” ထိုးတာကို သွားတွေ့ တာဘဲ..။
ပြောမယ်ဆို မဒမ်ဆူးတို့ အဘိုးနဲ့ ဘကြီးက ဖိုထိုးတယ်၊ အဂ္ဂိရတ် ဖိုထိုးတာ။
အဂ္ဂ=မီးကို ပိုင်နိုင်ကျွမ်းကျင်စွာ၊ ရတ်= အသုံးချသောနည်းပညာလို့ လဲ အကြမ်းဖျဉ်း နားလည်ထားပေါ့။ သူ့ ဘကြီးဆိုတာကလဲ သူ့ အဒေါ်ရဲ့ ယောကျာင်္းပါ..ဦးထွန်း...တဲ့ ။
မဒမ်ဆူး အဘိုးက အရင်ကနာမည်ကြီး လက်ဝှေ့ သမားကြီး...အပေါင်းအသင်းခင်လွန်းပြီး လက်ဝှေ့ ထိုးပြန်လာတိုင်း အပေါင်းအသင်းတွေ အကုန်ခေါ်လာပြီး တစ်လကိုးသီတင်း အိမ်မှာ ချက်ပြုတ်ကျွေးရိုးရိုး အဘွားရဲ့ သိမ်းထားတဲ့ အထုပ်လေး လျှော့
သွားအောင်ကို သဘောကောင်းတဲ့လူ။ နောက်နာမည်ကြီးလွန်းလာတော့ ပြိုင်ဘက်မရှိ ပွဲစဉ်မရှိ ဖြစ်လာတဲ့ အခါ ပွဲစီစဉ်သူတွေက
ဆရာရင်းနဲ့ ထိုးဖြစ်အောင်စီစဉ်ခဲ့ ကြတာ...စင်ပေါ်ေ၇ာက်တော့ ဆရာရင်းကို ခြေကန်ချက်တစ်ချက်ထဲနဲ့ အသက်ပါခြွေယူပစ်လိုက်တယ်၊ သူကိုယ်တိုင်လဲ နှာခေါင်းရိုးကျိုးသွားတယ်...။
မရည်ရွယ်ပါဘဲ ဆရာ သေဆုံးသွားတော့ နောင်တရ ပြီး တရားဘောင်ကို ၀င်လို့  ဘုန်းကြီး ၀တ်ခဲ့ တာ...။
လက်ဝှေ့ ထိုးတုန်းက အဘွားရဲ့ အထုပ်လေးက လျှော့ယုံဘဲ လျှော့တာ။ ဘုန်းကြီးဝတ်ကာမှဘဲ အဘွားအထုတ်က ခွက်ချွတ်လက်ချွတ် ကို ပြောင်တာ။ ဘဘုန်းက ဖိုထိုးတာကိုး။ အဘွားလဲ ရှိသမျှရွှေ၊ လယ်၊ တောင်ပေါ်ခြံ အကုန်ပြောင်တော့ ဒီစိတ်နဲ့ ဘဲ သေဆုံးခဲ့ ရတာ...။
အဲဒီတော့ မဒမ်ဆူးအမေနဲ့ အသိုင်းအ၀ိုင်းက ဖို ဆိုရင် နံပြားဖိုတောင် စေ့စေ့မကြည့်ရဲအောင်ကို စိတ်နာထားတာ...။
သူ့ ဘကြီးလဲ ဒီလိုဘဲ ရှိသမျှ လယ် ပြောင်ပြီ။ သူ့ ကိုယ်သူ အဘဘိုးဘိုးအောင် သားထင်နေပြီး အိမ်လာလည်ရင် တဘောင်တွေ၊ သိုက်စာတွေ၊ အဂ္ဂိရတ်စာတွေ ပါးစပ်က အမြှုပ်ထွက်မတတ်ရွတ်၊ သူများအားမှန်း အလုပ်ရှိမှန်းလဲ မသိ၊ ရေနွေးကြမ်း ၃ အိုးလောက်ကုန်အောင် လေပစ်တာ။ မဒမ်ဆူးအမေက နဲနဲ ဟောက်ပေးမှ အပြောရပ်တာ...။ စဉ်းစားပြီး မေးတော့လဲ သူ့ မှာ ဘာဓါတ်ကိုမှ ပိုင်ပိုင်နိုင်နိုင်ထိုးဘူးတာမရှိဘူး...ရွှေဖြစ်စမ်းနေတာတဲ့ ...လောလောဆယ် တော့ သမီးနားကပ်ပါ ပြောင်နေပြီ...။
ကျနော့်အတွက်က ကြားထဲက အတွေးများတယ်...ကျနော်ဖတ်ဘူးတာက ပုဂံရာဇ၀င်မှာ အရှင် အဇ္ဇဂေါဏ က ပုဂံတပြည်လုံးမှာ မုဆိုးမကအစ ဘုရားတည်နိုင်အောင်ကို ရွှေမိုးရွာသလို ရွှေဖြစ်လမ်းနဲ့ ကယ်မခဲ့တာ။ နဂါးနီ သီချင်းမှာတောင်ပါတယ်လေ။
နောက်ရွှေဖြစ်ထိုးနိုင်တဲ့ဆရာတွေလဲ ဒီဘက်ခေတ်အထိရှိပါတယ်..။ ဦးမနောမယ(ပြည်) ၊ ဦးကိုကိုလေး( BA )နဲ့ တခြားသောဆရာတွေဟာ ခေတ်ပညာတတ်တွေဆိုပေမယ့် ပညာကို ထဲထဲဝင်ဝင်လေ့လာပြီး ပိုင်ပိုင်နိုင်နိုင်လုပ်နေကြတာ။
ဒီမှာ ဘာသွားတွေ့ လဲဆိုတော့ အဂ္ဂိရတ်ထိုးတာ မွဲဆေးဖော်တာဘဲ ဆိုတဲ့ အမြင်ရှိသူနဲ့  အဂ္ဂိရတ်ပညာက စားလမ်းနဲ့ ကယ်လို့ ရတယ်လို့ အမြင်ရှိသူ၂မျိုး သွားတွေ့ တယ်..။
အဂ္ဂိရတ်မှာက ၂မျိုးရှိတယ်...စားလမ်း ရိက္ခာထောက်နဲ့ အထက်ထွက်ရပ်လမ်း။
စားလမ်းဆိုတာက ရွှေဖြစ်ငွေဖြစ်ထိုးတာ...အဲ ရိက္ခာထောက်ဆိုတာက ကျင့်ကြံ အားထုတ်နေရင်း တဖက်က စားရိတ်ရအောင် ရွှေဖြစ်ထိုးတာ..။
အထက်ထွက်ရပ်လမ်းဆိုတာက မအိုမနာဘဲ ထွက်ရပ်ပေါက်နိုင်အောင် ပြဒါး၊ သံစတဲ့ ဓါတ်ကြီးတွေကို သေ အောင် သတ်၊ ပြီးမှ ပြန်ပြီး ဓါတ်ကိုရှင်အောင်လုပ်တာ။ ခက်တယ် အချိန်ကြာတယ်။
ဒါဖြင့် ဓါတ်ကြီးလမ်းမှ ကြာတာလား စားလမ်းက လွယ်တာလားလို့ မထင်နဲ့ ...သူလဲ ခက်တာဘဲ။
ကျနော်အကျင့်က ခက်တာကိုမှ လုပ်ချင်တာ...သူလိုကိုယ်လို လူတိုင်းလုပ်နိုင်ရင် မလုပ်ချင်ဘူး...သူလုပ်ပေ့ စေ။ အခုကျနော် ကြားကစဉ်းစားတာ ရှေးအစဉ်အဆက်တန်ဘိုးထားတဲ့ ပညာကို လူတွေ ဘာကြောင့် မယုံသလဲ၊ ဘာကြောင့် အထင်သေးတာလဲ....ဘာကြောင့် မဖြစ်တာလဲ ဆိုတာ လနဲ့ ချီစဉ်းစားတယ်...။ ပညာရပ်...ကျနော်ဘ၀မှာ အလေးစားဆုံးနဲ့ စိတ်အ၀င်စားဆုံးစကားလုံးဘဲ။
ဒီတော့ ဒီပညာကို စိတ်ဝင်စားလာတာနဲ့ ကိုယ်ရှာဖွေရတော့တယ်...စာပေအထောက်အထား။
လောလောဆယ် လက်လှမ်းမှီနိုင်တာက နက္ခတ္တရောင်ခြည်နဲ့ လက်ကျန် ရှေးစာအုပ်တွေ ။ ရသမျှ သိမ်းကြုံးဝယ်ပြီး သေချာဖတ်တယ်...။
မေးတယ်။။။ လုပ်မယ်လို့ ဆုံဖြတ်ပြီးတာနဲ့ မဒမ်ဆူးကို ကြေညာလိုက်တယ်..။
“ ဒီနှစ် ကိုယ်ဇာတ်မကတော့ဘူး...ဖိုထိုးမယ်...အဂ္ဂိရတ် ထိုးမယ်” လို့ ။
သြော...သြော်..ဒီစကားကြားလိုက်တာနဲ့ မဒမ်ဆူးတို့ မိသားစုဝင်တွေ အားလုံး၊ အိုစမာဘင်လာဒင်က သူ တို့ အိမ်ကို လေယာဉ်နဲ့ 
ဝင်တိုက်မယ်လို့ အမိန့် ပေးတဲ့ စကား ကြားလိုက်သလိုဘဲ...။
မဒမ်ဆူးအမေ မောင်နှမတွေ အားလုံး မျက်စိပျက် မျက်နှာပျက်နဲ့ ...တားလိုက်ကြတာ..။သူတို့ ကမျိုးရိုးနဲ့ ထိထားတာလေ။
သူတို့ ထင်တာက ကျနော် တစ်သက်လုံး ဖိုထိုးတော့မယ် ထင်နေတာကိုး...။
ကျနော်က အငြင်းပွားတဲ့ ပညာကို စမ်းချင်တာ လက်တွေ့ လုပ်ချင်တာ...ဒီတော့ နားဝင်အောင်ပြောပြတယ်...။ အတိုက်အခံ လုပ်ပြောတယ်...။ ကျနော့်စိတ်ကိုသိတော့လဲ မဒမ်ဆူးအမေက လေအေးလေးနဲ့ .....
“ ကလေးနဲ့ မိသားစုတွေ တင့်တောင့်တင့်တယ်နေနေတာကိုလဲ ငဲ့ပါကွယ်”တဲ့..။ ကျနော်က ဂတိပေးပါတယ်...။
ကျနော်ဖိုထိုးမယ် ဆိုတာနဲ့ သူ့ ဘကြီး ကြားပြီး အပြေးလေး သုတ်ခြေတင်လာတာဘဲ....။ဝမ်းသာအားရပေါ့...။
ပြီးတာနဲ့ ရွတ်တော့တာဘဲ...
“ ဒီလိုရှိတယ်...ငါ့တူရဲ့ ကအစ.....သူသုံးနေကြ ဓါတ်လမ်းကို ပြောတော့တာဘဲ...။ရွှေဖြစ်လမ်း..
“ ဘော်ဒန်သံရွှေ ဒီိလေးထွေ...ပေါ့..။ ကျနော်က ပြန်မေးတယ်...
“ ဘော်ကို ဘယ်လို ယူဆလဲ”
“ အော်...ငါ့တူရယ်...ဘော်ဆိုတာ...ခဲမဖြူတို့ ဘော်တို့ ကြားဘူးတယ်မဟုတ်လား...အခုတစ်လုံးချိုင့်( ထမင်းဂျိုင့်)တွေပေါ့..ဒါဘဲ”
သွားပြီ...လွဲပြီ။
“ ဘော်ဆိုတာ...အဂ္ဂိရတ်အခေါ်နဲ့ ဆို ငွေ ကို ပြောတာ...ဘကြီး...”
“ ဟေ...ဟုတ်လား...”
“ ဒန်ကရော...”
“ ဒန်အိုးဒန်ချိုင့်တွေလေ”
“ မဟုတ်ဘူးဘကြီး...ကြေးနီစစ်စစ်ကိုပြောတာ”
“ကြေးနီ ဆိုတာ ၀ါယာကြိုးထဲက ကြေးနီလား”
“ ဒါလဲ ကြေးနီပါဘဲ ဒါပေမယ့် မစစ်ဘူး...သူ့ ကို ၀ါယာကြိုးလပ်ရင် ပျော့ပြောင်းအောင် တစ်ခြားဓါတ်တွေ ရောထားတယ်...ကြေးနီလိုချင်ရင် ဒုတ္ထာ ကနေ ယူရမယ်...ဒုထ္တာကလဲ မဲနယ်ဆိုးတဲ့အတုရှိတယ်...တောင်တွင်းကြီးဘက်က ဒုတ္ထာက ကြေးနီ ပါဝင်မှုပိုများတယ်...ဒီထက်စစ်တာလိုချင်ရင်...လူရဲ့ ဆံပင်ကို မီးကျွမ်းအောင်လုပ်...အားလုံး ပြာခဲမဲမဲကြီး ဖြစ်သွားမှ လက်ခြားချော်နဲ့ ထိုးပြီး ငှဲ့ ယူရင် ကြေးနီ စစ်စစ်ရမယ်..“
“ ငါ့တူ တယ်ဟုတ်ပါလား...ဘကြီး...သံကိုတော့ ခြသံ(တောင်ပို့ သံ)။ ရေသံ၊ စုံနေပြီ...အိမ်က ထင်းခုတ်တဲ့ ဓါးမတောင်မကျန်ဘူး..စမ်းပြီးပြီ...မဖြစ်ဘူး..”
“ ဘကြီးက ဓါတ်ကောက်တာတွေ လွဲနေတာကိုး...ဘယ်ဖြစ်မလဲ...ဒီစာမှာညွှန်းတဲ့ သံဆိုတာ လယ်မှာထယ်ထိုးတဲ့ ထယ်သွားထိပ်ကသံကိုပြောတာ...ရွှေဆိုတာ မိန်းမနားကပ်မဟုတ်ဘူး...အခေါက်ရွှေကို ပြောတာ...”
“ ဟုတ်လိုက်လေ...ငါ့တူရယ်...တစ်သက်လုံး လွဲလာတာ ခုမှဘဲ ပါရမီ ရှင်နဲ့ တွေ့ တာ ...ကဲ...ပြန်လိုက်ဦးမယ်ဟေ့...”
အမှန်ဆို ကျနော်က ဘာပါရမီရှင်မှ မဟုတ်ဘူး...သူ့ ဘာသာ ပညာရပ်တစ်ခုကို သေချာမလေ့လာဘဲ ရမ်းချနေတာ...။
သိပ်မကြာဘူး...ဘကြီးထွန်း သူ့ သားမက်ဆိုက်ကား တစ်စီးရောင်းပြီး ဖိုထိုးတော့တာဘဲ...။
ကိုယ်ကလဲဆရာကြီးမဟုတ်တော့ လေ့လာဆည်းပူးရင်း နောက်ထပ် ဖိုထိုးသူတွေတွေ့ ရတာဘဲ...။ ဖိုထိုးပြီဆိုတာနဲ့  ပြောချင် ဆိုချင် ၊ ကူညီချင်သူတွေ တွေ့ တာဘဲ...။
တစ်ချို ကြလဲ တစ်မျိုး...
“ ဘယ်လိုလဲ ဖိုထိုးမယ်ဆို....ရွှေဖြစ်ရင် ပြောနော်...ကယ်ဘို့ လဲမေ့ မနေနဲ့ ..”
“ ကျနော်ဖိုထိုးတာ ရွှေလိုချင်လို့ မဟုတ်ဘူး...ရွှေက အခုလဲမိသားစုကို အပြည့်ဆင်ထားတယ်...လိုရင် မီးသွေးဘိုးကုန်ခံစရာတောင်မလိုဘူး...အခုသမီးကို ပိုက်ဆံပေးပြီး ပြေးဝယ်ခိုင်းတာနဲ့ ရတယ်...ခင်ဗျား ရွှေလိုချင်ရင် ခြေအကောင်းလက်အကောင်းဘဲ...အလုပ်လုပ်ငွေစုပြီး ၀ယ်ပေါ့...ကျနော့်ကိုတောင် စောင့်နေစရာမလိုဘူး...”
ဒါမျိုးလူတွေလဲ တွေ့ ရတယ်...။
မီးသွေးကို စပါယ်ရှယ်ဖုတ်ပေးတဲ့ ကူညီသူတွေလဲ ရှိတယ်...။
ဖိုထိုးမယ်ဆိုတာနဲ့ ကိုယ်က အရင်ကုန်တော့တာဘဲ...။
ဖားဖိုဝယ်ရတယ် ပြုပြင်ရတယ် ဖိုခွင်ဆင်ရတယ်...။ ဖိုကို လိုအပ်တဲ့ လေပေးဘို့  လိုချင်တဲ့ မီးရဘို့  လေမှန်မှန်ပေးနိုင်ဘို့ မော်တာဆင်ဘို့ မလွယ်တော့ သမီးကို ၀ယ်ပေးထားတဲ့ BMX စက်ဘီးလေးကို သမီးနဲ့ တိုင်ပင်ပြီး တစ်စစီ ဖြုတ်တာဘဲ...ပြီးတော့ ဖိုခွင်ဆင်...သမီးကို ဖီးဆဲန့် အသစ်တစ်စီးဝယ်ပေး...သားအဖ၂ယောက် တက်ညီလက်ညီဘဲ...။
ထိုးမယ့်လုံတွေ ၀ယ်ရတာမနည်းဘူး...နောက် လိုအပ်တဲ့  ဓါတ်ဆေးတွေ ၀ယ်ရတယ်..။ လုံကိုဇော်ဂျီမန်ဘို့ ခြတောင်ပို့ မြေ ရှာရတယ်။
အချိန်တော်တော် ပေးရတယ်။
တစ်ချို့ ကလဲ ...
“ ဟာ...ဖိုထိုးရင် အရမ်းကာရော မထိုးရဘူး...စည်းချရမယ်..ပွဲပေးရမယ်၊ ဂါထာတွေရွတ်ရမယ်..အဖျက်အဆီးများတယ် ဇော်ဂနီဇော်ဂနက်တွေက နှောက်ယှက်ပြီး...အောင်မြင်တော့မယ့် ဓါတ်ကိုပါ ခိုးယူတတ်တယ်”
“ ခင်ဗျားပြောတာလက်ခံပါတယ်....ဒါပေမယ့် ရွှေ တစ်ကျပ်သားနဲ့ ခဲတစ်ကျပ်သားပေါင်းရင်...ခဲ+ရွှေ ၂ကျပ်သားရမယ်...
ပိုက်ဆံ ၅ကျပ်နဲ့  ပိုက်ဆံ ၂၀နဲ့ ပေါင်းရင် ၂၅ကျပ်ရမယ်လို့ သေချာသိရင် ပေါင်းကာနီး...ဂါထာရွတ်စရာ လိုသလား၊ စည်းချစရာလိုသလား”
“ ဟာ ခင်ဗျား ဂွကျလိုက်တာ...ကျုပ်ကစေတနာနဲ့ ပြောတာ...”
ကျနော် သူ့ ကို စော်ကားတာမဟုတ်ဘူး...တစ်ကယ်လဲ သူကဖိုထိုးနေတဲ့ လက်တွေ့ သမားမဟုတ်ဘူး...လေနဲ့ ဆရာလုပ်နေတာ...။
ဒီလိုနဲ့ သားအဖနှစ်ယောက်ဖိုထိုးတော့တာပါဘဲ...ဖိုထိုးတယ်ဆိုလို့ ဓါတ်ကိုဘဲစထိုးတာမဟုတ်ဘူး...အထောက်အကူပြု ဓါတ်တွေ အရင် လုပ်ယူရတာ...။ သွပ်ကို အရင်းတည်ရတာဆိုတော့ ဓါတ်ခဲဟောင်းတွေရှာပြီး သွပ်တွေယူရတယ်..သန့် သွားအောင် သွပ်ကိုအရည်ကြိုပြီး ထုံးရည်ကြည်ပူပူထဲမှာ အကြိမ်ကြိမ်လောင်းယူမှ မှန်ကြည့်လို့ ရအောင်ကို သန့် နေတဲ့ သွပ်စစ်စစ်ရတာ..။
ဒီအလုပ် လုပ်နေရင်းဘဲ အသိမိတ်ဆွေတွေ အများကြီးတိုးလာတာ..။ မွန်ဆရာတော်တစ်ပါးနဲ့ တွေ့ တယ်...ဆရာတော်က မိဘမဲ့ ရော...မိဘရှိပြီး ဆင်းရဲနေတဲ့ ကလေးတွေကို ကျောင်းမှာ ခေါ်ကျွေးမွေးတယ်...ကျောင်းထားပေးတယ်...လူပျိုအရွယ်ရောက်ရင် စင်္ကာပူကိုပို့ ပေးတယ်...အလုပ်လုပ်...ပြီးရင် ငွေပြန်ပို့  ၅ပုံပုံ...၃ပုံက ကောင်လေးတွေရှေ့ ရေးအတွက် လယ်တွေ အိမ်တွေ
ဝယ်ပေးတယ်...၁ပုံက မိဘတွေကို ပေးတယ်...ကျန်တဲ့ ၁ပုံကို သူဖိုထိုးတယ်...။ ကလေးတွေ ဘ၀ရှေ့ ရေးကို ရွှေဖြစ်အောင်လုပ်ပေးတယ်...။
“ ဆရာတော် အခု ဘာဓါတ်ထိုးနေလဲ”
“ ရွှေဖြစ်ထိုးတယ်”
“ ဘုန်းကြီး...ရွှေကိုဘာလုပ်ဘို့ လဲ”
“ ဘုန်းကြီး လူတွေကို ကယ်ချင်သေးတယ်...”
“ ဖိုခွင်မှာ သွပ်ပြားတွေ ချိုးဖဲ့ ထားတာ ဘာလုပ်ဘို့ လဲ”
“ အော်...ဒကာလေးကလဲ ရွှေဓါတ်ကို ထိုးမယ်ဆို သွပ်လိုတယ်လေ...ဒါကြောင့် ကျောင်းကိုလှုထားတဲ့ သွပ်ပြားတွေကို အရည်ကျိုနေတာ”
“ အရှင်ဘုရား...စာမှာပါတဲ့ သွပ်ဆိုတာ...အဲဒီ အမိုးသွပ်ပြားကိုပြောတာမဟုတ်ဘူး...ဓါတ်ခဲ သို့ မဟုတ် မီးရထားလမ်းတွေမှာသုံးတဲ့ သွပ်ငုတ်တိုင်တွေကတစ်ဆင့် သန့် ထုတ်တဲ့  သွပ်စစ်စစ် ကိုပြောတာဘုရား”
“ အဟုတ်ဘဲလား...ကျုပ် ကျောင်းက သွပ်တွေ တော်တော် ကုန်နေပြီ...ဒါကြောင့် ဘာမှ မဖြစ်တာနေမှာ”
“ ဒါဖြင့် နာ...ဆိုတာက”
“ နာဆိုတာ ငါးဖမ်းပိုက်ကွန်အောက်ဖက်တွေမှာဆွဲသီထားတဲ့  ခဲပျော့ကိုပြောတာပါ...ဘက်ထရီအိုးတွေက ခဲကျွတ်တွေမဟုတ်ဘူး...”
“ အော်....ခဲလို့ ရေးလိုက်ရင်ပြီးရော...အခု ကျုပ် နာ ဆိုတာ ရှာနေတာ...တော်တော် ကြာနေပြီ..ဘယ်လိုမှ မတွေ့ ဘူး...ခုသိပြီ..
ဒါနဲ့ ပြဒါးစစ်ကိုဘယ်လိုလုပ်မလဲ”
“ ဆိုင်တွေမှာ ရောင်းတဲ့ ပြဒါးက ခဲနဲ့ ရောထားပြီး အကြံအဖန်လုပ်ထားတယ်...ပြဒါးစစ်စစ်ကို လိုချင်ရင် ...အဆက်အသွယ်ကောင်းရင်တော့ ဓါတုဗေဒ ဓါတ်ခွဲခန်းတွေမှာ မေးဝယ်ပါ...တစ်ချို့ နိုင်ငံခြားက လာတာဆို ပြဒါးစစ်တယ်...တခြားနည်းနဲ့ ဆိုရင်တော့ အသီးမသီးတဲ့ သင်္ဘော အဖိုပင်ကို ယူပြီး ဇောက်ထိုးထား ရေနံချေးအ၀တ်ကို ထိပ်မှာပတ်ပြီးမီးရှို့ ...အောက်က မြေအိုးခဲထားရင် ပြဒါးစစ်စစ်တွေ စီးထွက်လာမယ်...အဲဒါကို ထပ်သန့် ချင်ရင် ပျားရည်စစ်နဲ့ နယ်ပြီး ရေဆေးလိုက်တာနဲ့ ပြဒါးစစ်ရတယ်...ဒါမှမဟုတ် ကွမ်းရွက်စိမ်းနဲ့ နယ်ရင်လဲ ပြဒါးရဲ့ အညစ်အကြေးတွေထွက်တယ်...”
“ ဟုတ်ပြီ...ဒီလိုလုပ်ပါလား..ဒကာလေး...ဒကာလေးမိသားစုအတွက်ဆန်ပြည့်ဆီပြည့်ဖြည့်ပေးမယ်...ဒကာလေးကိုလဲ လခပေးမယ်...ဘုန်းကြီးဆီမှာ ဖိုထိုးပေးပါလား“
“ မလုပ်ပါနဲ့ ဘုရား...တပည့်တော် ဘာမှမတတ်သေးပါဘူး...သိသလောက်လေး ကူညီပြောပေးတာပါ တပည့်တော်မှာလဲ အလုပ်တွေများတယ်...”
“ ဒါဆို အမြဲ လာလည်ကွာ...”
“ တင်ပါ့”
........
နောက်ဆရာတော်တစ်ပါးက ရန်ကုန်ဘက်က လာတာ ဒီိနယ်ဘက်မှာ ခြံမြေ၀ယ်ပြီးကျောင်းဆောက်လို့ ...ဖိုထိုးတယ်လို့ သတင်းလွှင့်ထားတာ...
ပုပ္ပါးဆရာတော်...။
ဖိုထိုးတယ်ဆိုတာနဲ့  ဖိုသမားတွေ ၀င်လာမဆည်းဘဲ...။
ဘုန်းကြီးက ထိုင်နေရင် ကတ္တီပါခေါင်းအုံးအနီရောင်လေးကို တံတောင်ခုပြီး ထိုင်တာ...
အာပေါင်အာရင်သန်သန်နဲ့  အဂ္ဂိရတ်စာတွေလာရွတ်ပြရင် လက်ဝါးလေးကာပြီး ခဏနေဦးဆိုပြီး သင်္ကန်းရုံထဲ လက်ထိုးထဲ့ ပြီး
ခါးပန်းကြိုးထဲမှာ သိမ်းထားတဲ့ ဓါတ်လုံး ၆လုံးလောက်ကို ခေါင်းအုံးလေးပေါ်တင်လိုက်တာဘဲ...
“ ဒကာ...အခုဖိုထိုးနေတာ...ဒီိလိုဓါတ်လုံးမျိုးပိုင်ဘူးပြီလား...ရဘူးပြီလား...သေချာကြည့်...ဒါကသွပ်ဓါတ်လုံး၊ ဒါကပြဒါးနဲ့ ထိုးထားတာ၊ ဒါကသံနဲ့ ထိုးထားတာ...နောက်ဆေးဒါန်းဓါတ်လုံးတွေလဲရှိသေးတယ်...”
ပြလိုက်တဲ့ ဓါတ်လုံးကြည့်ပြီးတာနဲ့ ပြောနေတဲ့ ဖိုသမားကပါးစပ်ပိတ်ပြီး...၀ပ်စင်းသွားတာဘဲ..။ ကျနော်က လူကိုထက်မူကိုကြည့်တာ...
ဓါတ်တွေမှာလဲမြှုပ်ကွက်ရှိသလို ဘုန်းကြီးတွေ လူတွေမှာလဲ မြှုတ်ကွက်ရှိတယ်...
တရားကို ပိုင်ပိုင်နိုင်နိုင်စွဲစွဲမြဲမြဲကျင့်ကြံနေသူတွေ သံဃာတော်တွေရဲ့  ကိုယ်နှုတ်အမူအယာတွေက နူးညံ့သွားတယ် ဆိုပေမယ်...အခုကျနော် က ဇာတ်မင်းသားတစ်ယောက်ရဲ့ အတွေ့ အကြုံနဲ့ သုံးသပ်လိုက်တော့ ဒီဘုန်းကြီးက တရားကြောင့် နူးညံ့တာမဟုတ်ဘူး...
နည်းနည်း ဂျယ်နေတာ...သိပြီ။ (မတန်ခူး ကြီးကြီးလိုမျိုး)သူ့ လက်ဟန်ခြေဟန်...ထူးခြားနေပြီ...။
အလိုလိုက်အကြိုက်ဆောင်ပြီး...အဖြေရှာရမယ်ဆိုတော့...သူလိုချင်တဲ့ ဂဏန်းလေးတွေ...၂လုံး၃လုံး...ခင်းပြီး ကျားကွက်ရွှေ့ လိုက်တာနဲ့ ...ပေါ်ပါပြီ...
“ ကောင်းလိုက်တဲ့ ...အမြင်ဓါတ်ဘဲ....ကွက်တိဘဲ...မနေ့ က ၁၀၀၀ဘိုး ရလိုက်တယ်...မနက်ဖြန် ဘာရထားလဲ..”
“ အရှင်ဘုရား ဒီလောက်ဓါတ်တွေ နိုင်အောင်ထိုးထားတဲ့ အကျင့်သီလနဲ့ ဆို...လောကကို အကုန်နီးပါးမြင်နိုင်တာဘဲ...၂လုံးတိုက်နဲ့ ချဲဂဏန်းကို မမြင်ဘူးလား...”
“ ရှုးးးးးး တိုးတိုး၊ အဲဒီဓါတ်လုးံတွေက ပိုက်ဆံပေးပြီး ၀ယ်ထားတာ...တကယ် ဖိုထိုးနေသျူေတွကို လိုအပ်တဲ့ ဆေးဘို့ မီးသွေးဘိုးနဲ့ ပညာကြေးနင့်နေအောင်ပေးလိုက်ရင်...လိုချင်တဲ့ ဓါတ်လုံး ၀ယ်လို့ ရတယ်...ဒါတွေဆောင်ထားပြီး လူရှိန်အောင် လုပ်ထားတာ...”
တဖြည်းဖြည်း အတွင်းရေးတွေသိလာမှ ဒီဘုန်းကြီးက မလေးရှားလူပို့ နေတဲ့ အဖွဲ့ ။။။လာတဲ့ လူတွေကလဲ စစ်ဘက်နဲ့ ပါတ်သက်သူတွေ..နောက်ဆုံးပြောရရင် သူ့ မှာ စစ်သုံးဆက်သွယ်ရေးစက်ကအစရှိနေတာသိခဲ့ ရတယ်...။
.....
နောက်ဆရာတော်၂ပါးမှာ တစ်ပါးက သင်္ဘောကပ္ပတိန်ဟောင်း ပညာတတ် ဘွဲ့ ရပြီးသား...ဖိုထိုးပြီး...ဘာမှန်းမသိတဲ့ ဓါတ်လုံးကို ပါးစပ်ထဲမှာ အမြဲငုံထားတာ...ဖိုထိုးတယ် အယုနတ္တော အကုန်ပြောတယ်...။
ဒီပါတ်ဝန်းကျင်ရွာတွေကို ပြဒါးရှင်နဲ့ ကယ်ဘို့ တဲ့...၊ စော်ကားရင်တော့ တစ်ရွာလုံးနူအောင်လုပ်မယ်ဆိုဘဲ...။
နောက်ဆရာတော်က ဆေးလဲပိုင်တယ်..ဓါတ်လဲနိုင်တယ်...တစ်ကယ်ထိုးတယ်...ဓါတ်လုံးတော့ပိုင်နေပြီ...ရွှေပြာရအောင်လုပ်နေတာ...
ရွှေပြာရရင် နာ(ခဲ)ကို အလှုမှာချက်တဲ့ မိုးဗြဲဒယ်နဲ့ အပြည့်ကျိုပြီး ရွှေသေပြာ ကွမ်းရိုးတစ်တို့ ထည့်တာနဲ့ တစ်ဒယ်လုံးရွှေဖြစ်အောင် ကျိုးစားနေတာ...လောလောဆယ် ရွှေပြာမရသေးဘဲ..ရွှေလုံးပါပျောက်ပျောက်သွားလို့ စိတ်တိုနေဆဲ...တပည့်တွေကို အော်ဆဲနေဆဲ...။
ပြဒါးကို အရင်းတည်ပြီးထိုးထားတာဖြစ်ဖြစ် သံကိုအရင်းတည်ပြီးထိုးထားတဲ့ ဓါတ်လုံးဖြစ်ဖြစ် ရွှေဓါတ်လုံးဖြစ်သွားပြီးရင် နောက်ထပ်ရွှေကိုကျွေးနေ၇တယ်..ရွှေတော်တော်ကုန်တယ် ၊ဓါတ်လုံးက မြိုပစ်တာ။
ဓါတ်လုံးက မစားနိုင်တော့ဘူးဆိုရင် စားထားတဲ့ ရွှေတွေကို ပြန်အန်တော့တာ...ပြာ အဖြစ်နဲ့ ..။ အဲဒီပြာကို ပြောတာ ခဲတစ်ဒယ်လုံးထဲကို ကွမ်းတစ်တို့ ထည့်ရုံနဲ့ အကုန်ရွှေဖြစ်တယ်ဆိုတာ.။
ကိုယ်တည်ထိုးထားတဲ့ ဓါတ်ကမမှန်ရင် ရွှေဓါတ်လုးံဖြစ်နေမယ်...ရွှေကျွေးရင် စားမယ်...လမ်းမမှန်တော့ ပြန်မအန်ဘူး...တစ်သက်လုံးကျွေး...တစ်သက်လုံးစားမှာဘဲ...ပြန်တော့မအန်ဘူး။။။ အဲဒီမှာဘဲ ခြံပြုတ်အိမ်ပြုတ် စီးပွားပြုတ်တာ...လောဘစိတ်လေ...။
ကျနော်တွေ့ သလောက်ကတော့ သူများကိုကယ်ဘို့ ထက် လောလောဆယ် သူ့ မီးသွေးဘိုးဆေးဘိုးတောင် သူဟာသူ မကယ်နိုင်သေးဘူး..။
တစ်ကယ်ဖြစ်နေတာ၊ ဓါတ်လုံးအောင်တာတွေလဲ ရှိတယ်..။
ဒီပညာက တစ်ကယ်နက်နဲပါတယ်...။
မီးအချိန်အဆ၊ ဆေးအချိန်အဆ။ ခက်တယ်။။
မီးက အကြမ်းဖျဉ်း ၃မျိုး၊မီးအေး၊ မီးလတ်၊ မီးပြင်း...။မီးမပိုင်ရင် ဖိုမကိုင်နဲ့ တဲ့..။
ဆေးကရော...။
ရှေးပညာရပ်တွေခက်ခဲတယ်ဆိုတာ ဘာကိုပြောတာလဲ...။ စာတွေ့ လက်တွေ့ လွဲတာတွေ အများကြီးဘဲ...။
အနောက်တိုင်းဂန္ဓာရီ ပညာတွေမှာက ဆေးအချိန်အဆ တိကျတယ်...ဓါတ်သန့် သန့် ကို အချိုးအစားမှန်ပုံသေနည်းရှိတယ်..။
ဥပမာ....ဓါတု အီကွေးရှင်း ၃၃ ကြောင်းလိုပေါ့...မှားစရာမရှိဘူး...ကွက်တိဘဲ..။
ကျနော်တို့ ဆီမှာက ချိန်ခွင်လေးတွေနဲ့ ချိန်တယ်...ရွေးစေ့ နဲ့ ချိန်တယ်...။
ကျနော်သုံးတဲ့ ရွေးစေ့နဲ့ စာမှာပါတဲ့ ရွေးစေ့ ဘယ် ညီနိုင်မလဲ..။
နောက်ကြေးနီ တစ်ကျပ်သားထည့်ရမယ်လို့ အတိအကျမရေးဘဲ...ဒုတ္ထာ၅ ကျပ်သားအမှုန့် ပြုပြီး ထိုးရမယ် ဆိုရင်...
ဒီဒုတ္ထာ ၅ကျပ်သားမှာ ကြေးနီဓါတ်ပါဝင်မှု ၇ာခိုင်နှုံး အချိန်အဆက တောင်တွင်းကြီးက ဒုတ္ထာရဲ့ ဓါတ်သိပ်သည်းမှုနဲ့ မော်လမြိုင်က ဒုတ္ထာ သိပ်သည်းမှု မတူနိုင်ဘူး...ဒုတ္ထာ ၅ကျပ်သားသုံးတာခြင်းတူပြီး...ကြေးနီဓါတ် သိပ်သည်းမှု တူနိုင်မလားဆိုတာ မတွေးကြတော့ လွဲကုန်ပြီ...ကြားထဲ မဲနယ်ဆိုးထားတဲ့ ဒုတ္ထာ အတုနဲ့ ထိုးနေရင်တော့ သွားပြီ ..ဘာမှ မဖြစ်တော့ဘူး...။
စိန်နီမြင်းသွား ဆိုတာကလဲ ရွှေလောက်ဈေးကြီးတယ်...အတုရှိတယ်...သာမန် ထိုးကာစလူက ဘယ်လိုမှ မခွဲနိုင်အောင်တူတယ်...ဒါကို အစစ်လို့ ထင်ပြီး ထိုးနေရင်လဲ သွားတာဘဲ...။
ဒါကြောင့်ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ့ တဲ့..။
ဆက်ကြပါဦးစို့ ...ဒိလိုအမျိုးမျိုး တွေ့ တာတွေထဲက ဆောင်သင့်ရှောင်သင့်တာတွေ သတိထားပြီး သားအဖနှစ်ယောက် ဖိုထိုးတာဘဲ...။
ရွှေလိုတယ်ပြောတော့ မဒမ်ဆူးကတော့ ပါရမီဖြည့်ဖက်ပီပီ အခေါက်ရွှေ တမတ်သား ပြေးဝယ်ပေးတယ်..။
ထမင်းတောင် နားပြီး မစားနိုင်ဘူး...ကျနော်တို့ သားအဖကို မဒမ်ဆူးက ထမင်းပန်ကန် ပို့ ပေးတယ်...ဖိုထိုးရင်းစားဘဲ...သမီးက လေ ရအောင် ဖားဖိုနဲ့ ဂျွိုင်းထားတဲ့ စက်ဘီးလေးကို လိုသလိုကျနော် ညွှန်ကြားချက်နဲ့ နင်းတာပေါ့...ပျော်စရာလဲ ကောင်းတယ်...။
ဖိုထိုး၇င် ဂါထာရွတ်ရမယ် ပြောပေမယ့်...သမီးကတော့ သူ့ အဖေ ဇွတ်နက်ဆူးကိုယုံတယ်...သူဘာရွတ်လဲမမေးနဲ့  သူ့ ခါးပိုက်ထဲမှာ အပြည့်ဝယ်ထည့်ပေးထားတဲ့ ဇီးထုပ်မျိုးစုံစားလိုက် ၊ ပိုးအိစံ သီချင်းလေး တစ်ကြော်ကြော်အော်ဆိုလိုက်နဲ့ ..။
ကျနော်လစ်ရင် သူ့အဘွားက ဒီလောက်တောင်အတွဲညီရလားဆိုပြီး သမီး ဗိုက်ခေါက်ကို ဖွဖွလေးဆွဲလိမ်တတ်သေးတယ်..။
နေ့ ဘက်ဖိုထိုး...ညဖက်စာဖတ်အဖြေစဉ်းစားနဲ့ .....။ ပါတ်ဝန်းကျင်အမျိုးမျိုးပြောတဲ့ ကြားက..၁လ ကျော်လာတော့...
သွပ်ကိုအရင်းခံပြီး အခေါက်ရွှေ တစ်မတ်သား ထိုးကျွေးလိုက်တာ...နောက်ဆုံး...ဖြူသလိုလို ရွှေသလိုလိုနဲ့ ၃ကျပ်သားကျော်တဲ့ အခဲကြီး...ရလာတော့တယ်..။ ဘာလို့ ပြောရမယ်မှန်းလဲမသိဘူး...။
အဖြေလဲ မထွက်ဘူး...။ မဒမ်ဆူးက ပြုံးပြုံး ပြုံးပြုံးနဲ့ ...။သူ့ အမေကလဲ ကွက်ကြည့်ကွက်ကြည့်။
နောက်တော့ ကိုယ်တိုင် ဘာလုပ်ရမယ်မှန်းမသိတော့ဘူး...စာညွှန်းက ပြီးပြီ။ ကိုယ်က ရွှေမဖြစ်သေးဘူး...။
ပြီးမှ တစ်ခုကို စဉ်းစားမိတာနဲ့ မဒမ်ဆူးသူငယ်ချင်းပန်းထိမ်ဖိုကို လွှတ်ပြီး...ရထားတဲ့ ဓါတ်ကို ငရဲမီး စားခိုင်းလိုက်တာ...။
ငရဲမီးဆိုတာက ဆာလဖြူရစ်အက်စစ်အပြင်းစား။ ရွှေကလွဲရင် ကျန်တဲ့ ဓါတ်တွေ အကုန်စားပြီး လောင်ကျွမ်းနိုင်တယ်...။
သူ့ သူငယ်ချင်းက ငရဲမီးစားပြီးမှတ်ကျောက်တင်ပြီးတော့ မဒမ်ဆူး အပြေးပြန်လာတယ်...
“ ကို....သူပြောတယ် ငရဲမီးလဲခံတယ်..မှတ်ကျောက်လဲ အတင်ခံတယ်...ဒါပေမယ့် ၁၅ပဲရည်လောက်ဘဲ ဖြစ်နေတယ်တဲ့..။
ဒါကို သန့် လိုက်မိုက်ခွဲ( ရွှေသန့် အောင်ခွဲထုတ်ခြင်း) ပြီး အရောင်တင်လိုက်တာနဲ့  ရွှေ ဖြစ်ပြီတဲ့ ...။
ဝမ်းသာပေမယ့် ကျနော်မယုံဘူး...
ငါ...ဖိုထိုးတာ ကိုလှောင်ချင်လို့ များ အတည်ပေါက်နဲ့  နောက်တာလားထင်လို့  တစ်ခြားမြို့ ကပန်းထိမ်ဖိုကို ငရဲမီး စားခိုင်းတယ်...
လုံးဝငရဲမီးမစားဘူး..။ မှတ်ကျောက်တင်ခံနိုင်တယ်...။
ဝမ်းသာပီတိစိတ်က တစ်ကိုယ်လုံးဘဲ...။ ကြက်သီးတွေတောင်ထတယ်..။
ကျနော် ရွှေအဖြစ်သန့် မထုတ်ပါဘူး...
ကျနော်လိုချင်တာ ရွှေမဟုတ်ဘူး....သက်သေ..။
ဒီပညာရပ်ကို စော်ကားပြောချင်တဲ့ လူတွေကို ပြနိုင်မယ့် သက်သေ..။
ကျနော်က ဘာလို့ တစ်ချီဘဲထိုးပြီး...ရွှေအဖြစ် အောင်မြင်တာလဲလို့ မေးစရာရှိပါတယ်..။
အဖြေကတော့.................... စဉ်းစားခြင်းနဲ့ တိကျမှု..ပါဘဲ..။။
ပါရမီလို့ ပြောချင်ရင်လဲ မငြင်းပါဘူး။ အိမ်ရောက်တာနဲ့ ဖိုထိုးနေတဲ့ ပစ္စည်းတွေ အကုန်ဖျက်သိမ်းလိုက်တယ်...။ ပြီးပြီ။
ဖိုဆက်ထိုးစရာ အကြောင်းမရှိတော့ဘူး...လိုချင်တဲ့အဖြေရလိုက်ပြီိ..။
မဒမ်ဆူးတို့ အမေနဲ့ တစ်ခြားမိတ်ဆွေတွေကိုပြပါတယ်...ကြိုက်တဲ့ ဆီမှာ သွားစမ်းခိုင်းတယ်...။
ကျနော်လုပ်ကိုင်နေတာလဲ တွေ့ တယ်...။
ရလာတဲ့ ဓါတ်ကိုလဲ တွေ့ ပြီဆိုရင် ဒီပညာကို မစော်ကားဘို့ ပြောတယ်...။
ပညာရပ်တိုင်းမှာ မြှုပ်ကွက်ရှိတယ် နက်နဲတယ်...။
ရှေးဟောင်းပညာတွေက ပိုနက်နဲပါတယ်...။
ပညာရပ်တစ်ခုကို ပြောမယ်ဆိုရင် စဉ်းစားပါ...လေ့လာပါ..လက်တွေ့ မလုပ်နိုင်ရင် မပြောနဲ့ ..။
လက်တွေ့ တော့ လုပ်ပြီး.. ခိုင်မာတဲ့ သက်သေမပြနိုင်ရင် မပြောနဲ့ ..။
.........
မယောင်ရာဆီလူးပြီး လက်ပံပင် ဓါးနဲ့ ချိုင်တာတော့ မဟုတ်ဘူး...။
နိုင်ငံရေးဆိုတာလဲ ရှေးဟောင်းပညာရပ်တစ်ခုပါဘဲ
ကျနော်က နိုင်ငံရေးမှာ ဆရာကြီးမဟုတ်ဘူး...ဘာကောင်မှလဲ မဟုတ်ပါဘူး..။
အရှင် အဇ္ဇဂေါဏက ရွှေဖြစ်အောင်လုပ်ပြီး ပုဂံပြည်သူတွေ ပြည်သားတွေကို ကယ်တင်ခဲ့တယ်...။
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဖိုထိုးပြီး မြန်မာပြည် လွတ်လပ်ရေး ရအောင် နိုင်ငံရေးဖိုထိုးခဲ့တယ်..။
ကျနော်ထိုင်းမှာနေခဲ့တုန်းကနေ အခုထိ နိုင်ငံရေးလောကကို လေ့လာပေါင်းသင်းတဲ့အခါ....
ဘကြီးထွန်းညွန့် လို နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ့ တယ်.....
မွန်ဆရာတော်လို နိုင်ငံရေးဖိုထိုးနေသူတွေတွေ့ တယ်.....
ပုပ္ပါးဆရာတော်လို ဖိန့် လုံးတွေနဲ့ နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ့ တယ်...
သင်္ဘောသား ဘုန်းကြီးလို နိုင်ငံရေး ဖိုထိုးသူတွေလဲ တွေ့ တယ်...
ဆေးဘုန်းကြီးလို ထိုးကျွေးပြီးရင်း ထိုးကျွေးနေတဲ့ နိုင်ငံရေး ဖိုထိုးနေသူတွေလဲ တွေ့ ဘူးပါတယ်...
ဖိုထိုးတယ်ဆိုတာ လောကီိ ကိစ္စတွေပါ...
နိုင်ငံရေးဆိုတာကလဲ လောကီ ကိစ္စတစ်ခုပါဘဲ...။
သူများကိုလဲ ကျနော် မနင်းတတ်ဘူး...
ကျနော့်ကိုလဲ လာမနင်းနဲ့ မကြိုက်ဘူး....
အချင်းချင်းလဲ ချမနင်းတတ်ဘူး....
ဒါပေမယ့် မြန်မာတစ်ပြည်လုံး ရွှေဖြစ်အောင် ကယ်မယ်လို့ ကြွေးကြော်နေတဲ့....ဆရာ့ဆရာတွေ နောင်တော်ကြီးတွေကို
စေတနာနဲ့ စကားတစ်ခွန်း ပြောချင်တယ်...။
နိုင်ငံရေး ဖိုထိုးရင်....
မီးသဘောကို နားလည်သင့်တယ်...မီးအေး...မီးလတ်...မီးပြင်း
ဓါတ်သဘောကို နားလည်ရမယ်...ထောက်ကန် ရုန်းကြွ ပူးသတ် ဖိသတ် သဘော...။
အချိန်အခါကို သတိရှိရမယ်...အချိန်အဆကို မှန်ကန်ရမယ်...။
ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ့ ...။ မီးမပိုင်ရင် ဖိုမကိုင်နဲ့ ....။ စကားတစ်ခုရှိသေးတယ်...
ဓါတ်တူနာမ်တူ ဆေးဘက်ယူ...နာမ်တူသတ်က အသေရတဲ့ ..။
ကိုယ်ထိုးနေတာ ကိုယ်တိုင် ဘာဓါတ်မှန်းမသိရင် မကောင်းဘူး
နိုင်ငံရေး ဖိုထိုးတဲ့အခါ ဘေးပယောဂများတယ်..
အရေးကြီးဆုးံကတော့ ထိုးကျွေးရတာများနေရင် လမ်းကိုပြန်စဉ်းစား...။


မိမိကိုယ်တိုင်လုပ်ခဲ့ဘူးသော အတွေ့ အကြုံကို စဉ်းစားရင်း ပညာကျော်တို့ အား စေတနာဖြင့် လက်တို့ ခြင်းမျှသာ....

သစ်နက်ဆူး

20 comments:

ဗေဒါရီ said...

အဂ္ဂိရတ်ပညာနဲ့ နိုင်ငံရေးကို ယှဉ်ရေးပြသွားတာလေး လှတယ်။ စဖတ်ကတည်းက ဆုံးခါနီး တခုခု ထူးခြားတာလေး ပြမယ်လို့ ထင်နေသားပဲ။ ကိုဆူးစာတွေ ဖတ်နေကျဆိုတော့ ခုတော့ နည်းနည်း မှန်းတတ်နေပြီ။
ကျွန်မလည်း ဖိုထိုးတဲ့ပညာကို အထင်သေးတာတော့ မဟုတ်ဘူး။ အယုံအကြည်မရှိခဲ့ဘူး။ ရှိထည့် ရှိထည့် ဆိုပြီး ရှိသမျှ ထည့်နေရတာမျိုးတွေချည်း သူများပြောတာ ကြားဖူးခဲ့တယ်။ တကယ့်ရွှေဖြစ်သွားတာ .. အောင်သွားတာမျိုး တခါမှ မကြားခဲ့ဖူးဘူး။
ဘယ်ပညာရပ်မဆို အထင်သေးလို့ မရဘူးနော်။ ပြီးတော့ သေချာလေ့လာပြီး လုပ်ရင် အောင်မြင်တာပါပဲ။ လမ်းကြောင်း မလွဲဖို့ အဓိကလို့ ထင်ပါတယ်။
ထိုးကျွေးနေရတာများရင် လမ်းကို ပြန်စဉ်းစားသင့်တယ်ဆိုတာ တကယ်ကို အမှန်ပါပဲ။

အိမ်လွမ်းသူ said...

ရှေးကပညာတွေက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်နော်.. လေ့လာရင်းနဲ့ကို ပိုပိုပြီးစိတ်ဝင်စားလာတယ်။ ကျွန်မလေ့လာနေတဲ့ စာအုပ်ထဲမှာ အဲ့ဒီအကြောင်းတွေလဲပါတယ်။ ဒါပေမဲ့ သိပ်နားမလည်ဘူး။ အခု ကိုဆူးရေးပြမှဘဲ နဲနဲသဘောပေါက်တော့တယ်။ သမီးက စက်ဘီးနင်းပြီးဖိုထိုးနေကြတဲ့ သားအဖကို မြင်ယောင်ပြုံးမိပြီး အလုပ်တခုကို သေချာတိကျအောင် လုပ်တတ်တဲ့အကျင့်ကို လေးစားအတုယူသွားပါတယ်။

... said...

အစ်ကို... အရမ်းမှတ်တမ်းတင်လေးစားလောက်တဲ့စာကောင်း
တစ်ပုဒ်ပါ..ဗဟုသုတတွေရတယ်...နောက်ဆုံးစာပုဒ်က
ရွှေထိုးကြွေးသလိုမျိုးလုပ်ကိုင်နေတဲ့ နိုင်ငံရေးသမားတွေကို
ရေးပြသွားတာ အကြိုက်ဆုံးပါပဲ...
ထိုးကြွေးလို့ အစားခံထိ သဝပျက်သွားတဲ့ ရွှေတွေတော်တော်များနေပြီ...လေးစားပါတယ် ကိုသစ်နက်ဆူး

Craton said...

ဖတ်သွားတယ်ဦးဦး။ အဂ္ဂရတ်ဖိုထိုးတယ်ဆိုတာနဲ့ ရှင်အဇ္ဖဂေါဏဆိုတာရယ်ကို ကျနော်အလယ်တန်းလောက်မှာလား မသိဘူး စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်.. (အဲ့ထဲက နာမည်တစ်ခုတောင်ရေးတေးတေးပဲ အိုလှပုံ ဆိုလားဘာလားမသိပေါင်.. ပုဂံခေတ်နာမည်တွေပဲ)
စဖတ်တည်းကဖတ်လို့ကောင်းကောင်းနဲ့ စိတ်ဝင်တစားဖတ်လာလိုက်တာ အဆုံးနားရောက်မှ လိုချင်တဲ့အချက်လေးတွေကို တစ်ချက်ချင်း ယှဉ်ယှဉ်ပြောသွားတာတွေကို အတုယူသွားပါတယ်။ တကယ်ကောင်းတဲ့ပို့စ်လေးပါ။ ဖိုထိုးတာအောင်သွားတယ်ဆိုလို့လည်း ချီးကျူးမိပါတယ်။း)

☺☺☺☺ said...

ကိုသစ်နက်ဆူးရေ

သိပ်ကောင်းတဲ့ ပို့စ်လေးပါ... နိုင်ငံရေးနည်းလမ်းတွေ ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်... ဝိုင်းဝန်းအဖြေရှာဖို့ အချိန်တန်နေပြီလို့ ထင်ပါတယ်...

ကိုအောင်(ပျူနိုင်ငံ) said...

အကိုဆောင်းပါးလေးကို ကျနော့် အမှတ်တရ သိမ်းထား
ချင်တယ် အကို ခွင့်ပြုပါ။ အရမ်းကောင်းလို့။

စူး said...

အကို့ရဲ့ စိတ်ဓာတ်က တကဲ့ကိုလေးစားစရာအတိပဲ
ဘာပဲဖြစ်ဖြစ် မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဇွဲက ဘဝကို အောင်မြင်စေတာပါ။ အကို့နေရာမှာတခြားသူဆိုရင်...
ဒီလိုအခြေအနေတောင်ရောက်ပါ့မလားပဲ။
အကိုဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကိုကြည့်ရင်..ဟာ..ဟာ...နဲ့ အံ့သြကုန်နိုင်ဖွယ်..။
အခုလဲ ကြည့်လေ.. အဆုံးမှာ ရွှေနဲ့ နီးစပ်တဲ့အဆင့်ထိအောင်မြင်သွားတယ်။ ပီးတော့ ယှဉ်ပြောပြထားသေးတယ်။ ဖိုထိုးသူတွေလည်း နည်းပညာပြောင်းပီး စမ်းသပ်သင့်သလို.. နိုင်ငံရေးသမားတွေလည်း လမ်းကြောင်းအသစ် တခုတော့ လျှောက်လှမ်း သင့်ပီလိုံဒီပို့စ်လေးကပြောသွားပါတယ်။
အားလုံးပဲ အတုယူနိုင်ကြပါစေ.။
လုပ်ရပ်တိုင်းကို ပြန်လည်သုံးသပ်ဆင်ခြင်နိုင်ကြပါစေ။
အကိုရဲ့ဇွဲ တိကျသေချာမှူကို အတုယူ လေးစားလျက်

SDL said...

နှိုင်းယှဉ်ပြထားတဲ့ အမြင်လေးကို ကြိုက်တယ်။
လေးစားပါတယ်။

Moe Cho Thinn said...

ရေးတတ်လွန်းတယ်လို့ပဲ ပြောရတော့မယ်။
ထိုးကျွေးရလွန်းလို့ တပြည်လုံးလဲ ကုန်ပါပြီ ကိုဆူးရယ်။

pandora said...

ရှေ့ကမှတ်ချက်ချသွားသူတွေ ပြောသလိုပါပဲ ကိုဆူးရေ.။ ထပ်ဖြည့်စွက်စရာ မရှိတော့ဘူး။ နှိုင်းယှဉ်ပုံလေးကို သဘောကျပါတယ်။

အောင်သာငယ် said...

ကောင်းပါ့ ကိုသစ်ရေ့...
လိုတိုရှင်း မန့်သွားတယ်...း)

PAUK said...

ဖိုထိုးတာ...
ဒီလိုပါ့လား..
(အခုမှသေချာသိလို့ပါ)

မသူတော် said...

တခါတလေဒီလိုစာကောင်းတပုဒ်ဖတ်ရတဲ့အခါအရမ်း
ကျေနပ်မိပါတယ်..
်Democracy movement ထဲကကျွန်တော့်မိတ်ဆွေတွေ
ကိုအမြဲတမ်းကျွန်တော်ပြောလေ့ရှိပါတယ်..
ခေါင်းဆောင်တွေလို့ယူဆနေသူတွေထဲမှာ..
Leadership Skills နဲ့ Management skills ပိုင်ဆိုင်သူတွေများလာတဲ့တနေ့
တိုင်းပြည်မှာ လိုချင်တဲ့ ဒီမိုကရေစီ ရလိမ့်မယ်..
လို့ယုံကြည်ပါတယ်

မသူတော် said...

စကားမစပ်..တထိုင်တည်းBlogတခုလုံးအစအဆုံးဖတ်သွားပါတယ်ခင်ဗျား..:)

အညာသား said...

ကိုသစ်နက်ဆူးရေ...
ရှေးဟောင်းပညာရပ်တစ်ခုကို သေသေချာချာလေ့လာထားတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ်... ဘလော့ဂ်တော်တော်များများကို သေသေချာချာလိုက်ဖတ်ဖြစ်ပါတယ်....ဒါပေမယ့် အပေါ်ယံတွေကိုပဲရှပ်ပြီးရေးကြတာများတယ်...သေသေချာချာမသိဘဲနဲ့ ရေးကြတဲ့အတွက် ဖတ်ရတဲ့သူအနေနဲ့ ဘယ်ပညာရပ်မဆို တန်ဖိုးမထားတတ်တော့ဘူးဖြစ်လာပါတယ်...အထင်သေးလာကြတယ်.... လောလောဆယ်ကျွန်တော်ကတော့ ဒီပညာရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်ဘလော့ဂ်က သေသေချာချာ လေ့လာထားသလဲဆိုတာ လိုက်ပြီးလေ့လာနေသူတစ်ဦးပါ...။ အကိုရဲ့ ဘလော့ဂ်ကိုတော့ သဘောကြပါတယ်....။ ပညာရပ်တစ်ခုကို လူပြောသူပြောများတဲ့ စကားတစ်ခုတည်းနဲ့ မလုပ်ဘဲ သေသေချာချာ ကိုယ်တိုင်ကိုယ်ကျ လေ့လာလုပ်ကိုင်အတွက် လုပ်ရပ်ဟာ မှန်ပါတယ်....။ အဓိကက ထွက်လာတဲ့ အဖြေ...အဖြေဟာ မှားနေပြီဆိုရင် မြန်မာ့ပညာရပ်တွေမှာ ဝေဖန်ပိုင်းခြားဖို့ အလွန်ကို ခက်ခဲပါတယ်...အကိုပြောသလို အချိန်အတွယ်၊ အပေါင်းအစပ်တွေ၊ ဖော်ပြထားတဲ့ ကျမ်းတွေ တစ်စောင်နဲ့ တစ်စောင်မတူကြဘူး...။။တစ်ယောက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ၀ှက်ထားပုံ ၀ှက်ထားနည်းတွေလည်း မတူကြဘူးပေါ့နော်......။
၁။ လုပ်ရမယ့်အချိန်။
၂။ လုပ်ရမယ့်နေရာ။
၃။ ကိုယ့်ကို ဖြည့်ပေးမယ့်သူ....။
၎။ လုပ်ဆောင်မယ့်သူရဲ့ စိတ်နေစိတ်ထား....။
၅။ လောဘ၊ ဒေါသ၊ မောဟ

အဲဒီငါးချက်ပေါ်မှာ ဒီပညာရပ်တွေဟာ မှီတည်နေတယ်လို့ အကြမ်းဖြင်းသတ်မှတ်လို့တော့ ရတယ်....။
ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ကျတော့ နှစ်ပေါင်းများစွာ လေ့လာလိုက်စားနေခဲ့ကြတယ်....အမှန်ကို မရောက်သွားဘူး....ဘာဖြစ်လို့လဲ.....။ ရွှေဖြစ်အောင်တော့ လုပ်နည်းလုပ်ရပ်တွေ ပေးခဲ့တာပဲ။ ဒါပေမယ့် ဒီအပေါ်မှာ လောဘ မတက်ရဘူးဆိုတော့ စဉ်းစားစရာအရမ်းကောင်နေတယ်လေ.....။
ကျွန်တော်တွေးမိသလို ပြောကြည့်မိတာပါ....
လွန်တာရှိရင် ၀န္ဒာမိပါ.....
ခွင့်လွှတ်နိုင်ပါစေ....

mg kyi poae said...

ကိုဆူးခင်ဗျာ..
ခရီးထွက်နေရတဲ့အတွက် ခုမှပဲကွန်မန့်ပေးဖြစ်တယ်။ အစ က အဆုံး အချိတ်အဆက်မိမိနဲ့ ပြောချင်တာကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးပြသွားတာ အင်မတန်မှကောင်းတယ်ဗျာ။ ဒီစာကိုဖတ်ရခြင်းကြောင့် အကျိုးတစုံတရာဖြစ်ထွန်းလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီနေ့ခေတ်မှာ လိုအပ်နေတဲ့ ဟာကွက်ကို ထိထိမိမိထောက်ပြထားနိုင်တာကို လေးစားမိပါတယ်။ ကိုဆူးဥပမာပြထားတဲ့ပုဂ္ဂိုလ်တွေလို လူမျိုးတွေများနေလို့ နှစ်တွေကြာလာသည့်တိုင်အောင် ထိုးကျွေးနေရတာတွေ၊ ပြုတ်ပြုတ်ပြုန်းခဲ့ရတာတွေ ဖြစ်ခဲ့ရပါတယ်။ တတ်ယောင်ကားတွေကြောင့်လည်း အထင်သေး အမြင်သေးခံခဲ့ရပါတယ်။ ကိုဆူးရဲ့ရေးသားချက်တွေကတော့ ပြောင်မြောက်ပါပေတယ်ဗျာ။ နောက်ထပ်ဒီလိုစာမျိုး များများရေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဆောင်း said...

အရာရာကို အတွင်းကျကျ လေ့လာပြီး အောင်မြင်အောင် လုပ်နိုင်တာ အရမ်းချီးကျူးဖို့ကောင်းတယ်။ ဒါ့ကြောင့် သူများထက် တပန်းသာနေတာကိုး

အဖြူရောင်နတ်သမီး said...

ကျမရဲ့ ဘလော့ဂ်မှာ အကို့ရဲ့လင့်ကို ချန်ပေးခဲ့တာ ကျေးဇူးအရမ်းတင်ပါတယ် ။
အကိုသာ လင့်မချန်ပေးခဲ့ရင် အကိုရေးတဲ့ တန်ဖိုးရှိတဲ့ ဗဟုသုတတွေကို ဖတ်ခွင့်ရမှာမဟုတ်ဘူး...။


လေးစားစွာဖြင့်...

Jhon Gear said...

အကိုသစ်နက်ဆူး ..ခင်ဗျား
ကျနော်အကိုကိုံဆက်သွယ်ချင်လို့ပါ..ဆက်သါယ်၇မယ့်ဖုန်းနံပါတ် ပေးပါလားခင်ဗျား
အကိုရေးထားတာတွေကျနော်အင်မတန်ကြိုက်တယ်...မသိတာမရှင်းတာဗတွေမေးချင်လို့ပါခင်ဗျာ

Jhon Gear said...

အကိုကျနော့်ကို ပြန်အကြေင်းပြန်ပေးပါနော်...အကို