Friday, August 28, 2009

ရနံ့ ပျယ် ကြေမွတိမ်တိုက်



မှိုင်းညှင်းညှင်း မြူလေနွေးကပင် ကိုယ့်ကို ဆွဲပတ်ရစ်ပွေ့ ပြီး အလွမ်းလှိုင်းထဲဆွဲသွင်းလိုက်သလို
မောဟိုက်ဟိုက်နှင့်နီးရာ ကျောက်စွန်းလေးမှာ ကိုယ်ထိုင်ချလိုက်ရသည်..။
နွမ်းနေသောစိတ်နှင့်ပင် ဝေးနိုင်သမျှဝေးဝေးသို့ အကြည့်ကိုပို့ ထားလိုက်သည်။ ပြာလွလွ အငွေ့ များကြားတွင်မှ လူမသိသူမသိကြွေကျဆဲ သစ်ရွက်လေးတွေ...ကြွေနေဆဲ သစ်ရွက်လေးတွေက မြေမှာ အပြန့် သား...။
မိမိမှီတွယ်ရာမှ ခွဲခွာကြွေလွင့်ခဲ့ ရသော သစ်ရွက် ပန်းပွင့် သံယောဇဉ်ကို နက်နက်နဲနဲ မဝေခွဲတတ်ပေမယ့်..
ကိုယ်ချင်းစာစိတ်နှင့် နီးရာ သစ်ရွက်လေးကို ကောက်ယူကြည့်မိသည်...။
သစ်ရွက်ပေါ်မှ နှင်းရည်စိုစိုတို့ သည်ပင် သစ်ရွက်လေးရဲ့ မျက်ရည်များလား...။
သစ်ရွက်ပေါ်မှ နှင်းရည်တို့ သည်ပင် သစ်ရွက်လေးရဲ့ ခွဲခွာခြင်းမျက်ရည်ဆိုလျှင်...
ကိုယ့်တကိုယ်လုံး စွတ်စိုနေတဲ့ နှင်းရည်တွေကရော..ကိုယ့်မျက်ရည်တွေလား...။ နာနာကျင်ကျင်ပင် ပြုံးလိုက်ကာမှ မျက်ရည်စက ခိုတွဲလာသလို ။
အိတ်ထဲက ဆေးလိပ်ဗူးကို ဆွဲထုတ်ရင်းဆေးလိပ်ကို မီးညှိလိုက်ရင်း တချက် ရှိုက်သွင်းရင်း...
“ ညီညီ...မင်းလွမ်းတာတွေ ပျောက်အောင် ဆေးလိပ်သောက်ကြည့်ပါလား...အလွမ်းပြေတယ်ကွ”
စိုးငယ်..မင်းပြောသလို ဆေးလိပ်ကို အလွမ်းပြေမလားအထင်နဲ့ သောက်လာတာ...ဆေးလိပ်တောင် ဖြတ်ဘို့ မလွယ်ပါဘူးသူငယ်ချင်း..။
အလွမ်းတွေကလျှော့သွားသလား ဆိုရင်ကော...။
သေရာပါ ဒဏ်ချက်တွေ.....၊ ဆေးလိပ်ငွေ့ က ဖျက်နိုင်ပါ့မလား သူငယ်ချင်းရယ်..။
ဟောဒီ သစ်ပင်ထက်မှာ မှီတွယ်ခဲ့ တဲ့  သစ်ရွက်တွေ...
မြေပြင်အနှံ့ ကြွေနေတယ် သူငယ်ချင်း..။
ပြန်ဆက်လို့ မရတဲ့ ခွဲခွာခြင်း..ဝေးကွာမှု..။
ကြွေကျတဲ့သစ်၇ွက်နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ သစ်ရွက်တခုအတွက်...
ဒါမှမဟုတ်..ဝေးဝေးမှာကြွေလွင့်ပေးမှ ဆက်လက်တင့်တယ်လှပမယ့် အပင်အတွက်..။
ဝေးဝေးမှာ ကြွေပေးတာက ပိုကောင်းမှာပါ သူငယ်ချင်း..။
...........
...........
လွမ်းချင်ပေမယ့် မလွမ်းသင့်တော့တဲ့ အနေအထားပါ..။
ဒါပေမယ့် လွမ်းမိတယ်..။
.....
.....
“ ”
“ ဒီမြို့ ကျဉ်းကျဉ်းလေးလောက်ကို ဘ၀အဆုံး ကမ္ဘာ အဆုံးထင်နေတဲ့  ခင်ဗျားကို ၊ လောကကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ.. ကျနော် လက်တွေ့ ပြမယ်...ခင်ဗျား ကွယ်ရာကနေကျနော့်ကို ဘယ်တော့မှ ကြည့်ခွင့်မရအောင်..လက်တွေ့ ပြမယ်..ရှင်းရှင်းပြောရရင်..ခင်ဗျား ကျနော့်ကိုအလွမ်းပြေ ကြည့်ခွင့်မရှိအောင်ကို နေပြမယ်..”
ညီညီ

“ မောင်...အဗ္မပ္ပါလီ ကို သိတယ် မဟုတ်လား...တိုင်းပြည်က ပြည့်တန်ဆာလို့ သတ်မှတ်ထားတဲ့ သူလေ..
သူက ပြည့်တန်ဆာဖြစ်ပေမယ့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး သီတင်းသုံးဘို့  သူပိုင်မြေသရက်ခြံကို လှုပြီး ကောင်းမှုတခုလုပ်ခဲ့ တယ်မောင်...
ပါတ်ဝန်းကျင်ဆိုတာသိပ်ကြောက်စရာကောင်းတယ်..သူတို့ ထင်သလိုလူတယောက်ကို သတ်မှတ်ကြတယ်၊
မ...ဘာမှ မရှင်းချင်ဘူးမောင်..ယုံကြမှာလဲ မဟုတ်ဘူး..
သူတို့ ထင်သလို မ..ဟာပြည့်တန်ဆာ ဖြစ်ခဲ့ ရင်တောင် ..အဗ္မပ္ပါလီလို ကောင်းမှုတခုတော့ လုပ်ခဲ့ပါတယ် မောင်..အဲဒါက ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ချင်တဲ့  မောင့်ကို ကူညီနိုင်ခဲ့ တယ်..”
မော်မော်

..
..
ဘာမှ အဆင်မပြေတတ်တဲ့ ကောင်လေးတစ်ယောက်အတွက် ပြသနာနဲ့ ဝမ်းနည်းမှုက တန်းစီနေတတ်သည်..။ အယူအဆ ၊စိတ်ဓါတ် ၊ ယုံကြည်မှုတွေ ကပင် ကိုယ့်ကို လမ်းခွဲစေတာလားတော့ မပြောတတ်..။ ဒါပေမယ့် ကိစ္စမရှိ..။ ကိုယ့်အတွက်ကတော့ တိတ်တိတ်လေး ကျိတ်မှိတ်ခံစားခြင်းက အကျင့်ပင် ဖြစ်နေပြီ..။
ကိုယ့်သင်္ကေတ ကတော့ အမြဲ မျက်မှောင်ကုတ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားခြင်းက အဖော်ပင်..။
မိဘတွေမှာ ဘက်လိုက်တတ်တဲ့ စိတ်ဓါတ်မရှိပါဘူးလို့  ပြောသူများရှိခဲ့ လျှင် ကိုယ်ပြုံးပြလိုက်ချင်ပါတယ်...
နှုတ်ခမ်းတင်းတင်းစေ့ထားသော အပြုံးနဲ့ ပေါ့..။
ပန်းချီပညာမှာ အရောင်တွေကို အုပ်စု ၃စုခွဲထားသည်..။
အအေးရောင်အုပ်စု၊
အနွေးရောင်အုပ်စု၊
အပူရောင်အုပ်စု....။
မိဘတွေကများ သားသမီးတွေကို အရောင်အုပ်စု ခွဲမည်ဆိုရင် ကိုယ်ကတော့ အပူရောင် အုပ်စုမှာ
ထိပ်ဆုံးက ဖြစ်လိမ့် မည်..။
အပူရောင်တောင်မှ အီကွေတာ အပူ..။
ကိုယ်ကလဲ ပြတ်သားခွဲထွက်စေတတ်သော အပူရောင်ကို နှစ်သက်သည်..
အလင်းပြတ်ပြတ်
အနားစွန်းအလင်း..
ကိုယ်ပြချင်သော ပြကွက်တခုကို ဖျတ်ကနည်း ထိခတ်ပြတတ်သော အလင်းမျိုး။။
.....
ကိုယ်နှစ်သက်တတ်သော အလင်းပြချက်လေးတစ်ချက်ကြောင့်ပင် မွေးရပ်မြေ တခုကို တစ်သက်လုံးနီးပါး
စွန့် ခွာစေခဲ့သော ..အဖြစ်။
အံ့သြစရာကောင်းသည်က ဘ၀တခုလုံး ပျက်လွင့်ကြေမွစေခဲ့ သော လျှပ်တပျက် အလင်းရိုက်ချက်
မြင်ကွင်းက ဘယ်တော့မှ ဖျောက်မရ...။ မေ့မရ..။

ဆက်ပါဦးမယ်
သစ်နက်ဆူး
( ဘယ်သူ့ ကိုမှ ရင်ဖွင့်ခွင့်မရတော့တဲ့ ဇာတ်လမ်းလေးအတွက် သိမ်းထားစရာ နေရာလေးတခု...ရင်ဖွင့်စရာ နေရာလေးတခု တွေ့ ခဲ့ ပြီ မ..ရေ..၊ သေခြင်းတရားဆိုတာ ဘယ်အချိန်ဘယ်အခါ လာမယ်ဆိုတာ မသိပါဘူး...မောင်...သေသွားခဲ့ ရင်တောင်..ဟောဒီစာမျက်နှာလေးတွေမှာ မှတ်တမ်းလေးထားခဲ့ တယ်..မ
မောင့် ခံစားချက်တွေကို ဖြေခွင့်ပေးပါ..)

7 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဆက်ရန်ကို မျှော်နေမယ် ကိုဆူးရေ၊ အားပေးလျက်ပါ။

စူး said...

အကို...

မိဘတွေမှာ ဘက်လိုက်တဲ့ စိတ်ဓါတ်မရှိဘူးလို့ပြောခဲ့ရင်...
အဲလို အကိုရေးသလိုပါပဲ

ညီမလဲ အကို့လို နုတ်ခမ်းတင်းတင်းစေ့ရင်း ပြုံးသွားခဲ့ပါတယ်။

pandora said...

ရင်ဘတ်တခုထဲက စာမျက်နှာတမျက်နှာကို ဖွဖွလေးလှန်ဖတ်သွားပါတယ်။

သီဟသစ် said...

ကိုဆူးရေ
သီချင်းလေးနားထောင် လွမ်းမောစရာစာလေးဖတ်သွားပါတယ်ခင်ဗျာ

link အသစ်လေး ပြောင်းချိတ်လိုက်ပါပြီ

ခင်မင်စွာဖြင့်
သီဟသစ်

Moe Cho Thinn said...

တံခါးတချပ် ခဏ ဖွင့် လှပ်လိုက်တယ်။
ခံစားမှုတွေ တနင့်တပိုး မြင်လိုက်ရတယ်။

မေ့သမီး said...

အကို အရင်တုန်းက ရေးခဲ့ဖူးတဲ့ သူပုန်ဆိုတဲ့ ကဗျာလေးနဲ့ တပိုင်းတစပါတ်သက်နေမယ်ထင်တယ်နော်။

စူး said...

အကိုရေ..

ဘလော့လိပ်စာက မပြောင်းတော့ဘူး အလုပ်ရှုပ်လို့..နာမည်ပဲပြောင်းပီးဆက်သွားမှာပါ။

အကို ဆက်ရေးပါ။ တကဲ့ အဖြစ်အပျက်ကို မျှော်နေပါတယ်။
အကို အီးမေးလ်လိပ်စာပါ ပြောင်းလိုက်တာလား။

အွန်လိုင်းမှာမတွေ့တာကြာပီ။ တခါတလေ စကားပြောရအောင်လေ အကိုရာ..။